သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယား ဆွေးနွေးပွဲ ရက်ထပ်တိုးတော့မည်မဟုတ်


အီရန်နိုင်ငံနဲ့ ပြုလုပ်နေတဲ့ နျူကလီးယား အရေး ဆွေးနွေးပွဲတွေဟာ ရက်အကန့်အသတ်မရှိ ပြုလုပ်နေတာမျိုး မဟုတ်ဘဲ နောက်ဆုံးအကြိမ်အဖြစ် မကြာသေးခင်က သက်တမ်း ထပ်တိုးလိုက်တာဖြစ်ကြောင်း အနောက်အုပ်စုက သံတမန်တွေက Vienna မြို့မှာ ပြောပါတယ်။

ဆွေးနွေးပွဲတွေကို ဒီထက်ရက်ထပ်တိုးဖို့ သူတို့အနေနဲ့ အကြောင်းမမြင်ကြောင်း၊ အခုသက်တမ်းတိုးထားတဲ့ ၄၈ နာရီအတွင်း သဘောတူညီချက် ရရင်ရ၊ မရရင်လည်း ဆက်ဆွေးနွေးစရာ အကြောင်းမရှိကြောင်း အမည်မဖော်လိုတဲ့ သံတမန်တဦးက သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောလိုက်တာပါ။

အပြီးသတ် သဘောတူညီချက်ကို ဇွန်လ ၃၀ ရက်နေ့မှာ ရနိုင်ရေးအတွက် မူလက သတ်မှတ်ထားခဲ့ကြပေမဲ့ သတ်မှတ်ရက်အတွင်း သဘောတူညီမှု မရနိုင်တဲ့အတွက် လာမယ့် သောကြာနေ့အထိ သက်တမ်း ထပ်တိုးထားတာ ဖြစ်ပါတယ်။

အီရန်ဘက်က စေ့စပ် ညှိနှိုင်းရေးမှူးတွေကတော့ အပြီးသတ် သဘောတူညီချက် ရနိုင်မယ့်ရက်ကို သတ်မှတ်ထားခြင်း မရှိကြောင်းပြောပေမဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောခွင့်ရအမျိုးသမီး Marie Harf ကတော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ အချိန်သတ်မှတ်ချက်ထက် ဆွေးနွေးနေတဲ့ အကြောင်းအရာတွေရဲ့ အရည်အသွေးအပေါ်မှာ စိုးရိမ်မှု ပိုရှိကြောင်း ပြောပါတယ်။

အီရန်အနေနဲ့ နျူကလီးယားလက်နက် တည်ဆောက်နိုင်မယ့် အဆင့်မရောက်နိုင်တဲ့ ယူရေနီယံ ပိုင်ဆိုင်မှုကို လျော့ချဖို့အတွက် ကမ္ဘာ့ အင်အားကြီး ၆ နိုင်ငံဖြစ်ကြတဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနဲ့ အမေရိကန် ပြည်ထောင်စုတို့က ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အီရန်စီးပွားရေးကို ချွတ်ခြုံကျစေခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို လျော့ချပေးပြီး နောက်ပိုင်းမှာ အပြီးသတ် ရုပ်သိမ်းပေးသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG