သုံးရလွယ်ကူစေသည့် Link များ

၀အဖွဲ့နဲ့ တွေ့ဆုံခဲ့သူ ဦးစိုးဌေး အရေးယူခံရ


NLD ပါတီဗဟိုရဲ့ ခွင့်ပြုချက်မပါဘဲ UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ ခေါင်းဆောင်တွေနဲ့ ပန်ဆန်းမှာ သွားရောက်တွေ့ဆုံခဲ့တဲ့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးကို NLD ပါတီရော၊ လွှတ်တော်ဘက်ကပါ အရေးယူခဲ့ပါတယ်။

ဦးစိုးဌေးကတော့ သူ့အနေနဲ့ UWSA ခေါင်းဆောင်ပိုင်းနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးခဲ့ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မြန်မြန်ဆန်ဆန် အကောင်ထည်ပေါ်လာစေဖို့ ဆန္ဒစောပြီး သူတဦးတည်း ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဝန်ခံပြောပါတယ်။ မြန်မာ့တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ယူခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ ပန်ဆန်းမှာ သွားတွေ့ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးစိုးဌေးကို NLD ပါတီက အရေးယူထားတယ်လို့ သိရပါတယ်။ ဘယ်လို အရေးယူထားပါသလဲခင်ဗျ။

ဖြေ - “ပါတီစည်းကမ်းနဲ့ပေါ့။ ပါတီစည်းကမ်းမှာက ကြိုတင်မတင်ပြဘဲနဲ့ ကိုယ်စားလှယ်အနေနဲ့ သွားခွင့်မရှိဘူး။ အဲဒါနဲ့ ငြိစွန်းတဲ့အတွက်ကြောင့်မို့ ပါတီရဲ့ အရေးကြီးတာဝန်ကနေ ၁ နှစ်ရပ်ဆိုင်းလိုက်ပါတယ်။ အဲဒီသဘောပါ။”

မေး - အရေးကြီးတာဝန်ဆိုတာက ဘယ်ဟာကို ညွှန်းပြောချင်တာပါလဲ။

ဖြေ - “အရေးကြီးတာဝန်ဆိုတာက ဒီအဖွဲ့အစည်းတွေမှာ EC တာဝန်ပေါ့ အလုပ်အမှုဆောင်တာဝန်ကို ပြောတာပေ့ါ။ လွှတ်တော်ကလည်း ပါတီကို ကိုယ်စားပြုပြီး ရထားတဲ့အတွက်ကြောင့်မို့ လွှတ်တော်မှာပေးတဲ့ ကော်မတီရေးရာတာဝန်တို့၊ နောက်တခါ မြို့နယ်ရဲ့ ပါတီတာဝန်တွေမှာလည်း အလုပ်အမှုဆောင်တို့၊ ခရိုင်တို့၊ ပြည်နယ်တို့ ဘယ်မှာပဲဖြစ်ဖြစ်ပေါ့ ဒီ အလုပ်အမှုဆောင် တာဝန်တွေကို ကျနော်တို့က ထမ်းဆောင်ခွင့် မရဘူးပေါ့။ ထမ်းဆောင်ခွင့် မရှိဘူးပေါ့။ ပါတီရဲ့ အရေးကြီးတဲ့ တာဝန်တွေကို ကျနော်က ရယူထားတာ မရှိပါဘူး။ နဂိုတည်းက ကျနော်က ရိုးရိုးပါတီဝင်ပါပဲ။”

မေး - အဲဒီတော့ ဒီလွှတ်တော်ရဲ့ တိုင်းရင်းသားရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီကနေပြီးတော့ရော ဦးစိုးဌေးကို တာဝန်တွေက ရပ်ဆိုင်းလိုက်တာမျိုးလား ခင်ဗျ။

ဖြေ - “ရပ်ဆိုင်းတာမဟုတ်ပါဘူး။ ကျနော့်နေရာမှာ အစားထိုးလိုက်တယ်။ ဦးပီတာခလပ်ဆိုတာ။ သံတောင်မြို့နယ်ကပါပဲ။ ကျနော်တို့ ကရင်ပြည်နယ်ကပါပဲ။ မနက်ဖြန်ဆိုရင် ဒါ အစည်းအဝေးလုပ်မယ်။ အစည်းအဝေးဖိတ်စာကိုတောင် ကျနော် သူ့ကို ပေးလိုက်ရတယ်ပေါ့။”

မေး - ဦးစိုးဌေးက NLD ပါတီမတိုင်ခင်တုန်းက တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တာလားခင်ဗျ။

ဖြေ - “ဟုတ်ပါတယ်။ နောက်ဆုံး ကျောက်မဲမှာပေါ့။ တပ်မမှူးပေါ့ဗျာ ကျောက်မဲမှာ။ ကျောက်မဲမှာကျတော့ ကျနော် ဗျူဟာမှူးနဲ့လည်း နေဖူးတယ်။ ဗျူဟာမှူးဆိုတာ တပ်မမှူးရဲ့ ကွပ်ကဲမှုအောက်မှာပေါ့။ ယေဘုယျ အဲဒီဒေသတွေကို ကျနော်က တာဝန်နဲ့ ရောက်ဖူးပါတယ်။ ဗိုလ်မှူးကြီးဘဝကတည်းက ဗိုလ်မှူးချုပ်ဘဝနဲ့လည်း ရောက်ဖူးတယ်။ ဗိုလ်မှူးကြီးဘဝနဲ့လည်း ရောက်ဖူးတယ်။”

မေး - ရှမ်းပြည်နယ်နဲ့ နယ်စပ်မှာ တာဝန်ကျနေတဲ့ အချိန်မှာ UWSA တို့ NDAA တို့ အဲလို လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ရင်းနှီးမှုတွေ ရှိခဲ့တာမျိုးလားခင်ဗျ။

ဖြေ - “ဆက်ဆံရေးကတော့ အဲဒီတုန်းက ဒီ ထောက်လှမ်းရေးအဖွဲ့တွေပေါ့ သူတို့ကနေ တိုက်ရိုက်ဆက်ဆံတယ်။ ကျနော်တို့ကျတော့ စစ်ရေးအရပေါ့ တပ်ရွှေ့ပြောင်းတွေ ဘာတွေ ဒါမျိုးတွေ ကျနော်တို့က ဆက်ဆံတယ်။ ကျနော်တို့ အဲဒီအချိန်မှာ နိုင်ငံ့ဝန်ထမ်းတွေရှိတယ်လေ။ သူတို့နယ်မြေမှာ ကျောင်းဆရာတို့၊ ဆရာဝန်တို့၊ ကျန်တဲ့ဝန်ထမ်းတွေရှိတယ်။ အဲဒီဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေးကို စစ်ဆေးပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးရတာပေါ့။ အဲဒီလို စစ်ဆေးရေးသွားတဲ့အခါမှာ သူတို့ခေါင်းဆောင်ကလည်း ကျနော်တို့ကို ဖိတ်ပြီး ထမင်းကျွေးတယ်။ ဥပမာဆိုရင် - ကျနော်တို့ ဦးပေါက်ယုလျန်းပေါ့ သူနဲ့ ထမင်းစားရင်း ကျနော်က အဲဒီမှာ တပ်မမှူးလို့ပြောတာ။ ဦးစိုးဌေးကို အရင်တွေ့ဖူးတာက ဗျူဟာမှူးပေါ့လေ။ အခုက တပ်မမှူးဆိုတော့ ရာထူးတွေမြင့်သွားပါလား။ ကျနော်တို့ကတော့ အဲဒီရာထူးတွေ မတိုးဘူးပေါ့လေ။ အဲလို သူက နောက်ပြီးတော့ ပြောသေးတယ်။”

မေး - အခုလို NLD ပါတီက အရေးယူ လိုက်တဲ့အပေါ်မှာ ဦးစိုးဌေးရဲ့ သဘောထား ဘယ်လိုရှိပါသလဲ။

ဖြေ - “ဒါကတော့ စည်းကမ်းနဲ့ ငြိစွန်းတဲ့အတွက် အရေးယူတာကတော့ ဒါကတော့ ကျနော့်အနေနဲ့ လက်ခံပါတယ်။”

မေး - ပါတီရဲ့သဘောထား မပါဘဲနဲ့ ဦးစိုးဌေးက ဘာကြောင့် တဦးချင်း သဘောဆန္ဒအရ ခုလို ဆောင်ရွက်ဖြစ်သွားပါသလဲ။

