သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယားအရေး ကန်နဲ့အစ္စရေးလ် သဘောထားကွဲ


အီရန်နိုင်ငံအနေနဲ့ နျုကလီးယားလက်နက် ပိုင်ဆိုင်လို့ မဖြစ်စေရဘူးဆိုတဲ့ အချက်ကို အမေရိကန်နဲ့ အစ္စရေးလ်နိုင်ငံတို့ကြား သဘောတူညီမှုရှိထားပြီး ဖြစ်တယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu ကပြောပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက် အောင်မြင်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲ ဆိုတဲ့နေရာမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေကြတယ်လို့လည်း သူကပြောဆိုလိုက်ပါတယ်။

အစ္စရေးလ်ဝန်ကြီးချုပ်အနေနဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောဆိုဖို့ စီစဉ်ထားတဲ့ ရက်မတိုင်ခင် တရက်အလို တနင်္လာနေ့မှာ အခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ အစ္စရေးလ်ဝန်ကြီးချုပ်အနေနဲ့ ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ကိစ္စဟာ ထုံးတမ်းစဉ်လာအရ အမေရိကန် သမ္မတအိမ်ဖြူတော်နဲ့ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ပြုလုပ်တာဖြစ်တဲ့အတွက် အငြင်းပွားစရာ အကြောင်းအရာ ဖြစ်နေသလို Mr. Netanyahu နဲ့ သမ္မတ အိုဘားမားတို့ကြား ဆက်ဆံရေး တင်းတင်းမာမာ ဖြစ်နေတယ် ဆိုတာကိုလည်း မီးမောင်းထိုး ပြသနေသလို ဖြစ်နေပါတယ်။

သဘောထားမတူညီမှု ဖြစ်နေရတဲ့ အကြောင်းကတော့ အမေရိကန်နဲ့ အစ္စရေးလ်တို့ရဲ့ ရှုမြင်တဲ့ ပုံစံ ကွဲလွဲနေလို့ ဖြစ်တယ်လို့ Mr. Netanyahu က ပြောပါတယ်။ အမေရိကန်အစိုးရက လုံခြုံရေးကို အလေးထား စဉ်းစားတာဖြစ်ပြီး၊ အစ္စရေးလ် အနေနဲ့ကတော့ ဆက်လက် ရှင်သန်ရေးကို စိုးရိမ်စိတ်နဲ့ စဉ်းစားတာဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒီအချက်ကို သမ္မတ အိုဘားမားကလည်း သဘောတူကြောင်း Reuters သတင်းဌာနနဲ့ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ တွေ့ဆုံခန်းမှာ ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ စောစောပိုင်းတုန်းကတော့ အမေရိကန်အနေနဲ့ လက်ခံမယ် နိုင်ငံတကာ သဘောတူညီမှု မှန်သမျှဟာ အစ္စရေးလ်နိုင်ငံ လုံခြုံစိတ်ချရမှုကို ဖြစ်စေရမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။ တနင်္လာနေ့ ဝါရှင်တန်ဒီစီမြို့တော်မှာ အစ္စရေးလ်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုမှာ မိန့်ခွန်းပြောကြားစဉ် Mr. Netanyahu က အမေရိကန် အစိုးရအနေနဲ့ အစ္စရေးလ်နိုင်ငံအပေါ် ထောက်ခံပေးမှုကို သူ့အနေနဲ့ လှိုက်လှိုက်လှဲလှဲ တန်ဖိုးထားပါကြောင်း ပြောကြားသွားပါတယ်။

XS
SM
MD
LG