သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုစစ်လေယာဉ်ပျက်ကျမှု ၄၉ ဦးထက်မနည်း သေဆုံး


အင်ဒိုနီးရှားနိုင်ငံ၊ ဆူမာထရားကျွန်းပေါ်က လူနေရပ်ကွက်တခုမှာ စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်တစင်း ပျက်ကျတဲ့အတွက် လူ ၄၉ ဦးထက်မနည်း သေဆုံးသွားတယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

Hercules C-130 လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ တတိယအကြီးဆုံး Medan မြို့က အိမ်နှစ်လုံးနဲ့ ဟိုတယ်တလုံးပေါ်ကို ဒီကနေ့ နေ့လည်ပိုင်းက ပျက်ကျသွားတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ပျက်ကျသွားတဲ့လေယာဉ် မီးလောင်နေတဲ့ပုံတွေ၊ ပျက်သွားတဲ့အိမ်တွေနဲ့ ကားတွေကနေ မီးခိုးလုံးကြီးတွေ ထွက်လာတာကို ရိုက်ယူထားတဲ့ ပုံတွေကို လူမှုဆက်သွယ်ရေး အင်တာနက် စာမျက်နှာတွေမှာ တွေ့ကြရပါတယ်။

အင်ဒိုနီးရှားလေတပ်ရဲ့ အဲဒီလေယာဉ်ပေါ်မှာ လူ ၁၁၃ ယောက်အထိ ပါသွားတယ်လို့ ဒေသတွင်းသတင်းတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူအရေအတွက် ထပ်တိုးလာဖို့ ရှိတယ်လို့ ခန့်မှန်းထားပြီး လေယာဉ်ပျက်ကျမှုကြောင့် မြေပြင်မှာ လူဘယ်နှစ်ယောက်သေဆုံးပြီး ဘယ်လောက် ဒဏ်ရာရတယ် ဆိုတာလည်း သေသေချာချာ မသိရသေးပါဘူး။

Turboprop အင်ဂျင်လေးလုံးတပ် လေယာဉ်ဟာ မြို့အနီး လေဆိပ်တခုကနေ ပျံတက်သွားအပြီး မိနစ်ပိုင်းအကြာမှာ ပျက်ကျသွားတာလို့ စစ်ဘက်ပြောခွင့်ရတဦးက ပြောပါတယ်။ ဘာဖြစ်မှန်းမသိတဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် လေဆိပ်ဘက်ကို ပြန်လှည့်ဖို့ လေယာဉ်က ကြိုးစားပြီးတဲ့နောက်မှာ ပျက်ကျသွားတာလို့ ဒေသတွင်းသတင်းတွေက ပြောပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လက ဂျကာတာမြို့တော် လူနေရပ်ကွက်တခုမှာ ဂျက်လေယာဉ်တစင်း ပျက်ကျတာကြောင့် လူ ၁၁ ယောက် သေဆုံးခဲ့တဲ့ဖြစ်ရပ် အပါအဝင် မကြာသေးခင် နှစ်တွေအတွင်း အင်ဒိုနီးရှားစစ်ဘက်ရဲ့ လေယာဉ်ပျက်ကျတဲ့ဖြစ်ရပ် အတော်များများ ရှိခဲ့ပါတယ်။

XS
SM
MD
LG