ဖြေ - “ဒီလိုလေ ကျနော်တို့ ကော့ကရိတ်မဲဆန္ဒနယ် နာမည်ပါဆိုရင် အင်းရှည်ရွာက ကျနော်တို့ရဲ့ မဲဆန္ဒရှင်တွေပေါ့ ဦးငြိမ်းမောင်ဆိုတာ - ဟာ ဦးစိုးဌေး ငြိမ်းချမ်းရေးကို ပထမဦးစားပေးပြီးတော့ လုပ်၊ ဒုတိယက တရားဥပဒေစိုးမိုးရေးလုပ်၊ ကျနော်တို့ လမ်းတွေ၊ တံတားတွေကတော့ နိုင်ငံတော် ဘတ်ဂျက်၊ နိုင်ငံတော် ချမ်းသာသလောက် နိုင်သလောက်လေး လုပ်ပေးပါတဲ့။ ဒီလိုပေါ့။ ငြိမ်းချမ်းရေးက ကျနော်တို့ ဦးငြိမ်းမောင် အပါအဝင်ပေါ့ ပြည်သူအားလုံးက ငြိမ်းချမ်းရေးကို လိုလားနေပါတယ်။ ကျနော်တို့ကိုယ်တိုင် အပါအဝင်ပေါ့ဗျာ။ ကျနော်ဆိုလည်း အခု အသက် ၆၅ ကျော်နေပြီပေါ့။ မွေးလာကတည်းကလည်း ကရင်ပြည်နယ်မှာ မွေးလာတယ်ဆိုတော့ သေနတ်သံတွေကြားမှာ မွေးလာတော့ ကျနော်တို့ မသေခင် ဒီငြိမ်းချမ်းရေးဟာ အဲဒါမျိုး ကျနော်က ဖြစ်စေချင်လို့ ဆန္ဒစောပြီး သွားမိတဲ့သဘောပါ။ အမှန်ကတော့ ဒီလောက်အထိလည်း အရေးယူခံရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးပေါ့ဗျာ။ ခေါင်းဆောင်တွေ၊ ပါတီဥက္ကဌတို့၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ သမ္မတကြီးတို့ကလည်း သူတို့ရဲ့ မိန့်ခွန်းတွေမှာ အမျိုးသားရင်ကြားစေ့ရေးက ပထမပေါ့နော်။ ဒုတိယက ငြိမ်းချမ်းရေးတို့ ဒီလိုသွားနေတာ။ ဒီတာဝန်တွေကို ကျနော်တို့က ဝိုင်းရံပေးတဲ့အနေနဲ့ နောက်တခါ ကျနော့်ရဲ့ မဲဆန္ဒရှင်တွေ၊ ပြည်သူတွေကနေပြီးတော့မှ ခိုင်းစေတဲ့အလုပ်ကို ကျနော် ကြိုတင်ပြီးတော့ လေ့လာဖို့ အချက်အလက်ရှာဖွေတယ်၊ ဒါမျိုးလည်း ဒီသဘောမျိုးနဲ့ ကျနော့်ဟာကျနော် ကိုယ့်ဟာကိုယ် တာဝန်ယူပြီးတော့ ကိုယ်လုပ်တဲ့အလုပ်ကို တာဝန်ယူတယ်။ ဒီလို သဘောနဲ့ သွားပါတယ်။ ၀ ဒေသမဟုတ်ဘဲနဲ့ တခြား ဖုန်ကြားရှင်ဒေသတို့၊ AA ဒေသတို့၊ နောက်တခါ ကရင်ပြည်နယ်မှာဆိုရင် ကျနော်တို့ ကော့ကရိတ်မှာလည်း သေနတ်သံက မစဲသေးဘူးလေ။ ဦးကျော်သက်အဖွဲ့တို့၊ နေရာတွေကို သွားမယ်ဆိုပြီးတော့ ကျနော် ကော်မတီကို တင်ထားပါတယ်။ ဒါပေမဲ့ ဘာမှ ပြန်မကျဘူး။ ဒါလေးကို ကျနော် သတိမထားမိလိုက်ဘူး။ အခုဟာကျတော့ ဆန္ဒစောပြီး သွားလိုက်တဲ့သဘောပါ။”

XS
SM
MD
LG