သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှိန်ပိုမြင့်လာနေတဲ့ ဖားကန့် ကျောက်စိမ်းလုပ်ငန်း


ဖားကန့် ကျောက်စိမ်း လုပ်ငန်းခွင်နဲ့ စွန့်ပစ် မြေစာပုံ။
ဖားကန့် ကျောက်စိမ်း လုပ်ငန်းခွင်နဲ့ စွန့်ပစ် မြေစာပုံ။

ဒီနှစ် ပွင့်လင်းရာသီမှာ ကချင်ပြည်နယ် ကျောက်စိမ်းတူးဖော်ရေးအတွက် မြေစာသယ်ကားအများအပြားကို ဖားကန့်ဒေသဖက်ကို ပို့ဆောင်နေသလို လက်ရှိအစိုးရရဲ့ လက်ကျန် သက်တမ်းကာလအတွင်းမှာ ကျောက်စိမ်းတူးဖော်တာတွေကို အရင်နဲ့ မတူဘဲ အလွန်အကျွံတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒီလို တူးဖော်တာရဲ့နောက်ဆက်တွဲအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်တာနဲ့ ယာဉ်အသွားအလာတွေမှာ မတော်တဆထိခိုက်တာတွေလည်း ပိုများလာနေတယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖားကန့်ဒေသတွင်း ကျောက်စိမ်းတူးဖော်တာဟာ မိုးရာသီကုန်ဆုံးချိန် ပွင့်လင်းရာသီမှာ အင်တိုက်အားတိုက်ပိုမို လုပ်ဆောင်လေ့ ရှိတာပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ စက်ယန္တရား တင်သွင်းတာတွေ တူးဖော်ထုတ်လုပ်တာတွေဟာ ပိုမိုမြင့်တက်လာနေတယ်လို့ ဒေသခံမျက်မြင်တွေ ရှိသူတွေက ပြောကြပါတယ်။

လက်ရှိ ဖားကန့်ဒေသတွင်း အခြေအနေ ကို ဖားကန့်ဒေသခံတယောက်က အခုလို ပြောပါတယ်။

“လက်ရှိကတော့ ဟုတ်ပါတယ်ခင်ဗျာ။ သူတို့အင်နဲ့အားနဲ့ အခု လက်ကျန်အချိန်လေးမှာ သူတို့ရသလောက် အဲဒါကတော့ အင်တိုက်အားတိုက်လုပ်နေကြတယ်ခင်ဗျာ။ ကားတွေလည်း တော်တော်ဝင်လာတယ်ခင်ဗျ။ မြစ်ကြီးနားကနေလေ။ ကားကြီးတွေ လေ အခု မြေသယ်ကားတွေ ဘာညာ အလုပ်လုပ်ဖို့ကားတွေကလည်း လမ်းကြောင်းက တော်တော်ဝင်လာတယ်ခင်ဗျ။ အဲဒါကတော ဟုတ်တယ်ခင်ဗျ။ ဆက်တိုက်လုပ်တယ်။”

ဒေသခံ အလွတ်တန်း သတင်းထောက်တဦးဖြစ်တဲ့ ကိုဇော်မိုးထက်ကတော့ တရက် တရက်ကို မြေသယ်ကား အစီးရေ ၅၀ ကျော်လောက် ဝင်ရောက်လာနေတယ်လို့ ပြောပါတယ်။

