သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြကျောင်းသားတွေအပေါ် ဖြိုခွင်းမှု စစ်အုပ်ချုပ်ရေးခေတ် ပြန်ရောက် HRW ဝေဖန်


မြန်မာကျောင်းသားဆန္ဒပြသူတွေအပေါ် မြန်မာလုံခြုံရေး တပ်တွေအနေနဲ့ အင်အား အလွန်အကျွံ သုံးခဲ့တာအတွက် စုံစမ်းစစ်ဆေး အရေးယူမှုတွေ ပြုလုပ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

အမေရိကန် အခြေစိုက် Human Rights Watch (ခေါ်) လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက အခုလို လိုအပ်တာထက် အလွန်အကျွံ အင်အားသုံးတာဟာ အတိတ်ကာလဆိုးကို ပြန်သွားသလိုဖြစ်တာမို့၊ ရှေ့မှာ အခုလို လုံးဝ ဆက်မဖြစ်အောင် အစိုးရအနေနဲ့ တာဝန်ခံသင့်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ Brad Adams ကို ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။

HRW လို့ အတိုကောက်ခေါ်တဲ့ ဒီလူ့အခွင့်အရေးအဖွဲ့က ကြေညာချက်ထုတ်ရာမှာ မြန်မာရဲတွေနဲ့ အရပ်ဝတ် လူမိုက်တွေက ကျောင်းသားဆန္ဒပြသူတွေကို မကြာခင် ရက်တွေအတွင်း အလွန်အကျွံ အင်အားသုံး ဖြိုခွင်းခဲ့တာဟာ အရင် စစ်အုပ်ချုပ်ရေးခေတ် အတိတ်ဆိုးကို ပြန်သွားသလို ဖြစ်နေတယ်လို့ ဝေဖန်ရှုတ်ချလိုက်ပါတယ်။

ဒီလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒါရိုက်တာ Brad Adams က သူ့အဖွဲ့အနေနဲ့ အဓိက တောင်းဆိုလိုတာကို အခုလို ရှင်းပြပါတယ်။

“လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အင်္ဂါနေ့က ကျောင်းသားတွေကို တိုက်ခိုက်ခဲ့တာကို စုံစမ်းစစ်ဆေးပေးပါ။ ဒီလိုဖြစ်ခဲ့တာက အရင်နည်းတွေအတိုင်း ရဲတွေနဲ့ လက်ရုံးတပ်တွေက လုစုလူဝေးတွေကို ဝင်ရိုက်တဲ့ခေတ်ကို တကယ့်ကို ကြောက်စရာကောင်းအောင် ပြန်သွားနေတာပါ။”

Brad Adams က ဆက်ပြီး အခုလို အရင်ပုံစံအတိုင်း ခေတ်ဟောင်းကို ပြန်သွားသလို ဖြစ်တာက လက်ရှိ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေနိုင်တယ်။ ဒါ့အပြင် ကျောင်းသားတွေ အခုလို ဆန္ဒပြတာက အစိုးရဘက်ကနေ အခုလို နှိမ်နင်းဖို့ စိုးရိမ်ရလောက်အောင် အရင်လို အင်အားကလည်း မများဘူးလို့ ဆက်ထောက်ပြပါတယ်။

“ကျောင်းသားတွေအနေနဲ့ အစိုးရကိုဖြုတ်ချပစ်မဲ့ အနေအထားမျိုးမှာ မရှိပါဘူး။ ၁၉၈၈ တုန်းကလိုမျိုး ပြန်ဖြစ်ဖို့ မရှိပါဘူး။ လမ်းပေါ်က အရေအတွက်က ထောင်နဲ့သောင်းနဲ့ချီပြီး များတာမဟုတ်ပါဘူး။ ရာအနည်းငယ်ချီပြီးပဲ ရှိတာပါ။ ဘာကြောင့်မို့ ရဲတွေကို အခုလို ကျောင်းသားတွေကို ရိုက်နှက်ဖြိုခွဲပစ်ဖို့ အတည်ပြုပေးခဲ့တယ်ဆိုတာ နားလည်ဖို့ အရမ်းခက်နေပါတယ်။”

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နဲ့ မတ်လ ၅ ရက်က ဆန္ဒပြပွဲတွေထဲမှာ လက်ရုံးတပ်လို့ခေါ်တဲ့ အရပ်ဝတ် လူမိုက်တွေကို သုံးခဲ့တာက အတိတ် ၂၀၀၇ ခုနှစ်က သံဃာတော်တွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေကို ပြန်သတိရစေတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ဆက်ထောက်ပြပါတယ်။ Brad Adams ကပဲ အခုလို တရားမဝင် အင်အားသုံးခဲ့တာကို ထောက်ပြပြီး၊ တရားဝင်အောင် အခုလို ပြုပြင်ပြောင်းလဲသင့်တယ်လို့ ဆိုပါတယ်။

