သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hubble အာကာသကြည့်မှန်ပြောင်းကြီး ၂၅ နှစ်ပြည့်


၂၀၀၂ ခုနှစ်အတွင်းက ကမ္ဘာပတ်လမ်းကြောင်းထဲမှာ Hubble အာကာသကြည့်မှန်ပြောင်း လှည့်ပတ်နေစဉ်။
၂၀၀၂ ခုနှစ်အတွင်းက ကမ္ဘာပတ်လမ်းကြောင်းထဲမှာ Hubble အာကာသကြည့်မှန်ပြောင်း လှည့်ပတ်နေစဉ်။

Hubble အာကာသကြည့် မှန်ပြောင်းကြီး ကမ္ဘာပတ်လမ်းကြောင်းထဲ ရောက်နေတာ ဒီကနေ့ ဧပြီလ (၂၅) ရက်နေ့မှာ (၂၅) နှစ်ပြည့်သွားပါပြီ။ Discovery အာကာသ ယာဉ် သယ်ဆောင်သွားပေးတဲ့ Hubble အာကာသကြည့် မှန်ပြောင်းကြီးကို အာကာသထဲမှာ အောင်အောင်မြင်မြင် ထားနိုင်ခဲ့ပြီးကတည်းက စကြဝဠာကြီးနဲ့ ပတ်သက်တဲ့ အင်မတန်မှတန်ဖိုးရှိတဲ့ ဓါတ်ပုံတွေကို ကမ္ဘာမြေကို ပြန်ပို့ပေးခဲ့ ပါတယ်။

Hubble ကြောင့်ပဲ စကြဝဠာထဲမှာရှိတဲ့ ဂြိုလ်တွေ၊ ကြယ်တွေ၊ ကြယ်စုတွေ၊ နဂါးငွေ့တန်းတွေ၊ နေအဖွဲ့အစည်းရဲ့ အကြောင်းတွေကို လူသားတွေ ပိုပြီး သိရှိ နားလည်နိုင်ခဲ့ကြတယ်လို့ အမေရိကန် အာကာသနဲ့ သိပ္ဂံစူးစမ်းရေးဌာန NASA ကပြောပါတယ်။ Hubble အာကာသကြည့် မှန်ပြောင်းကြီး မရှိခင်တုန်းက စကြဝဠာကြီးရဲ့သက်တမ်းကို နက္ခတ္တဗေဒပညာရှင်တွေက ခန့်မှန်းခြေပဲ တွက်ဆနိုင်ခဲ့ကြပေမယ့် Hubble မှန်ပြောင်းကြီးကြောင့် မိုင်ပေါင်း သန်းချီ အဝေးမှာ ရှိတဲ့ ကြယ်တွေရဲ့တောက်ပမှုကို သိပ္ဂံပညာရှင်တွေက တွက်ချက်နိုင်ခဲ့ပြီး စကြဝဠာကြီးရဲ့ သက်တမ်း နှစ်ပေါင်း ၁၄ ဘီလျံလောက်ရှိပြီလို့ အနီးစပ်ဆုံး ပြောနိုင်ခဲ့ကြပါတယ်။

Hubble အာကာသကြည့် မှန်ပြောင်းကြီးဟာ နက္ခတ္တဗေဒပညာရှင်တွေအတွက် အသုံးဝင်တဲ့ ပစ္စည်းတခုတင်မဟုတ်ဘဲ လူသားအားလုံးရဲ့ အဝေးကြည့် မှန်ပြောင်းကြီးတခုဖြစ်တယ်လို့ ၂၅ နှစ်ပြည့် အထိမ်းအမှတ် NASA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ Hubble မှန်ပြောင်းကြီးကို ကမ္ဘာပတ် လမ်းကြောင်းထဲမှာ ထားနိုင်ခဲ့တဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ် အထူးပြပွဲတွေ၊ အထူးအစီစဉ်တွေကို အမေရိကန်နိုင်ငံတဝန်းမှာရှိတဲ့ အာကာသဆိုင်ရာ ပြတိုက်တွေမှာ ဒီကနေ့ ကျင်းပကြပါတယ်။ NASA ရဲ့ Website ပေါ်မှာလည်း Hubble ကနေ ရိုက်ကူးပြီး ကမ္ဘာကို ပြန်ပို့ထားတဲ့ ဓါတ်ပုံတွေ၊ Video တွေ ကို အထူးတလည် ပြသ ရှင်းပြထားပါတယ်ရှင်။

XS
SM
MD
LG