“အဓိကကတော့ ကျောက်စိမ်းလုပ်ငန်းအတွက်သုံးဖို့ မြေစာသယ်မယ့်ကားများတယ်ခင်ဗျ။ နေ့စဉ်နဲ့အမျှ ၅၀၊ ၆၀၊ ၁၀၀ ပေါ့ဗျာ။ အဲဒီလိုမျိုးကြီးတွေ ဝင်နေတာကြီးက ကျနော်တို့ မျက်စိရှေ့တင်ဗျ။ ဒါတွေကို ကျနော်တို့ တရက်ကို ဘယ်နှစ်စီး ဝင်ပါတယ်ဆိုတာက စာရင်းအတိအကျ ပြုစုထားတဲ့လူတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် သေချာတာကတော့ ကျနော်တို့ရှေ့မှာ ဒါတွေနေ့စဉ်နဲ့အမျှ ဝင်နေတဲ့ကိစ္စကိုတော့ ကျနော်တို့ မလွဲမသွေ ပြောလို့ရတယ်ခင်ဗျ။ ဘယ်လောက်လောက်ကြာပြီလဲဆို ပွင့်လင်းရာသီကတည်းကဆိုပါတော့။ ပွင့်လင်းရာသီက ၁၀ စီး တက်လာလိုက်၊ ၁၅ စီးတက်လာလိုက်၊ အစီး၂၀ တက်လာလိုက်၊ ဒီရက်ပိုင်းကျတော့ သူတို့ အဲဒီလိုမျိုး အစီး ၅၀၊၆၀၊ ၁၀၀၊ ၂၀၀ အဲလိုမျိုးတွေ သွင်းတာပေါ့ဗျာ။ နေ့စဉ်နဲ့အမျှ တရက်မှ မပျက်ဘူးလို့ ကျနော်တို့ပြောလို့ရတယ်။”

အခုလို တူးဖော်နေတာဟာ အစိုးရလက်ကျန် သက်တမ်းမကုန်ဆုံးမီ ရသလောက် ထုတ်ယူနေတယ်လို့လည်း ဒေသခံတွေက ရှုမြင်ကြပါတယ်။

“ပွင့်လင်းရာသီရောက်တဲ့အချိန်မှာ သတ္တုတူးလုပ်ငန်းအတွက် ယာဉ်တွေတင်သွင်းတာတွေ ၊ အသစ်တွေ ဝယ်ယူပြီးတော့ တင်သွင်းတာတွေတော့ရှိတယ်။ ဒါပေမယ့် ဒီနှစ်မှာက သိသိသာသာကြီးကိုပေါ့နော်၊ အရမ်းများလွန်းနေတယ်။ အဲဒါဘယ်လိုသဘောကြောင့်လဲပေါ့နော်။ အဓိကတော့ ကျနော်တို့ယူဆတာကတော့ လက်ကျန်အစိုးရ သက်တမ်း ၃ လအတွင်းမှာပေါ့နော် သူတို့တကယ်ကိုပေါ့နော်။ လုပ်နိုင်သလောက်ကို လုပ်လို့ရအောင် အားသွန်ခွန်စိုက်လုပ်မယ်လို့ ကျနော်တို့ ယူဆတယ်၊ မြင်တယ်ဗျာ။ အဲတော့ လက်ရှိအနေအထားကို အဲလိုမျိုးလုပ်နေတဲ့အခါကျတော့ ဒေသခံတွေကလည်း အဲဒီအပေါ်မှာ သဘာ၀ ပတ်ဝန်းကျင်ပျက်စီးတာကော၊ ဒီလို အလွန်အကျွံလုပ်တာကောကို ရှင်းရှင်းပြောရရင် ကျေနပ်မှုလည်းမရှိကြဘူး၊ မနှစ်မြို့ကြဘူး။ နောက်ပြီးတော့ ဒီလိုမျိုးတွေ အရမ်းကြီးလုပ်တဲ့အတွက်ပေါ့နော်၊ အခုဆိုရင် လူသေမှုတွေ ခဏ ခဏကြုံခဲ့တယ်။ ဆက်တိုက်ဆက်တိုက်ဖြစ်နေတယ်။”

