သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသားဖြစ်မှုဥပဒေ ပြင်ဆင်ဖို့ HRW တိုက်တွန်း


မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာမူဆလင်တွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားတဲ့ ဥပဒေကို ပြန်ပြင်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုထားတဲ့အတိုင်း လုပ်ပေးသင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုက သမ္မတထံ စာရေးတောင်းဆိုလိုက်ပါတယ်။

Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက မြန်မာ သမ္မတ ဦးသိန်းစိန်ထံ ဒီနေ့ပို့လိုက်တဲ့စာထဲမှာ ၁၉၈၂ မြန်မာနိုင်ငံသားဖြစ်မှုဥပဒေ ကို ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မနှစ် ဒီဇင်ဘာလ ၂၉ ရက် ဆုံးဖြတ်ချက်အတိုင်း ပြင်ဆင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အခုလို ပြင်ဆင်ပေးလိုက်ရင် ဒီနိုင်ငံသားဖြစ်မှု ဥပဒေအနေနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ညီသွားပြီး၊ ရိုဟင်ဂျာမူဆလင်တွေကိုလည်း ခွဲခြားဆက်ဆံရာ မရောက်တော့ဘူးလို့ ဒီလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထောက်ပြလိုက်ပါတယ်။

ဒီလူ့အခွင့်အရေးအဖွဲ့ကပဲ မြန်မာနိုင်ငံမှာ တက်လာခဲ့တဲ့ အစိုးရအဆက်ဆက်အနေနဲ့ ဒီဥပဒေကိုသုံးပြီး ရိုဟင်ဂျာလူဦးရေ စုစုပေါင်း ခန့်မှန်းချေ ၈ သိန်းကနေ ၁.၃ သန်းအထိကို တိုင်းရင်းသား ၁၃၅ မျိုးထဲကနေ ဖယ်ထားကာ နိုင်ငံသားဖြစ်ခွင့် ငြင်းဆန်လာခဲ့တယ်လို့ ဒီစာထဲမှာ ထောက်ပြထားပါတယ်။

ဒါ့အပြင် ဒီခွဲခြားဆက်ဆံမှုရှိတဲ့ ဥပဒေကြောင့် ရိုဟင်ဂျာမူဆလင်တွေ နိုင်ငံသားငြင်းပယ်ခံရတာအပြင်၊ သူတို့အပေါ် လူအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်လာအောင် အားပေးထားတယ်လို့ ဒီလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှဆိုင်ရာ ဒါရိုက်တာ Brad Adams က ထောက်ပြလိုက်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက လူ့အခွင့်အရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက်ဆိုရင် ဒီဥပဒေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ညီအောင် ပြင်ဆင်ရေး ကမ္ဘာ့ကုလသမဂ္ဂကို အကူအညီတောင်း လုပ်ဆောင်သင့်တယ်လို့ ဒီလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက အကြံပြုထားပါတယ်။

XS
SM
MD
LG