သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီနိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်စု သတင်းစာ ရှင်းလင်းပွဲ


အီတလီနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
အီတလီနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

အီတလီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အခြေအနေပေါ်မှာ စီးပွားရေးအရ ယဉ်ကျေးမှုအရ အကူအညီတွေ ပေးသွားဖို့ရှိတယ်လို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အီတလီအနေနဲ့ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအခြေအနေအပေါ်မှာ နားလည်မှုရှိပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လို အကူအညီပေးနိုင်မလဲဆိုတာအပေါ်မှာလည်း မေးမြန်းဆွေးနွေးခဲ့တယ်လို့ အီတလီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံကို သုံးရက်ကြာ ခရီးအဖြစ် လာရောက်ခဲ့တဲ့ အီတလီနိုင်ငံခြားရေး ဝန်ကြီး Paolo Gentiloni ဟာ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ရော သမ္မတ ဦးထင်ကျော်နဲ့ပါ တွေ့ဆုံပြီး အီတလီဖက်က အကူအညီပေးနိုင်မယ့် အခြေအနေတွေကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အီတလီနိုင်ငံခြားရေးဝန်ကြီးက သမ္မတ ဦးထင်ကျော် နဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ရော တွေ့ဆုံ (Photo- Myanmar President office )
အီတလီနိုင်ငံခြားရေးဝန်ကြီးက သမ္မတ ဦးထင်ကျော် နဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ရော တွေ့ဆုံ (Photo- Myanmar President office )

ဒီကနေ့ မနက်ပိုင်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံခဲ့တာနဲ့ပတ်သက် လို့တော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို အခုလိုရှင်းလင်းခဲ့ပါတယ်။

“အီတလီနဲ့ မြန်မာအကြား ဆက်ဆံရေးနဲ့ပတ်သက်လို့ ကိစ္စရပ်အတော်များများဆွေးနွေးခဲ့ပါတယ်။ အီတလီဖက်ကလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးအရဖြစ်စေ ယဉ်ကျေးမှုပိုင်းအရဖြစ်စေ ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ်မှာ အကူအညီပေးသွားဖို့ရှိပါတယ်။ နောက် နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပါအဝင် အခြားနှစ်နိုင်ငံ အကျိုးစီးပွား ဆိုင်ရာကိစ္စတွေ ဆွေးနွေးပါတယ်။”

မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လေ့လာပြီး အီတလီအနေနဲ့ ဘယ်လို ထိထိရောက်ရောက် အကူအညီပေးနိုင်မလဲဆိုတာ သုံးသပ်သွားမယ်လို့ အီတလီနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ သုံးသပ်ချက်ကို မေးမြန်းခဲ့ပါတယ်။ ကျနော်တို့ရဲ့ အကူအညီတွေ ဘယ်လိုထိရောက်အောင် လုပ်နိုင်မလဲဆိုတာ သိနိုင်ဖို့ပါ။ နောက် ကျေးလက်ဖွံဖြိုးရေး အလုပ်အကိုင်သစ်ရှာဖွေရေး ယဉ်ကျေးမှုအမွေအနှစ် ထိမ်းသိမ်းရေး၊ မြို့ပြစီမံကိန်း စတဲ့ကိစ္စရပ် အတော်များများ ဆွေးနွေးပါတယ်။”

အီတလီနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေအပေါ် နားလည်ပြီး၊ ရှေ့လျှောက်နှစ်နိုင်ငံ ဆက်ဆံရေး ဒီထက်ပိုကောင်းလာဖို့ မျှော်လင့်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

“ကျမတို့နိုင်ငံမှာ ဒီမိုကရေစီအခြေခိုင်စေဖို့၊ ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်မှုရရှိဖို့၊ တိုင်းပြည်ညီညွတ်ရေးအတွက် လိုအပ်တဲ့အခြေခံကောင်းတွေ ရရှိစေဖို့ ကျမတို့ ကြိုးစားလုပ်ဆောင်နေမှုတွေအပေါ်မှာ အီတလီဝန်ကြီးချုပ်အနေနဲ့ စာနာ နားလည်နိုင်ဖို့ ကျမ အပြည့်အ၀ ယုံကြည်ပါတယ်။ ကျမတို့နိုင်ငံမှာ လူမျိုးပေါင်းစုံ ရှိနေတဲ့အခါကြတော့ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အလေးပေးရပါတယ်။ ညီညွတ်မှုနဲ့ ငြိမ်းချမ်းမှုမရှိပဲနဲ့တော့ ဘာကိုမှ အောင်မြင်မှုရမှာမဟုတ်ပါဘူး။”

ဖွံဖြိုးရေးကိစ္စတွေမှာ အသေးစားနဲ့အလတ်စားလုပ်ငန်းရှင်တွေ အားကောင်းလာအောင် အီတလီနိုင်ငံအနေနဲ့ ဆောင်ရွက်နိုင်ခဲ့တဲ့ အတွေ့အကြုံကောင်းတွေအတိုင်း၊ မြန်မာနိုင်ငံကို အကူအညီပေးနိုင်ဖို့ အီတလီဖက်က မျှော်လင့်နေပါတယ်။ လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုတွေကိုလည်း အီတလီနိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာချီးကျူးပြောဆိုခဲ့ပါတယ်။

“လမ်းကြောင်းမှန်ပေါ်ရောက်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်းကူးပြောင်းရေးလုပ်ငန်းတွေ ထိရောက်အောင်မြင် ပြီးပြတ်စေဖို့လုပ်ငန်းတွေကို အီတလီအနေနဲ့ ဥရောပအနေနဲ့ ကူညီသွားမှာပါ။ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းတွေအပေါ်မှာလည်း ကျနော်တို့ အများကြီး အားရကျေနပ်မိပါတယ်။”

အီတလီအနေနဲ့ မြန်မာနိုင်ငံအပေါ် အကူအညီပေးဖို့ စိတ်ဝင်စားတဲ့ ရန်ကုန်မြို့တော် သမိုင်းအမွေအနှစ်ထိမ်းသိမ်းရေးနဲ့ အခြားမြို့ပြ စီမံကိန်းကိစ္စတွေလည်း ပါဝင်ပါတယ်။ အီတလီနိုင်ငံခြားရေးဝန်ကြီး Paolo Gentiloni ဟာ မြန်မာအစိုးရသစ်လက်ထက် မြန်မာနိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားခံရတဲ့ ဒုတိယမြောက် နိုင်ငံတကာသံတမန်အကြီးအကဲဖြစ်သလို အနောက်နို်င်ငံတွေထဲကဆိုရင်တော့ ပထမဆုံး နိုင်ငံတကာဧည့်သည်ဖြစ်ပါတယ်။

XS
SM
MD
LG