သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ မြန်မာလှုပ်ရှားသူတွေအမြင်


Human Rights Day 2015
Human Rights Day 2015

နောက်အစိုးရသစ်တက်လာမယ်ဆိုရင် လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်နိုင်မှု စွမ်းအားတွေကို ပြန်လည်သုံးသပ်ပြီးတော့ ပြုြုပင်ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ယူဆတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကိုအပြည့်အဝအာမခံတဲ့ ဥပဒေမျိုး ပြဌာန်းနိုင်ခြင်း မရှိသေးတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လည်း ဖေါ်ထုတ်အရေး ယူနိုင်တဲ့အခြေအနေ အားနည်းနေသေးတယ်လို့ ဒီကနေ့ ဒီဇင်ဘာလ (၁၀)ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ မြန်မာ့လူ့အခွင့်အရေးဦးဆောင်လှုပ်ရှားနေသူတွေက ဗွီအိုအေကို ပြောပါတယ်။

ဒါအပြင် NLD ဦးဆောင်မယ့် အစိုးရသစ်တက်လာချိန်မှာ လက်ရှိ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်လို့ လည်း လူ့အခွင့်အရေးပညာပေးသူများကွန်ယက် ဦးဆောင်သူတဦးက ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာလူ့အခွင့်ရေးနေ့ ဆောင်ပုဒ်ကတော့“Our Rights, our freedoms, Always!” အခွင့်အရေးနဲ့ လွတ်လပ်မှုဟာ ထာဝရအတွက်ပါ ဆိုပြီး သတ်မှတ်ထားပါတယ်။ လူ့အခွင့်အရေးမှာ လွတ်လပ်မှုဟာ အဓိကဖြစ်တာကြောင့် ဒီအနှစ်သာရကို ပေါ်လွင်စေချင်တဲ့အတွက် အခုလိုဆောင်ပုဒ်ကို ဖေါ်ပြခဲ့တာဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein ကပြောပါတယ်။

“၂၀၁၅ခုနှစ် လူ့အခွင့်အရေးနေ့မှာ လွတ်လပ်ခွင့် ဆိုတဲ့ အဓိပ္ပါယ်အနှစ်သာရတွေကို နိုင်ငံတကာမှာ ကျနော်တို့ ထင်ဟပ်စေချင်ပါတယ်။ လွပ်လပ်ခွင့် ဆိုတဲ့ အယူအဆနဲ့ အဓိပ္ပါယ်ကို အခုဆိုရင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအဖြစ် ကျနော်တို့ အသိအမှတ်ပြုထားပါပြီ။ ဒီ စံနှုန်းသတ်မှတ်ချက်နဲ့ စည်းမျဉ်းအရ ကျနော်တို့ရဲ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့နဲ့ အာမခံပေးဖို့ ဖြစ်ပါတယ်။ ဒါအပြင် ဒီနှစ်မှာကျရောက်တဲ့လူ့အခွင့်အရေးနေ့ဟာနှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ နိုင်ငံတကာလူ့အခွင့်အရေးစာချုပ်တွေဖြစ်တဲ့ ICESCR ခေါ် စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်နဲ့ ICCPR ခေါ် ပြည်သူ့အခွင့်အရေးနဲ့ နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်တွေရဲ့ အနှစ် (၅၀)ပြည့် အထိမ်းအမှတ်လည်းဖြစ်ပါတယ်။”

ဒီစာချုပ်တွေမှာ လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံအစိုးရအနေနဲ့ ပြည်သူတွေရဲ့ ဘဝဖူလုံမြင့်မားတိုးတက်အောင်ဆောင်ရွက်ပေးဖို့ တာဝန်ရှိနေတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဖိနှိပ်တဲ့ဥပဒေတွေရှိနေသေးတယ်လို့ အီတလီနိုင်ငံမှာကျင်းပနေတဲ့ လူ့အခွင့်အရေးဆိုင်ရာနိုင်ငံတကာဆွေးနွေးပွဲကိုတက်ရောက်နေသူ မြန်မာ့လူ့အခွင့်အရေးဦးဆောင်လှုပ်ရှားနေတဲ့ မဝေေ၀နုက ဗွီအိုအေကိုပြောပါတယ်။

“ဒီငြိမ်းစုစီ ဥပဒေတို့၊ နိုင်ငံသားဥပဒေတို့ အခုဆိုလို့ရှိရင် မျိုးစောင့်ဥပဒေတို့ ဆိုလို့ရှိရင်လည်း မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ပေါ်လာနိုင်ပြီးတော့ ဖမ်းဆီးမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအောက်မှာ တိုးပွားနေတာကို တွေ့ရတယ်။ ကျမတို့အနေနဲ့ပဲကြည့်ကြည့်၊ ပညာရှင်တွေ ပြည်တွင်းပြည်ပ ပညာရှင်တွေရဲ့ လေ့လာသုံးသပ်မှုတွေ၊ သုတေသနစာတမ်းတွေကိုပဲ ကြည့်ကြည့်ပေါ့နော် မြန်မာပြည်မှာရှိနေတဲ့ ဥပဒေတော်တော်များများဟာ ခိုင်မာမှုမရှိဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ညီညွတ်မှုမရှိတာကို တွေ့နေရတဲ့အတွက်ကြောင့်မို့လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တော်တော်များများဟာ ဒီဥပဒေတွေနဲ့ သွားပြီးတော့ သက်ဆိုင်နေတာကို တွေ့မြင်ရပါတယ်။”

ဒါအပြင် ပညာရေးဥပဒေကိုပြင်ဆင်ဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ကျောင်းသားတွေကိုဖမ်းဆီးထားတာ၊ ဖေ့စ်ဘုတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော်ခေါင်းဆောင်ကိုသရော်လို့ဆိုပြီးစွဲချက်နဲ့ဖမ်းဆီးထားတာ စတဲ့ မြန်မာအာဏာပိုင်တွေဘက်က လွတ်လပ်ခွင့်ကိုဖိနှိပ်တဲ့လုပ်ရပ်တွေကြောင့် တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေအနေနဲ့ လုံခြုံမှုကင်းမဲ့ပြီး စိုးရိမ်စိတ်တွေဖြစ်ပေါ်နေကြောင်း အမျိုးသားလူငယ်ကွန်ဂရက် ညှိုနှိုင်းရေးမှုး မသင်ဇာရွှန်းလဲ့ရည်က ဗွီအိုအေကိုပြောပါတယ်။

“ဒီဇင်ဘာ ၁၀ ရက်နေ့သည် ကျောင်းသားတွေကို အကြမ်းဖက် ရိုက်နှက် ထောင်သွင်း အကျဉ်းချထားတဲ့ ၁၀ လ တိတိ ပြည့်သွားပြီ။ ဒါပေမဲ့ သူတို့နဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးကော်မရှင်တွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေဟာ ထဲထဲဝင်ဝင် တိုးတက်မှုဆိုတာ မတွေ့ရဘူး။ ဒါကတော့ တော်တော်လေးကို ကျမတို့ လူငယ်တွေအတွက် စိုးရိမ်စရာဖြစ်တယ်။ ကျမတို့ လှုပ်ရှားမှုတွေ လုပ်တိုင်းလည်း ဘယ်တော့မဆို လုံခြုံရေးအပိုင်းကို အမြဲ စဉ်းစားရတယ်။ ကိုယ်လုပ်ဆောင်တာက နိုင်ငံရေးနဲ့ နွယ်ပြီဆိုတာနဲ့ ကိုယ်တွေအပေါ်မှာ အဲဒါမျိုး ဘယ်တော့မဆို ကျရောက်နိုင်တယ်။ အခုဆိုရင် မစုစုနွေးတို့ကိုလည်း တန်ပြန်ပေါ့နော် အရင်တုန်းက ချမှတ်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပြန်ပြီး တရားစွဲနေတာကိုလည်း မြင်လာတယ်။ နောက် ဖေ့ဘွခ်ပေါ်မှာ ကျမတို့ လွတ်လပ်စွာ ဝေငှကြပေမဲ့လည်း တရားစွဲခံထားရတဲ့ လူငယ်တွေလည်း ရှိတယ်။ ဒါတွေက ကျမတို့ လူငယ်တွေအတွက် တော်တော်လေးကို စိုးရိမ်မှုဖြစ်တယ်ပေါ့နော်။”

