သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ် လူ့အခွင့်အရေး ချိုးဖောက်မှု ရည်ရွယ်ချက် ရှိရှိလုပ်ခြင်း မဟုတ်ဟု HRC ငြင်း


 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းစာရှင်းလင်းပွဲ။ ဒီဇင်ဘာ ၄၊ ၂၀၁၅။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းစာရှင်းလင်းပွဲ။ ဒီဇင်ဘာ ၄၊ ၂၀၁၅။

ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ မြန်မာ စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ရည် ရွယ်ချက်ရှိရှိ လုပ်ဆောင်တာမျိုး မဟုတ်ဘူးလို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြောဆိုလိုက်ပါတယ်။ အရင်က တပ်မတော် အနေနဲ့ လူ့အခွင့်အရေးဆိုတာကို နားမလည်ပေမယ့် အခုနောက်ပိုင်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စိတ်ပါဝင်စားမှု မြင့်လာတယ်လို့လည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင် က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေနဲ့ တပ်မတော်ရဲ့ အဆင့်မြင့် အရာရှိတွေကို မွေးထုတ် ပေးတဲ့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ လူ့အခွင့်အရေး နဲ့ ပတ်သက်လို့ သွားရောက် သင်ကြားပို့ချဖို့ ရှိ သလို စစ်ဦးစီး အရာရှိတွေကိုလည်း လူ့အခွင့်အရေးသင်တန်းတွေပေးဖို့ တပ်မတော်နဲ့ ပူးပေါင်း စီစဉ်နေတယ်လို့ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးလုပ်ငန်းများနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ အမျိုး သား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

"အဆင့်မြင့် အရာရှိပေါ့။ နိုင်ငံတော် နောင် အနာဂတ်မှာ တပ်မတော် ခေါင်းဆောင်ဖြစ်နိုင် တဲ့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှာ သင်တန်းမျိုးကို လာပြီး ပို့ချပေးပါလို့ ဖိတ်ခေါ်ခြင်းဟာ တပ်မတော်က လူ့အခွင့်အရေး ကို အတော်ကို စိတ်ဝင်စားနေတဲ့ သဘောရှိပါတယ်။ တပ်ရင်းမှူးအဆင့်ကနေမှ အထက် အဆင့်ဖြစ်တဲ့ ဗျူဟာမှူး၊ အရာရှိကြီးတွေအတွက်ကိုလည်း စစ်ဦးစီး တက္ကသိုလ်တွေမှာ ပို့ချဖို့ အခု တပ်မတော်က စီစဉ်နေပါတယ်။ ကျနော်တို့နဲ့ ပူးပေါင်းပြီး စီစဉ်နေပါတယ်။

ဆိုတဲ့အခါမှာ တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးအပေါ် စိတ်ပါဝင်စားမှု ဟာ အင်မတန်ကိုပဲ တိုးတက်လာတယ်ဆိုတာကို တွေ့ရပါတယ်။ အဲ့တော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တပ်မတော်က ရည်ရွယ်ချက်ရှိရှိ လုပ်နေ တယ် လို့ ကျနော်တို့ ပြောလို့မရပါဘူးနော်။ အရင်တုန်းက မသိခဲ့လို့လဲ ဖြစ်တယ်။ "

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က အစိုးရဌာနတွေကို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဟောပြောမှုတွေလုပ်တဲ့အခါ ကာကွယ်ရေး ဝန်ကြီးဌာနက စိတ်ဝင်စားမှု အများဆုံးဖြစ်တယ်လို့ သူက ဆက်ပြောပါ တယ်။

"တော်တော်အံ့သြသင့်ဖို့ရာက ကာကွယ်ရေးဝန်ကြီးဌာနဟာ ၂၀၀ တက်ပါ လို့ ပြောသော်လည်းပဲ ၅၃၀ကျော် တက်တာ ကျနော်တို့ တွေ့ရပါတယ်။ အလွှာပေါင်းစုံ တက်ပါတယ်။ ဗိုလ်ချုပ်တွေလည်း တက်ပါတယ်။ ဗိုလ်မှူးကြီးတွေ လည်း တက်ပါတယ်။ အရာရှိကြီးပဲ နှစ်ရာကျော် တက်ပါတယ်။ အဲ့တော့ ကာကွယ်ရေးဝန်ကြီးဌာနဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အရမ်း စိတ်ဝင်စားနေတယ်။ လေးစားဖို့ သူတို့ကြိုးစားနေတယ်။ ပြင်ဆင်နေတယ် ဆိုတာကို ကျနော်တို့ အလေးတယူပြုနေတယ်ဆိုတာကို တွေ့ရပါကြောင်း ဒီနေရာမှာ ကျနော် တင်ပြလိုပါတယ်။"

