သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ ပဋိပက္ခ ဆော်ဒီကို ပင်လယ်ကွေ့နိုင်ငံတွေ ထောက်ခံ


အစ္စလာမ်ဘာသာ ရှီယာဂိုဏ်းဝင် အများစုနေထိုင်တဲ့ အီရန်နိုင်ငံနဲ့ သံတမန်ရေး ပဋိပက္ခမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ လုပ်ရပ်ကို ထောက်ခံကြောင်း GCC ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက ပြောပါတယ်။

ဆော်ဒီအာရေးဗီးယား၊ ဘာရိန်း၊ ကာတာ၊ အိုမန်၊ ကူဝိတ်နဲ့ ယူအေအီး အာရပ်စော်ဘွားများနိုင်ငံတို့ ပါဝင်တဲ့ အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ - အီရန်နိုင်ငံဟာ ဆော်ဒီအာရေးဗီးယားရဲ့ ပြည်တွင်းရေးနဲ့ ဒေသတွင်းကိစ္စရပ်တွေမှာ ဝင်ရောက် နှောင့်ယှက်နေတယ်လို့ ဝေဖန် ဖော်ပြထားပါတယ်။

အီရန်နိုင်ငံမြို့တော် တီဟီရန်မှာရှိတဲ့ ဆော်ဒီသံရုံးနဲ့ Mashhad မှာရှိတဲ့ ကောင်စစ်ဝန်ရုံးတို့ကို တိုက်ခိုက်လိုက်တဲ့ကိစ္စအတွက် ဖြစ်ပေါ်ခဲ့တဲ့ ဂယက်ရိုက်ခတ်မှုတွေကိုလည်း အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အဲဒီ လုပ်ရပ်တွေကို အပြင်းအထန် ကန့်ကွက်ကြောင်း၊ အဲဒီလုပ်ရပ်တွေအတွက် အီရန်မှာ တာဝန်ရှိကြောင်း GCC အတွင်းရေးမှူးချုပ် Abdullatif al-Zayani က Riyadh မြို့မှာ ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲအပြီးမှာ ပြောကြားလိုက်တာပါ။

ဒီကိစ္စကို ဆွေးနွေးဖို့အတွက် OIC - အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ အာရပ်အဖွဲ့ချုပ်တို့အနေနဲ့လည်း စည်းဝေးပွဲတွေ ခေါ်ယူ ကျင်းပဖို့ ဆော်ဒီအာရေးဗီးယားနိုင်ငံက တောင်းဆိုထားပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရှေ့ဆက် ဘယ်လိုလုပ်ဆောင်မယ်ဆိုတာကို ဆက်လက် စဉ်းစားသွားမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အီရန်နဲ့ သံတမန် ဆက်ဆံရေး ဖြတ်တောက်လိုက်တဲ့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး Abdel al-Jubeir က ပြောပါတယ်။

XS
SM
MD
LG