သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Migraine - ခေါင်းတခြမ်းကိုက်ရောဂါ


Migraine ခေါင်းကိုက်ရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်များလာနေပေမဲ့ ဒီရောဂါရှိနေမှန်း ခွဲခြားသိသူ နည်းနေသေးတယ်လို့ အထွေထွေရာဂါကု ဆရာဝန်တွေက ထောက်ပြကြပါတယ်။ ဒီရောဂါဟာ အမျိုးသမီးတွေမှာ ပိုဖြစ်ပြီး၊ ကလေးငယ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ Migraine ခေါင်းကိုက်ရောဂါနဲ့ အခြားခေါင်းကိုက်ရောဂါတွေကို ခွဲခြားသိနိုင်ဖို့ ဒီရောဂါရဲ့ ထူးခြားတဲ့ လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။ ဒါတွေကတော့ ခေါင်းတခြမ်းပဲကိုက်တာ၊ မျက်ရိုးကိုက်တာ၊ ဇက်ကြောထိုးတာ၊ နားထင်ကြောထိုးတာတွေဖြစ်ပြီး နားထင်ကိုသွေးဆောင့်တိုးသလို တဒိတ်ဒိတ်နဲ့ (သို့မဟုတ်) ခေါင်းကို သားရေကြိုးနဲ့ စည်းကြပ်ထားသလိုကွက်ပြီး ပြင်းပြင်းထန်ထန် ကိုက်ခဲလေ့ ရှိပါတယ်။ မနက်စောစော အိပ်ရာထချိန်မှာ ကိုက်လေ့ရှိပြီး၊ အလင်းရောင် မကြည့်ချင်တာ၊ ဆူညံသံ မကြားချင်တာ၊ အညှော်နံ့ မခံချင်တာ၊ ပျို့အန်တာတွေ ဖြစ်လေ့ရှိပါတယ်။ များသောအားဖြင့် ဒီရောဂါက ခဏသာဖြစ်ပြီး၊ အနားယူလိုက်ရင် သူ့ဟာသူ ပြန်ကောင်းသွားလေ့ရှိပါတယ်။

တိုက်ရိုက်ဖြစ်ရခြင်းအကြောင်းရင်းကို မသိသော်လဲ ဆက်စပ်ပတ်သက်ပြီး ဖြစ်နေတာတွေကိုတော့ သိထားသင့်ပါတယ်။ ဒါတွေကတော့ အချိုမှုန့် နဲ့ အစာကြာရှည်ခံ ဓာတုပစ္စည်းတွေပါတဲ့ အစားအစာတွေကို စားမိခြင်း၊ အပူချိန်မြင့်မားခြင်း၊ အလင်းရောင်စူးရခြင်း၊ ဆူညံ့ခြင်း၊ အနံ့ဆိုးခြင်း၊ အိပ်ရေးပျက်ခြင်း၊ အအိပ်လွန်ခြင်း၊ မနက်စာ မစားမိခြင်း၊ ကော်ဖီ (သို့မဟုတ်) ကိုကာကိုလာ အလွန်အကျွံသောက်ခြင်း၊ အရက် အထူးသဖြင့် ဝိုင်အနီအသောက်များခြင်း၊ စိတ်ဖိစီးမှုတွေဖြစ်ခြင်း နဲ့ ကလေးတွေဆိုရင် TV အကြည့်များခြင်း၊ ကွန်ပြူတာ Game ကစားများခြင်းတွေကြောင့် ဖြစ်ပါတယ်။ ဒီရောဂါရှိသူတွေအနေနဲ့ ဒီဆက်စပ်ဖြစ်တာတွေကို သတိပြုမိပြီး ရှောင်ရှားလျော့ပေါ့နိုင်ရင် ကာကွယ်နိုင်ပါတယ်။

တချို့ကတော့ ဒီရောဂါမဖြစ်ခင် မျက်လုံးထဲမှာ ပြာကနဲ၊ မိုက်ကနဲ အစင်းကြောင်းတွေ မြင်လာတာမျိုး၊ ဒါမှမဟုတ် ရေရှည်မကြာမကြာ ဖြစ်လာတာမျိုးအတွက်တော့ ကြိုတင် (သို့) ပုံမှန်ဆေးသောက်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ မီးယပ်သွေးပေါ်ချိန်မှာ ဒီရောဂါ ဖြစ်လေ့ရှိပါတယ်။ ကုသရာမှာ အကိုက်အခဲပျောက်ဆေးနဲ့ နောက်ပေါ် ဟော်မုန်းဆေးသောက်တာအပြင်၊ အစာပုံမှန်စားခြင်း၊ စိတ်ချမ်းသာအောင် အနားယူဖြေလျှော့ခြင်း၊ အားကစားလုပ်ခြင်း၊ တရားထိုင်ခြင်း၊ အလင်းမများတဲ့ အမှောင်ဖက်မှာနားနေခြင်း၊ စိမ်းစိုတာကြည့်ပေးခြင်း၊ ရေအေးပတ် ခေါင်းကိုတိုက်ပေးခြင်း၊ အေးချမ်းတဲ့နေရာမှာ နားနေခြင်း၊ အသာအယာ ခေါင်းကိုနှိပ်ပေးခြင်း၊ စိတ်ဖိစီးမှုနည်းအောင်နေခြင်း နဲ့ ကလေးတွေအတွက် TV ကြည့်တာနဲ့ ကွန်ပြူတာ Game ကစားတာတွေ လျှော့ပေါ့ခြင်း၊ ပန်းခြံတွေမှာ နားနားနေနေ ကစားခြင်းတွေနဲ့ ကုသပေးနိုင်ပါတယ်။

ဒီရောဂါဝေဒနာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG