သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ နိုင်ငံတကာစောင့်ကြည့်


မြန်မာ့အရေးထည့်ပြောသွားတဲ့ အိုင်ယာလန်သံကိုယ်စားလှယ်
မြန်မာ့အရေးထည့်ပြောသွားတဲ့ အိုင်ယာလန်သံကိုယ်စားလှယ်

မြန်မာနိုင်ငံမှာလာမယ့်နိုဝင်ဘာမှာကျင်းပမယ့်ရွေးကောက်ပွဲတွေဟာ နိုင်ငံရဲ့ဒီမိုကရေစီပြုပြင်ရေး လမ်းမှန်ပေါ် ရောက်မရောက်ဆိုတာကို ဘယ်လို သက်သေပြရာရောက်မလဲလို့ ဂျနီဗာမှာလက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် (၃၀) မြောက် ညီလာခံမှာ အနောက်နိုင်ငံ ကိုယ်စားလှယ်တွေက ပြောဆိုလိုက်ကြပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအရေးကို စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောဆိုကြတာပါ။ အကြောင်းစုံကိုတော့ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

ဂျနီဗာမြို့မှာကျင်းပနေတဲ့ အကြိမ် (၃၀) မြောက် လူ့အခွင့်အရေးကောင်စီရဲ့ (၁၇) ကြိမ်အစည်းအဝေးပွဲမှာ နိုင်ငံတကာ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီက သိသင့်တဲ့အချက်အလက်တွေကို ညီလာခံတက်ရောက်တဲ့ကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးခဲ့ရာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နိုဝင်ဘာ (၈) ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးအနေနဲ့ နိုင်ငံတကာ ယုံကြည်ကိုးစားမှုရှိတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်ဖို့ အရေးကြီးတယ်လို့ ဗြိတိန်သံကိုယ်စားလှယ်က အခုလို ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲဟာ နိုင်ငံအနေနဲ့ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို မှတ်ကျောက်တင် အကဲစမ်း အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲပဲဖြစ်ပါတယ်။ နိုင်ငံတကာလူ့အဖွဲ့အစည်းတွေအနေနဲ့ အနီးကပ်စောင့်ကြည့်နေမှာဖြစ်သလို ဒီရွေးကောက်ပွဲက ယုံကြည်လေးစားမှုရှိပြီး အုပ်စုအားလုံး ပါဝင်ခွင့်ရရမယ့်အပြင် ထင်သာမြင်သာရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကိုလည်း ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိဖို့အပြင် လူ့အခွင့်အရေးကို လေးစားလိုက်နာမှုရှိဖို့လည်း တိုက်တွန်းပါတယ်။”

အလားတူပဲ ညီလာခံကိုတက်ရောက်ခဲ့တဲ့ အမေရိကန် သံကိုယ်စားလှယ်ကလည်း ၂၀၁၅ ရွေးကောက်ပွဲဟာ ထင်သာမြင်သာရှိဖို့ အရေးကြီးတယ်လို့ဆိုပါတယ်။

“နိုဝင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲတွေဟာ ယုံကြည်ကိုးစားမှုရှိမယ့်အပြင် ထင်သာမြင်သာရှိပြီး အုပ်စုအားလုံးတို့ပါဝင်ခွင့်ရှိမယ့် ရွေးကောက်ပွဲမျိုး ကျင်းပပေးပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဆက်လက် ဖော်ဆောင်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံမှာ လက်ရှိရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲက ၉၀ ကျော်ဟာ သတ်မှတ်ချက်နဲ့ ကိုက်ညီခြင်းမရှိလို့ ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သလို အခုလို ပယ်ချခံခဲ့ရတဲ့ ထက်ဝက်ကျော်ဟာ နိုင်ငံသားဖြစ်မှု မဖြစ်မှုအပေါ် အခြေခံတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနက စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိပယ်ချခံခဲ့ရတဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ မူဆလင်ကိုယ်စားလှယ်လောင်း အားလုံးနီးပါး ပါဝင်ပြီး သူတို့ကို ပယ်ချရတဲ့ အကြောင်းအချက် ခိုင်လုံမှုကို အာဏာပိုင်တွေဘက်က တိတိကျကျ ရှင်းပြခြင်းမရှိတာကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေးခွန်းထုတ်ခဲ့ပါတယ်။ အလားတူပဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ရဲ့ ၂၅ % မှာ တပ်မတော်သားကိုယ်စားလှယ်တွေ ခန့်အပ်မှုနဲ့ ယာယီနိုင်ငံသားလက်မှတ် White Card ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုတာကိုလည်း စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့လည်း စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း အမေရိကန်သံကိုယ်စားလှယ်က တင်ပြသွားပါတယ်။

“မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်အခြေအနေ၊ အထူးသဖြင့် ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့အခြေအနေနဲ့ပတ်သက်လို့ အထူး စိုးရိမ်မကင်းဖြစ်ပါတယ်။”

အလားတူပဲ အိုင်ယာလန် အမျိုးသမီးသံကိုယ်စားလှယ်ကလည်း ရိုဟင်ဂျာလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်း အခုလို ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံက ရခိုင်ပြည်နယ်ရှိ လူမျိုးရေးတင်းမာမှုဖြစ်တဲ့အခြေခံ အကြောင်းရင်းတွေကို အရေးပေါ်ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ အဲဒီမှာ မူဆလင် IDP တွေရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ဆိုးရွားနေပြီး အခြေခံ ခံစားခွင့်တွေမရှိဘဲ နေထိုင်နေရတာဟာ စိုးရိမ်မကင်းဖြစ်စရာပါ။ ဒါ့အပြင် ရိုဟင်ဂျာတွေကို နိုင်ငံအနှံ့ နိုင်ငံသားခံယူခွင့် စိစစ်ရာမှာလည်း မှန်မှန်ကန်ကန် ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အခြေခံလူ့အခွင့်အရေးကို နိုင်ငံသားအားလုံးတို့ ခံစားခွင့်ရရှိသင့်ပါတယ်”- လို့ အိုင်ယာလန် သံကိုယ်စားလှယ်က ပြောသွားတာ ဖြစ်ပါတယ်။

စက်တင်ဘာလ (၁၅) ရက်နေ့ကလည်း ရန်ကုန်ရှိ အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးအပါအဝင် သံရုံး (၉) ရုံးတို့က နိုဝင်ဘာလ ရွေးကောက်ပွဲ တွေ အတွင်း ဘာသာရေးကို ခုတုံးလုပ် အသုံးချမှုတွေလုပ်မှာ စိုးရိမ်တဲ့အကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ အခုလို ထုတ်ပြန်တာကို မြန်မာအစိုးရ နိုင်ငံခြားရေးဌာနက ဒီလိုထုတ်ပြန်တာဟာ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို လျစ်လျှူရှုရာ ရောက်တယ်လို့ တုံ့ပြန်ခဲ့သလို မြန်မာနိုင်ငံခြားရေးဌာနအနေနဲ့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့အတွက် အားပေးထောက်ခံမှုကို အသိအမှတ်ပြုပေမယ့် အပြုသဘောဆောင်တဲ့၊ မလိုလားအပ်တဲ့အခြေအနေမျိုး ဖြစ်ပေါ်စေနိုင်တာကို စိုးရိမ်မကင်းဖြစ်မိတယ်လို့လည်း တုံ့ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလှုပ်ရှားလုပ်ဆောင်တဲ့ဘောင် ကျဉ်းမြောင်းလာတယ်ဆိုတဲ့ စိုးရိမ်မကင်းဖြစ်မှုနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီမှာ ဝေဖန်ခံခဲ့ရမှုနဲ့ပတ်သက်လို့လည်း ညီလာခံကိုတက်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ်က ပြီးခဲ့တဲ့သီတင်းပတ်က တုံ့ပြန်ခဲ့ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုကိုအခြေခံပြီး ခွဲခြားဆက်ဆံမှုကို တားမြစ်ထားတဲ့အကြောင်း တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။

XS
SM
MD
LG