၂၀၁၅ခုနှစ် နိုင်ငံတကာလူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ကုလသမဂ္ဂအပါအဝင် ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့သလို လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောပွဲတွေကို နိုင်ငံအနှံကျင်းပခဲ့ကြောင်းနဲ့ တိုင်ကြားစာပေါင်း (၁၂၀၀)ကျော်ထဲက အချို့ကို ကွင်းဆင်းစစ်ဆေးတာ၊ အကျဉ်းထောင်နဲ့ အလုပ်စခန်းတွေ၊ အချုပ်ခန်းတွေမှာ သွားရောက်စစ်ဆေးပြီး အကြံပြုချက်တွေထုတ်ပြန်တာမျိုးဆောင်ရွက်ခဲ့ကြောင်း ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ဒါပေမယ့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဘက်က တိုင်ကြားစာတွေကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးဖို့အားနည်းတာတွေရှိခဲ့ရတယ်လို့ လူ့အခွင့်အရေးပညာပေးသူများကွန်ယက်ဦးဆောင်သူတဦးဖြစ်တဲ့ ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ အစိုးရ ဖွဲ့ပြီးချိန်မှာ လူ့အခွင့်အရေးကော်မရှင်ကို ပြုပြင်ပြောင်းလဲသင့်တဲ့ အချက်နဲ့ပတ်သက်လို့ သူက အခုလို ပြောပါတယ်။

“တကယ်လို့များ နောက်ထပ် အစိုးရတက်လာမယ်ဆိုရင် လက်ရှိ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်နိုင်မှု စွမ်းအားတွေကို ပြန်လည်သုံးသပ်ပြီးတော့ လိုအပ်သလို ပြုပြင်ဆောင်ရွက်မှုတွေ ကျနော်တို့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယူဆတယ်။ နောက်တခုကတော့ ကျနော်တို့ ဒီ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကို ဒီထက်ပိုမို တိုးမြှင့်မယ်၊ ဌာနဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဒီထက် ပိုမို အားကောင်းအောင် လုပ်ဆောင်ဖို့က ကျနော်တို့ လိုအပ်တယ်ဗျ။ အဲဒါကြောင့်မို့လို့ အစိုးရရယ်၊ လူ့အခွင့်အရေးကော်မရှင်ရယ်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ပြည်သူတွေကို ကိုယ်စားပြုပြီး ပြည်သူတွေရဲ့ အခွင့်အရေး ချိုးဖောက်မှုကို ကာကွယ်ပေးသော စွမ်းရည်မြင့်မားသော လွတ်လပ်သော လူ့အခွင့်အရေးကော်မရှင် ဖြစ်လာဖို့အတွက် ကျနော် မျှော်မှန်းပါတယ်။”

ဒီဇင်ဘာလ (၁၀)ရက် နိုင်ငံတကာလူ့အခွင့်အရေးနေ့အဖြစ် အထိမ်းအမှတ်အခမ်းအနားတွေကို လူ့အခွင့်အရေးပညာပေးသူများကွန်ယက်ကနေ ဦးဆောင်ပြီး မြန်မာပြည်အနှံအပြားမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးကြေညာစာတမ်းကို ကုလသမဂ္ဂက အတည်ပြုပြဌာန်း ခဲ့တဲ့ နေ့ကို လူ့အခွင့်အရေးနေ့အဖြစ်သတ်မှတ်ခဲ့ပြီး အခုဆိုရင် နှစ်ပေါင်း (၆၇) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

XS
SM
MD
LG