အခြားဒေသခံတယောက်ကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဦးသိန်းစိန် အစိုးရလက်ထပ်မှာ သက်တမ်းတိုးထားတဲ့ပုံအရ အခုလာမယ့်အစိုးရလက်ထပ်မှာ သက်တမ်းကုန်ဆုံးတော့မယ်ဆိုရင် လာမယ့်အစိုးရလက်ထဲမှာ အာဏာမလွှဲပြောင်းခင်မှာ သူတို့ရတဲ့ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကို အပြည့်အ၀ အသုံးချသွားတာ ပြောမယ်ဆိုရင်တော့။ ဘယ်သူ့ကိုထိထိ၊ ဘယ်ကိုပဲပေးပေး၊ ဘယ်သူက ဘာလုပ်လုပ် သူတို့ရပိုင်ခွင့်တိုင်းတာတဲ့၊ သူတို့ သက်တမ်းတိုးထားတဲ့အတိုင်းအတာအတွင်းမှာ မပြီးပြီးအောင်သူတို့လုပ်သွားမှာ။ မရ ရသလောက်ပေါ့ဗျာ။ ပေ ၁၀၀ အနက်ကိုတူး၊ ရသေးတယ်ဆိုရင် နောက်ထပ် တူးမှာ၊ သက်တမ်းမကုန်မချင်းအဲလိုမျိုးပေါ့။ အန္တရာယ်ဖြစ်တာမျိုးကို သူတို့နားမလည်ဘူး။ အရင်တုန်းက ဆိုလို့ရှိရင် စက်တူးဆိုရင် အသေးစား၊ အလတ်စား အဲလိုအရွယ်ကမှ ၊ အခု အင်အားကြီးမားတဲ့ ၂ ဆ၊ ၃ ဆ လောက်ကြီးတဲ့ စက်တူးတွေနဲ့ ကားကြီးတွေဆိုလည်း ကားဘီး ၁ ဘီးကို ၁၅ ပေလောက်မြင့်တဲ့ ဘီးကြီးတွေရှိတဲ့ အဲဒီလိုမျိုး ကားဘီး တွေနဲ့လည်း မြေသယ်ကားတွေလုပ်နေကြတယ် သူတို့က။"

ဒီရက်ပိုင်းတွေအတွင်း ကျောက်စိမ်းတူးဖော်ရာက ထွက်ရှိတဲ့ မြေစာတွေကို ဥရုချောင်းအတွင်း စွန့်ပစ်တာတွေလည်း ရှိနေတယ်လို့ ဆက်ပြောပါတယ်။

“ဥရုချောင်းရှင်းလင်းရေး ၊ ရေစီးရေလာကောင်းမွန်ရေး ကျနော်တို့ ဒီက NGO အဖွဲ့အစည်းတွေပေါ့ဗျာ။ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းတွေ မြို့နယ်အထောက်အကူတွေ၊ ကျေးလက်အထောက်အကူတွေ၊ ရပ်ရွာအထောက်အကူတွေ၊ ရပ်မိရပ်ဖတွေ အားလုံးစုပေါင်းပြီးတော့ အသင်းအဖွဲ့တွေနဲ့ပေါ့ ကျနော်တို့အားလုံးစုပေါင်းပြီးမှ ၊ သတင်းမီဒီယာအဖွဲ့တွေ လုပ်ငန်းရှင်တွေ အကုန်လုံးနဲ့ ပေါင်းစုပြီးမှ ကျနော်တို့ ဟိုတနေ့က အစည်းအဝေးလုပ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်ကျော်ကျော်လောက်တုန်းက။ ကျနော်တို့ ဒီ ဥရုချောင်းထဲကို မြေစာတွေ မသွန်ပါနဲ့ဆိုပြီးမှ ကျနော်တို့ ဒီ NGO အဖွဲ့အစည်းတွေ သွားပြီးတားပါတယ်။ ကုမ္ပဏီကိုလည်းပြောတယ်။ ကုမ္ပဏီက လက်မခံဘူး၊ ကျနော်တို့နေ့တိုင်းသွားပြောတယ်။ သူတို့က ညမှာ ခိုးသွန်လိုက်တယ်။ ကျနော်တို့ကတော့ ညမှာတော့ မကြည့်နိုင်ဘူးဗျ။ အဲဒီလိုမျိုးတွေရှိတယ်။”

လက်ရှိ မြေသယ်ကားတွေ ကျေးရွာနဲ့ လူနေရပ်ကွက်တွေတွင်း ဖြတ်သန်းလို့ ဒေသခံတွေထိခိုက်တာနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်တာတွေကို အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူဆောင်ရွက် သင့်တယ် လို့လည်း ဖားကန့်ဒေသခံတွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့လအတွင်းက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုအတွင်းက စွန့်ပစ်မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ အတော်များများ မြေပိသေဆုံးခဲ့ပါတယ်။ ဒီလို သေဆုံးသူတွေကို ပြန်လည်တူးဖော်ရှာဖွေရာမှာ အလောင်း ၁၁၄ လောင်းတူးဖော်ရရှိခဲ့ပေမဲ့ ဒေသခံတွေတော့ လူ ၂၀၀ လောက်သေဆုံးနိုင်ကောင်း ခန့်မှန်းထားပါတယ်။

XS
SM
MD
LG