“ဒါကတော့ လုံးဝ တရားမဝင် လုပ်ရပ်တွေ ဖြစ်သွားတဲ့ နေ့တနေ့ပါ။ တရားဝင်အောင် လုပ်ချင်ရင်တော့ ရဲတွေကိုပဲ သုံးပါ။ ရဲတွေအနေနဲ့ လူစုလူဝေး စီမံခန့်ခွဲရာမှာ နိုင်ငံတကာ စံတွေအတိုင်း လုပ်ရာမှာ သေနတ်နဲ့ အင်အားကို တတ်နိုင်သရွေ့မသုံးဘဲ ဖြေရှင်းသင့်ပါတယ်။”

ဒါ့အပြင် ဒီလူ့အခွင့်အရေးအဖွဲ့ရဲ့ ကြေညာချက်ထဲမှာလည်း ကုလသမဂ္ဂရဲ့ အင်အားသုံးမှုနဲ့ သေနတ်လက်နက်သုံးမှု စံတွေကို ရှင်းပြထားပါတယ်။ ဒီစံတွေထဲမှာ ဥပဒေစိုးမိုးရေး အရာရှိတွေအနေနဲ့ အကြမ်းမဖက်တဲ့နည်းတွေကို အတတ်နိုင်ဆုံးသုံးပြီးမှ အင်အားသုံးသင့်တယ်။ အင်အားသုံးဖို့ မလွဲမရှောင်သာ ဖြစ်လာရင်လည်း ရင်ဆိုင်ရတဲ့ အန္တရာယ် ကြီးမားမှု အတိုင်းအဆထက် မလွန်ကျွံအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ရမယ်လို့ ဆိုထားတာကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထောက်ပြထားပါတယ်။ ဒီအဖွဲ့ရဲ့ ဒါရိုက်တာ Brad Adams ကလည်း အခုလိုဖြစ်ရပ်ကြောင့် နိုင်ငံတကာဘက်က အထူးသဖြင့် ဥရောပသမဂ္ဂအနေနဲ့ မြန်မာရဲအရာရှိတွေကို ပေးနေတဲ့ သင်တန်းတွေအပေါ် မေးခွန်းထုတ်စရာတွေ၊ ထိခိုက်စရာတွေ ဖြစ်လာနိုင်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ Brad Adams က ဆက်ပြီး တကယ်လို့ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းအနေနဲ့ အခုလို ဖြစ်ရပ်ကြောင့် နိုင်ငံတကာမှာ ဝိုင်းဝေဖန်တာ ထိခိုက်မှာကို စိုးရိမ်မယ်ဆိုရင် ပြင်ဆင်ဖို့အတွက် အခုလို အခွင့်အလမ်း ရှိတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

“သူတို့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ အလေးအနက်လုပ်ပြီး တာဝန်ရှိခဲ့သူတွေကို အလုပ်ဖြုတ်ပစ်တာတွေ၊ မလိုအပ်ဘဲ ဆန္ဒပြသူတွေအပေါ် အင်အားသုံးခဲ့သူတွေကို အရေးယူတာတွေ လုပ်ပြရင်တော့ ဒီဖြစ်ရပ်ဆိုးကို အကျိုးဖြစ်အောင် ပြောင်းပစ်နိုင်ပါတယ်။ ခုလိုလုပ်ရင် ပြုပြင်ပြောင်းလဲရေးအပေါ် သက်ဝင်ယုံကြည်တာကို ပြတာပေါ့လေ။”

အခုလို မြန်မာအစိုးရအနေနဲ့ ကျောင်းသားဆန္ဒပြမှုအပေါ် အလွန်အကျွံ အင်အားသုံးမှုကို ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန်အစိုးရ၊ အီးယူ ဥရောပသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့တို့ကလည်း ဝေဖန် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ သမ္မတ ဦးသိန်းစိန်အနေနဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ဖြစ်ခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲ ထောက်ခံတဲ့ ဆန္ဒပြပွဲမှာ ဖြစ်ခဲ့မှုအတွက် ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီတပတ် အင်္ဂါနေ့မှာဖြစ်ခဲ့တဲ့ လက်ပံတန်း တိုက်ခိုက်မှုအတွက်တော့ စုံစမ်းရေးကော်မရှင် မဖွဲ့ရသေးပါဘူး။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒါရိုက်တာ Brad Adams ကတော့ အရေးကြီးတာက နောက်တခေါက် အခုလို ထပ်မဖြစ်အောင် သမ္မတနဲ့ ပြည်ထဲရေးဝန်ကြီး အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေက ကတိကဝတ် ပေးသင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG