သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းနှိမ်နင်းမှု ပြည်ထဲရေးနဲ့ ရဲတပ်ဖွဲ့ကို တရားစွဲ


လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုအတွင်း မီးလောင်ဒဏ်ရာရ သံဃာတော်
လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုအတွင်း မီးလောင်ဒဏ်ရာရ သံဃာတော်

လွန်ခဲ့တဲ့နှစ်နှစ် နိုဝင်ဘာလထဲမှာ လက်ပံတောင်း ကြေးနီစီမံကိန်းရပ်ဆိုင်းပေးဖို့ ဆန္ဒပြသူတွေကို ရဲက အကြမ်းဖက်ဖြိုခွင်းမှုမှာ ဒဏ်ရာအများဆုံးရခဲ့တဲ့ သံဃာတော်နှစ်ပါးက ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့ကို တရားစွဲဆိုခဲ့ပါတယ်။ အခုလို တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီးအစိုးရအာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုကနေ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတရပ်ဟုတ်မဟုတ် သက်သေပြနိုင်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

လက်ပံတောင်းကြေးနီစီမံကိန်းအတွက် ဆန္ဒပြသူတွေကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ရဲက အကြမ်းဖက်ဖြိုခွဲခဲ့တာနဲ့ပတ်သက်ပြီး တာဝန်ရှိသူ တွေကို သံဃာတော်နှစ်ပါးက တရားစွဲဆိုခဲ့တယ်လို့ ဒီဖြိုခွဲမှုမှာ အများဆုံး ဒဏ်ရာရခဲ့တဲ့ ဆရာတော် ဦးတိက္ခဉာဏ က ပြောပါတယ်။

“အဓိကအနေနဲ့ သပိတ်ကိုဖြိုခွင်းမယ်လို့ ကြေညာတဲ့ ပြည်ထဲရေးဝန်ကြီး ကိုကိုပေါ့။ သူ့ကိုအဓိကထားပြီးတော့ ကျန်တဲ့ရဲမှူးကြီးတွေ၊ အခုတော့ လောလောဆယ် သူတို့နှစ်ယောက်ကို တရားခံအနေနဲ့နာမည်တပ်ပြီးတော့ ပြောတာပေါ့နော်။ လောလောဆယ်တော့ မီးလောင်ဒဏ်ရာရတဲ့နှစ်ပါး အတိအကျပြောရရင် ဦးဇင်းကိုယ်တိုင် တိက္ခဉာဏရယ်၊ ဦးဇင်းရဲ့အဖော် အောက်ပိုင်းတပိုင်းလုံး မီးလောင်ဒဏ်ရာရတဲ့ ဦးဝိသုဒ္ဓရယ်၊ ဒီနှစ်ပါးကတော့ အဓိကထားပြီး ….ရမယ်။ မီးလောင်ဒဏ်ရာတွေကတော့ များလွန်းအားကြီးတော့လေ၊ ဒီအချိန်၊ ဒီရက်ပိုင်းတွေကလည်း စာသင်သားကျောင်းသား ဘုန်းကြီးတွေကများကြတဲ့အတွက် သူတို့ကလည်း ရက်ပိုင်းအတွင်း စာဖြေရမှာဆိုတော့ သူတို့နာမည်တွေကို ဦးဇင်းတို့က မထည့်ဘူးလေ။ ဦးဇင်းတို့နှစ်ပါးပဲ အဓိကထားပြီးတော့ …ခဲ့တာပါ။”

အဲဒီအချိန်က လက်ပံတောင်း ဆန္ဒပြမှုကို ဖေါ့စဖရပ်စ် မီးလောင်ဗုံးသုံးပြီး ဖြိုခွဲခဲ့တဲ့အတွက် ဒဏ်ရာရသူ သံဃာအပါး ၁၀၀ ကျော်ရှိခဲ့တာပါ။ ခန္ဓာကိုယ်ရဲ့ ၆၀ % ကျော် မီးသင့်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခကို အဲဒီအချိန်က ဘန်ကောက်ကိုပို့ပြီး ဆေးကုသပေးတုန်းက အထက်တာဝန်ရှိသူတွေ လာရောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဆက်သွယ်မှုမရှိတော့သလို အခုထိ အပြစ်ရှိသူတွေကို အရေးယူတာမျိုးမရှိသေးတဲ့အတွက် အခုလို တရားစွဲဆိုရတာဖြစ်ပြီး တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့လုပ်ရပ်အတွက် ကိုယ်တိုင်ခံစားရသူအနေနဲ့ သက်သေပြချင်တယ်လို့လည်း ပြောပါတယ်။

“ကိုယ်တိုင်ခံစားခဲ့ရတာလေ။ ကိုယ်တိုင်ပဲ …သင်္ကန်းတွေ၊ အဝတ်တွေ၊ စောင်တွေ၊ အပေါ်ကခြုံထည်တွေ အကုန်လုံး….နဲ့ကပ်ပြီး ကိုယ်တိုင် မီးလောင်ခဲ့ရတာဆိုတော့ ဒီဟာတွေ သက်သေပြစရာက ဦးဇင်းခန္ဓာကိုယ်မှာရှိတဲ့ မီးလောင်ဒဏ်ရာတွေကိုပဲ လာရောက်စစ်ဆေးစေချင်တယ်လေ။”

ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်ကို တရားစွဲဆိုနိုင်ဖို သမ္မတထံမှာ ခွင့်ပြုမိန့်တောင်းခံဖို့ လိုအပ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရတရပ်ဟာ တရားစွဲခွင့်ရှိသလို တရားစွဲခံခွင့်လည်းရှိတာမို့ ဒီအမှုနဲ့ ပတ်သက်တဲ့ ဆောင်ရွက်မှုတွေကို ကြည့်ပြီး အုပ်ချုပ်တဲ့အစိုးရတရပ်ဟာ ဂုဏ်သိက္ခာ ရှိမရှိ သတ်မှတ်နိုင်တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောပါတယ်။

“ဥပဒေသဘောနဲ့ပြောမယ်ဆိုရင် တရားစွဲမယ်ဆိုတာ တိုက်ရိုက်တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ရဲချုပ်က ပြည်သူ့ဝန်ထမ်းတွေဖြစ်ပါတယ်။ ပြည်သူ့ဝန်ထမ်းတွေကိုတရားစွဲမယ်ဆိုရင် ကျနော်တို့က ခွင့်ပြုမိန့်တောင်းရတယ်ဗျ။ နိုင်ငံတော်သမ္မတဆီကိုပေါ့နော်၊ တရားစွဲခွင့်တောင်းရတယ်။ အဲဒီတရားစွဲခွင့်နဲ့အတူ အမှုဖွင့်ရတာပေါ့ဗျာ။ ဒီဟာက ဘယ်လောက်အထိ တရားဥပဒေကို လေးစားလိုက်နာတဲ့အစိုးရဖြစ်သလဲဆိုတာလည်း မူတည်တာပေါ့။ ၂၀၁၂ ခုနှစ်တုန်းက ဖြစ်ခဲ့တာ သံဃာအပါး ၁၀၀ ကျော် ဒဏ်ရာရသွားခဲ့တာ ရှင်းရှင်းလင်းလင်းကြီးပါပဲ။ သမ္မတကြီးဖွဲ့ပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစီရင်ခံစာအရလည်း ဒီလိုဒဏ်ရာရတာတွေက ရဲတပ်ဖွဲ့က လုပ်ထုံးလုပ်နည်းနဲ့အညီ မလုပ်ခဲ့ဘူးဆိုတာ ပေါ်တာပေါ့။ ဒါမျိုးတွေက အရေးယူရမှာပေါ့။ ကင်းလွတ်ခွင့်ပေးလို့ ဘယ်ရမလဲဗျာ။”

တရားစွဲဆိုဖို့အတွက် ပထမဆုံး ဆားလင်းကြီးရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပေမယ့် အခုအမှုကို လက်မခံသလို အလားတူ အခြားအမှု တွေကိုလည်း လက်ခံတာမတွေ့ရကြောင်းနဲ့ အခုလို မတရားခံနေရသူတွေအတွက် ဒီအတိုင်း ငုံ့မခံဘဲ အမှန်တရားပေါ်အောင် လုပ်ဆောင်လာကြစေဖို့ လမ်းပြအနေနဲ့ အခုတရားစွဲဆိုခဲ့တာလို့လည်း ဆရာတော်ဦးတိက္ခက ပြောပါတယ်။

“ဒါတွေက ဦးဇင်းတို့က ဒီလိုလက်မခံနိုင်စရာ အကြောင်းတွေကြောင့် အမှုဖွင့်တာတွေကို မလုပ်ဘဲနဲ့ရပ်နေမှာ မဟုတ်ဘူး။ တခြားသူတွေကို ရှေ့ကနေပြီးတော့ စံပြအနေနဲ့ ဦးဇင်းတို့က လုပ်တာ။ ဒီလို လုပ်ဆောင်လို့ ရပါတယ်ဆိုတာ ပြတာ။ တပြည်လုံးမှာလည်း ဘယ်တုန်းကမှ မလုပ်ခဲဲဲ့ကြဘူး။ အကုန်လုံး ခေါင်းငုံ့ခနေကြတာမျိုးပဲရှိခဲ့တော့ ဦးဇင်းတို့က ဒါ ပထမဆုံးအနေနဲ့ စပြတာ။”

လက်ပံတောင်းကြေးနီစီမံကိန်းကို ဆန္ဒပြသူတွေကိုလည်း စီမံကိန်းအကောင်ထည်ဖေါ်နေတဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် ကုမ္ပဏီတို့လည်း ပြန်လည် တရားစွဲဆိုမှုတွေ လုပ်နေပါတယ်။

XS
SM
MD
LG