ပဋိပက္ခတွေရှိနေသေးရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေက ရှိနေအုံးမှာဖြစ်သလို အရင်က ကျူးလွန်ခဲ့တဲ့ အမှားတွေကြောင့် မြန်မာစစ်တပ်အပေါ် လူ့အခွင့်အရေး ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲမှုတွေက ချက်ချင်း ပျောက် သွားမှာ မဟုတ်ဘူး လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ က ပြောပါတယ်။

"ကျနော်တို့ တပ်ပိုင်းနဲ့ပတ်သက်လို့လည်း အရင်တုန်းက ဒီလိုချိုးဖောက်မှုတွေ ရှိခဲ့တယ်။ ဒါတွေကို အခုအချိန်မှာ ဆက်လက်ပြီးတော့ စွပ်စွဲဝေဖန် တာလေးတွေ လည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ လုပ်ဆောင်ချက် တခုမှာ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးကို ဆိုင်းထိုးပြီ ဆို ကျနော်တို့က သတင်းထုတ်ပြန်ချက် ထုတ်ပြီးတဲ့အခါမှာ အားပေးထောက်ခံတယ်။ ဘာကြောင့်လဲ ဆိုတဲ့အခါမှာ အပစ်အခတ်ရပ်စဲရေးဖြစ်မယ်။ ငြိမ်းချမ်းရေး ရလာမယ်ဆိုလို့ရှိရင် လုံခြုံမှု အခြေအနေတွေ ကောင်းလာရင် လူ့အခွင့်အရေးအခြေအနေတွေလည်း တိုးတက်ကောင်းမွန်လာမယ့်ဟာကို ကျနော်တို့ရည်မှန်းပြီးတော့ သဘောတူညီမှုလေးတွေကို ကြိုဆိုကြောင်း ကျနော်တို့ပြောတာဖြစ်ပါတယ်။"

၂၀၁၄ မတ်လမှာ ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေအရ လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားစာတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ရက်ပေါင်း ၃၀ အတွင်း အကြောင်းပြန်ရမှာဖြစ်ပေမယ့်လည်း မလုပ်နိုင်ကြသေးဘူး လို့ ဦးဝင်းမြက ပြောပါတယ်။

"ရက်ပေါင်း ၃၀အတွင်း ပြန်နိုင်တဲ့ ဝန်ကြီးဌာနတွေဟာ ဒီအချိန်မှာ နည်း ပါသေးတယ်။ ဒါကြောင့် ကျနော်တို့က စိတ်ပျက်နေလို့လည်း မရဘူး။ အပြစ်တင်နေလို့လဲ မရဘူး။ ကျနော်တို့ လိုချင်တာ ရလဒ်ကို လိုချင်တာဖြစ်ပါတယ်။ ဒါကြောင့် ရက်ပေါင်း ၃၀အတွင်း မရလို့ရှိရင် ၃၀အတွင်း ရအောင် သတိပေးစာလေးပို့ပေးတယ်။ အစတုန်းက လုံးဝ မပြန်ဘူးနော်။ အဲ့လိုမပြန်တဲ့သူက ရက်ပေါင်း ၃၀မှာ ချက်ခြင်းပြန်ဖို့တော့ မလွယ်ဘူး။"

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၄ စက်တင်ဘာမှာ အသစ် ပြန်လည်ဖွဲ့စည်းလိုက်ပြီး နောက်ပိုင်း ပြည်တွင်းပြည်ပက လူ့အခွင့်အရေးချိုးဖောက်မှု တိုင်ကြားစာပေါင်း ၃၆၀၀ကျော်ရရှိထားပြီး အပြည့် အဝ ကိုင်တွယ်နိုင်ခြင်းမရှိသေးပါဘူး။

XS
SM
MD
LG