သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေထပ်ပြိုမှု Global Witness တုန့်ပြန်


ဖားကန့်ကျောက်စိမ်းတွင်း စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့်ပိပြီး သေဆုံးသွားတဲ့ အလုပ်သမားတွေရဲ့ရုပ်အလောင်းတွေကို ရှာဖွေနေကြစဉ် (နိုဝင်ဘာလ၂၄ ရက် ၂၀၁၅)
ဖားကန့်ကျောက်စိမ်းတွင်း စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့်ပိပြီး သေဆုံးသွားတဲ့ အလုပ်သမားတွေရဲ့ရုပ်အလောင်းတွေကို ရှာဖွေနေကြစဉ် (နိုဝင်ဘာလ၂၄ ရက် ၂၀၁၅)

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စွန့်ပစ်မြေစာပုံပြိုကျမှု အန္တရာယ်အလွန်ကို ဆိုးရွာလာနေတာကြောင့် မြန်မာအာဏာပိုင်တွေအနေနဲ့ အခြေအနေတွေကို အရေးတကြီးကိုင်တွယ်ဖြေရှင်းပေးဖို့ Global Witness အဖွဲ့ကြီးကတိုက် တွန်းလိုက်ပါတယ်။နောက်တက်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရသစ်လက်ထက်မှာ ဖားကန့်ေကျောက်စိမ်းလုပ်ငန်းတွေကို ပြန်ပြီးမရတော့မှာ ကိုစိုးရိမ်နေကြတဲ့ ကုမ္ပဏီတွေဟာ လက်ရှိကျောက်စိမ်းတူးဖေါ်မှုတွေကို အဆပေါင်း များစွာမြှင့်တင်လုပ်ဆောင်လာတဲ့အတွက် အခြေ အနေတွေဆိုးရွား လာနေကြောင်း ဒေသခံတွေကဗွီအိုအေကို ပြောပါတယ်။ ဆက်သွယ်စုံစမ်း ထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။

ဖားကန့်ဒေသက ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းကုမ္ပဏီပေါင်း (၅၀၀)ကျော်ဟာ လက်ရှိသူတို့တူးဖေါ်တဲ့လုပ်ငန်းတွေမှာ ကြီးမားတဲ့ စက်ယန္တရားတွေနဲ့ အားပြင်းတဲ့ မိုင်းတွေကို အရှိန်အဟုန် နဲ့အသုံးပြုလုပ်ဆောင်လာ တာကြောင့် ဒေသခံတွေ အနေနဲ့ အသက်ဘေးအန္တရာယ်ကို ထိခိုက်လာမှာကို စိုးရိမ်မကင်းဖြစ်နေကြတာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ ရတနာရောင်ခြည် ကုမ္ပဏီပိုင် ကျောက်စိမ်းတွင်း မှာ မြေစာပုံထပ်ပြီးပြိုကျတဲ့အတွက် သေဆုံးသူဦးရေအတိအကျ မသိရသေးပေမဲ့ မြေပိသေဆုံးသူတချို့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လက ပဲ အဲဒီကျောက်စိမ်းတွင်းမှာ မြေပြိုကျလို့ လူပေါင်း (၁၁၀)ကျော်သေဆုံးခဲ့တာပါ။ အခုလို ဒေသခံတွေ မြေစာပုံပြိုကျတဲ့အန္တရာယ်တွေရင်ဆိုင်နေရတဲ့အခြေအနေနဲ့ပတ်သက်လို့ အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးကထုတ်ပြန်တဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ငန်းအကြောင်းအစီရင်ခံစာ ရေးသားသူ Juman Kubba ကဗွီအိုအေကိုပြောပါတယ်။

“ဒီအခြေအနေကိုကြည့်ရင် အချိန်ကိုစောင့်မနေပဲ အလျှင်အမြန်အရေးယူဆောင်ရွက်သင့်ပါတယ်။ နောက်ထပ်မြေပြိုကျတဲ့ဖြစ်ရပ်တွေ ထပ်ပြီးမမြင်ရဖို့၊ ဒေသခံပြည်သူတွေရဲ့အသံတွေကို နားထောင်ဖို့အရေးကြီးပါတယ်။ မြေပြိုကျမှုဟာ တရက်ခြားစီလိုဖြစ်နေတာပါ။ လူတွေအနေနဲ့လည်း ထိတ်လန့်နေကြပြီး အရေးယူဆောင်ရွက်တာလည်း မခံရပါဘူး။ ဒါကြောင့် ဒီပြသနာကိုစတင်ကိုင်တွယ်ဖို့ဆိုရင် ဒီမြေစာပုံပြိုကျမှုတွေကိုဖြစ်ပေါ်စေတဲ့ ကျောက်စိမ်းတူးဖေါ်တဲ့လုပ်ငန်းတွေရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေသလဲဆိုတဲ့ စုံစမ်းဖေါ်ထုတ်ဖို့အရေးကြီးပါတယ်။”

