သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယားဆွေးနွေးပွဲ သတ်မှတ်ရက်ထပ်တိုး


အီရန်နိုင်ငံနဲ့ အမေရိကန် အပါအဝင် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံကြား အဆင့်မြင့် စေ့စပ်ညှိနှိုင်းမှုတွေမှာ တိုးတက်မှုအချို့ ရှိခဲ့တယ်လို့ နှစ်ဘက်စလုံးက ပြောဆိုအပြီး နောက်တနေ့မှာပဲ ဒီဆွေးနွေးပွဲကို သြစတြီးယားနိုင်ငံ ဗီယန်နာမြို့မှာ ပြန်စနေကြပါတယ်။ ဒါပေမဲ့လည်း အဓိကကွဲလွဲချက်တွေအပေါ် သဘောတူညီချက်တော့ မရကြသေးပါဘူး။

တိုးတက်မှုတွေရှိခဲ့သလို လုပ်စရာတွေ အများကြီးရှိနေတဲ့အကြောင်းနဲ့ ခက်ခဲပေမဲ့လည်း နှစ်ဘက်စလုံးက ဒီကိစ္စကို ရိုးရိုးသားသားနဲ့ အပြင်းအထန် ကြိုးစားနေပြီး၊ အချိန်အကန့်အသတ်နဲ့ လုပ်ကိုင်နေရတာကို လူတိုင်းက နားလည် သဘောပေါက်အောင် လုပ်နေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောသွားပါတယ်။

ကွဲပြားမှုတွေရှိနေပေမဲ့လည်း သဘောတူညီမှုရဖို့ အရင်ကထက်ပိုပြီး နီးကပ်လာနေပေမဲ့ ဘာမှတော့ မကျိန်းသေသေးဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ကလည်း ပြောပါတယ်။ နိုင်ငံတကာက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့အတွက် အလဲအလှယ်အဖြစ်နဲ့ အီရန်နျူကလီးယား အစီအစဉ်ကို လျှော့ချဖို့် အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့အကြား ဆွေးနွေးမှုတွေကို ဂျူလိုင် ၇ ရက်၊ အင်္ဂါနေ့မှာ နောက်ဆုံး သတ်မှတ်ရက်ထားပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဉ်ဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့အထိ ရည်ရွယ်ထားတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက နှစ်ပေါင်းအတော်ကြာအောင် သံသယ ရှိနေကြတာပါ။ အီရန်ဘက်ကတော့ ဒါကိုငြင်းဆန်ပြီး ဒီအစီအစဉ်ဟာ ငြိမ်းချမ်းရေးနဲ့ ပြည်သူ့အကျိုးအတွက် ရည်ရွယ်တာဖြစ်တယ်လို့ ပြောဆိုနေတာဖြစ်ပါတယ်။

XS
SM
MD
LG