သုံးရလွယ်ကူစေသည့် Link များ

မြေထဲပင်လယ် ဒုက္ခသည်တွေ သေဆုံးမှု ဥရောပကို ကုလဝေဖန်


အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကနေ ဥရောပတိုက်ကို ထွက်ပြေးလာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ မြေထဲပင်လယ်ပြင်အတွင်း နစ်မြုပ် သေဆုံးမှု အရေအတွက် များပြားလာနေတဲ့အပေါ် အကြင်နာတရား ကင်းမဲ့စွာနဲ့ အချိန်မှီ တုံ့ပြန် ဆောင်ရွက်ခြင်း မရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက ဥရောပနိုင်ငံတွေကို တနင်္လာနေ့မှာ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

လစ်ဗျားနိုင်ငံ ကမ်းခြေတခုကနေ အီတလီနိုင်ငံတောင်ပိုင်း Lampedusa ကျွန်းကို အနည်းဆုံး လူပေါင်း ၇၀၀ လောက် တင်ဆောင်လာတဲ့သင်္ဘော ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်းက အလာ လမ်းတဝက်မှာ တိမ်းမှောက်သွားတဲ့ကိစ္စအပေါ် သူ့အနေနဲ့ ထိတ်လန့် တုန်လှုပ်မိပေမဲ့ မအံ့သြမိဘူးလို့ လူ့အခွင့်အရေး အကြီးအကဲ Zeid Raad al-Hussein က ပြောပါတယ်။

ဥရောပတိုက်ဟာ ကမ္ဘာမှာ အကူအညီ အလိုအပ်ဆုံး ရွှေ့ပြောင်းနေထိုင်သူတွေကို ကျောခိုင်းထားပြီး မြေထဲပင်လယ်ကြီးကို သင်္ဂြိုင်းမြေဖြစ်အောင် လုပ်ပစ်နေတယ်လို့ ပြောပါတယ်။ ဥရောပတိုက်အတွင်း အုပ်ချုပ်ရေးယန္တယား ပြိုပျက်နေတာနဲ့ ဂရုဏာတရား ခေါင်းပါးနေမှုအပေါ် သူက ပြစ်တင် ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စအတွက် အီးယူနိုင်ငံခြားရေးနဲ့ ပြည်ထဲရေးဝန်ကြီးတွေ Luxembourg မှာ အရေးပေါ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြေထဲပင်လယ်ပြင်အတွင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ၂ ဆတိုး ဆောင်ရွက်မယ့် အစီအစဉ်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ဟာ အကုန်အကျများတာ အပါအဝင် အဲဒီလို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်းအားဖြင့် ဥရောပတိုက်အတွင်းကို ရွှေ့ပြောင်းနေထိုင်သူတွေ တိုးမြင့်ရောက်လာမှာ စိုးရိမ်တဲ့အတွက်ကြောင့်ပါ အီတလီနိုင်ငံက မနှစ်က ပယ်ဖျက်လိုက်တဲ့ ကယ်ဆယ်ရေးအစီအစဉ်ထက် သေးနေတယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေ မရပ်မနား ရောက်လာနေတဲ့ကိစ္စ ကြာသပတေးနေ့မှာ ထိပ်သီး စည်းဝေးပွဲကျင်းပဖို့ ဥရောပကောင်စီ ဥက္ကဌ Donald Tusk က အရေးပေါ် စည်းဝေးပွဲ ခေါ်ယူ ထားပါတယ်။

XS
SM
MD
LG