အခုလို ကျောက်စိမ်းတူးဖေါ်ရေးကုမ္ပဏီတွေက ဒီရက်ပိုင်းတွေအတွင်း အင်အားအလုံးအရင်းသုံးပြီး တူးဖေါ်ရေး လုပ်လာတဲ့အတွက် ဒေသခံတွေကလည်း မနေ့က စတင်ဆန္ဒပြခဲ့ကြပါတယ်။ ဒီအခြေအနေတွေကို ထိန်းနိုင်ဖို့ဆိုရင်ကျောက်စိမ်းတူးဖေါ်တဲ့လုပ်ငန်းကို စနစ်တကျထင်သာမြင်သာနဲ့ စီမံခန့်ခွဲအုပ်ချုပ်ဖို့လိုအပ်နေကြောင်းလည်း Juman Kubba ကပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်ကလည်း ဒေသခံပြည်သူ (၅၀၀၀) နီးပါးလောက်ပါဝင်တဲ့ ဖါးကန့်ကျောက်စိမ်းတူးဖေါ်ရေးကို ဆန့်ကျင်တဲ့ အဓိကဆန္ဒပြပွဲကြီးဖြစ်ခဲ့တာကို ကျမတို့တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူတို့လိုလားချက်တွေကို ဖြေရှင်းဆောင်ရွက်ပေးမယ့်အစား ဖားကန့်မှာ အခြေအနေတွေဟာ ဆိုးရွားသထက်ဆိုးရွားလာပါတယ်။ ဒါကြောင့် မြန်မာအာဏာပိုင်တွေအနေနဲ့ အဲဒီဒေသမှာ လတ်တလောဘာတွေဖြစ်နေသလဲဆိုတာ အရေးတကြီးသုံးသပ်ပြီး ကျောက်စိမ်းတူးဖေါ်တဲ့လုပ်ငန်းကို စီမံခန့်ခွဲအုပ်ချုပ်ဖို့ မဟာဗျူဟာချမှတ်ဖို့ လိုအပ်ပါတယ်။”

၂၀၁၆ခုနှစ် ဧပြီလမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရ တရားဝင်အာဏာမယူခင် အချိန် လက်ကျန် လပိုင်းတွေအတွင်း လက်ရှိအစိုးရတာဝန်ရှိသူတွေ၊ ခရိုနီစီးပွားရေးသမားတွေနဲ့၊ မြန်မာစစ်တပ်ကတာဝန်ရှိသူတွေ အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေဘက် က သူတို့ရဲ့လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး အိမ်နီးချင်းတရုတ်နိုင်ငံက လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး အင်နဲ့အားနဲ့ ကျောက်စိမ်းတွေကို တူးဖေါ်ယူနေကြတာဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ဖားကန့်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အကျိုးတူပူးပေါင်းလုပ်နေကြတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ တော်တော်များများရှိတယ်။ တချို့ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေဆိုရင် အခုရွေးကောက်ပွဲမှာ အနိုင်ရတာသိပ်မပါဘူးဆိုတော့ နောက်တက်လာမယ့်အစိုးရလက်ထက်မှာ သူတို့ရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ်မှာ အတော်လေးကို စိုးရိမ်မကင်းဖြစ်နေကြတယ်။ အစိုးရသစ်လက်ထက်မှာ သူတို့လုပ်ငန်းတွေကို ပြန်ပြီးမရတော့မယ့်အနေအထားပေါ်မှာ စိုးရိမ်နေတာပေါ့။ နောက်ပိုင်းမှာလည်း အခုလို စက်ယန္တာရားကြီးတွေနဲ့ လုပ်ခွင့်မရတော့မယ့်အနေအထားပေါ်စိုးရိမ်နေတာတွေကြောင့် အခုလို တူးဖေါ်နေကြတာဖြစ်တယ်။”

ဖားကန့်ဒေသက ကျောက်စိမ်းလုပ်ငန်းအခြေအနေတွေအပါအဝင်မြန်မာနိုင်ငံရဲ့ သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် အစီရင်ခံစာ တစောင်ကို အခုလာမယ့်သတင်းပတ်မှာEITI (ခေါ်) သယံဇာတထုတ်ယူမှု ပွင့်လင်း မြင်သာမှု အဖွဲ့ကြီးကထုတ်ပြန်မှာဖြစ်ပါတယ်။ ဒီအစီရင်ခံစာ ဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးပါလိမ့်မယ်လို့ Juman Kubba ကပြောပါတယ်။

XS
SM
MD
LG