သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားသဘောတူညီချက် အီရန်လွှတ်တော်အတည်ပြု


အီရန်နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ သဘောတူညီခဲ့တဲ့ စာချုပ်ကို အီရန်လွှတ်တော်က အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။ လွှတ်တော်မှာ ထောက်ခံမဲ ၁၆၁ မဲ၊ ကန့်ကွက်မဲ ၅၉ မဲ၊ ကြားနေ ၁၃ မဲနဲ့ ဒီစာချုပ်ကို အတည်ပြုလိုက်တာ ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့ IRNA က ကြေညာခဲ့ပါတယ်။

ဒီအီရန်နျူကလီးယားအစီအစဉ် သဘောတူညီမှုစာချုပ်ကို ပြန်ပြီးသုံးသပ်ဖို့ အမေရိကန်လွှွတ်တော်က ရက်ပေါင်း (၆၀) သတ်မှတ်ခဲ့ပြီးနောက် လွန်ခဲ့တဲ့လက ရီပတ်ပလစ်ကန်ပါတီရဲ့ ကန့်ကွက်မဲတွေကို ဒီမိုကရက်ပါတီဘက်က ဟန့်တားနိုင်ခဲ့ပါတယ်။

အမေရိကန် အပါအဝင်၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ ဂျာမနီ စတဲ့ အင်အားကြီး ၆ နိုင်ငံ ပါဝင်တဲ့အုပ်စုနဲ့ အီရန်နိုင်ငံ တို့အကြား ဇူလိုင်လက သဘောတူညီမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အချိန်အတော်ကြာခဲ့တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ နောက်ဆုံးသဘောတူညီချက် ရဖို့ သတ်မှတ်ထားတဲ့ ရက်တွေကို အကြိမ်များစွား တိုးချဲ့ခဲ့ပြီးနောက်မှာ အခုလို နှစ်ဘက်စာချုပ် ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသဘောတူညီမှုအရ အီရန်အနေနဲ့ သူရဲ့နျူကလီးယားအစီအစဉ်ကို ကန့်သတ်မှာဖြစ်ပြီး အပြန်အလှန်အားဖြင့် မကြာသေးခင်နှစ်တွေအတွင်း အီရန်နိုင်ငံရဲ့ စီးပွားရေးကို ဆိုးရွားထိခိုက်စေတဲ့ ပိတ်ဆို့အရေးယူမှုတွေကို လျှော့ချမှာ ဖြစ်ပါတယ်။

XS
SM
MD
LG