သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အထက်ပိုင်း မိုးသက် လေပြင်း ကြောင့် လူ ၁၆ ဦး သေဆုံးခဲ့


လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သဘာဝဘေးသင့် ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံ။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သဘာဝဘေးသင့် ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း မြန်မာနိုင်ငံ နေရာအတော်များများမှာ မိုးသက်လေပြင်း ကျရောက်ပြီး မိုးသီး ကြွေတာတွေကြောင့် ၁၆ ယောက် သေဆုံးပြီး အိုးအိမ်ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေး ဌာန ဝန်ကြီးက ပြောပါတယ်။ ပြည်တွင်း ပရဟိတ ကူညီပေးရေးအဖွဲ့တွေ နဲ့အတူ ဝန်ကြီးဌာန အနေနဲ့ ကူညီ ကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မခင်ဖြူထွေးက မေးမြန်းထားပါတယ်။

ဒေါက်တာဝင်းမြတ်အေး။ ။ စဉ့်ကိုင်၊ ကျောက်ဆည်၊ မြစ်သား အဲ့ဒီ့အထိအောင် ကျနော်တို့ သွားတယ်။ သွားပြီးတော့ အဲ့ဒီ့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်တယ်။ လုပ်ပြီးတော့ မြစ်သားကနေ နေပြည်တော်ကို အရေးကြီးတဲ့ အစည်းအဝေး တခုရှိလို့ ပြန်တယ်။ ပြန်ပြီးတော့ ပြန်ထွက်တော့ ကျနော်တို့ ရှမ်းမြောက်ကို ပြန်ထွက်တယ်။ ပြန်ထွက်တော့ မိုးမိတ်နဲ့ မဘိမ်းပေါ့နော်။ မိုးမိတ်မှာ ကျနော်တို့ ကယ်ဆယ်ရေးတွေ ဆောင်ရွက်တယ်။ အဲ့ဒီ့ကမှ အပြန် ဒီနေ့တော့ ကျနော်တို့ ရှမ်းတောင်ဘက်ကို ရောက်သွားတယ်။ ရှမ်းတောင်ဘက်ကိုရောက်တော့ ရွာငံနဲ့ ပင်းတယကို ရောက်တယ်။ အဲ့မှာ လုပ်ခဲ့ပြီးတော့ အခု ကျနော်တို့ နေပြည်တော်ကို ပြန်လာနေပြီ။

သဘာဘေးသင့်ဒေသတွေကို ဝန်ကြီးသွားရောက်
သဘာဘေးသင့်ဒေသတွေကို ဝန်ကြီးသွားရောက်

မခင်ဖြူထွေး။ ။ လူအသေအပျောက် ရှိတယ်ကြားပါတယ် ဝန်ကြီး တချို့ဆို အိမ်တအိမ်လုံး ပျက်သွားတာတို့ တစိတ်တပိုင်း ပျက်တာတို့ပေါ့။ အဲ့ဒီ့အခြေအနေကရော။

ဒေါက်တာဝင်းမြတ်အေး။ ။ လူအသေအပျောက်ကတော့ စစ်ကိုင်းတိုင်းမှာ ၇ ဦး၊ မန္တလေးတိုင်းမှာက ၆ ဦး။ နောက်တခါ ရှမ်းပြည်နယ်မှာ ၃ ဦး။ ပြိုတာတွေကတော့ အိမ်သေးသေးတွေပဲ များသောအားဖြင့် ပြိုတာ။ အိမ်ကြီး အိမ်ခန့်တွေကတော့ မပြိုပါဘူး။ ပြိုတဲ့ဟာတွေက တချို့ရွာတွေမှာ ဆင်းရဲတော့ အများအားဖြင့် တဲသာသာပေါ့နော်။ တဲသာသာတွေ ပြိုတာပါ။ အကြီးအကျယ်ကြီးတွေ မပြိုပါဘူး။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကလည်း သွပ်တွေ အများကြီးပဲ နေရာအနှံ့မှာ သူတို့ လိုက်ပြီးတော့ လှူဒန်းနေတာတွေရှိတယ် ဝယ်ပြီးတော့ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ သွပ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လေဘေးနဲ့ပတ်သက်ပြီး တော်တော်ကြီးကို လှုပ်ရှားနေတာ တွေ့ရတယ်။

လေဘေးသင့်ဒေသ
လေဘေးသင့်ဒေသ

ကျနော်တို့ အစိုးရဘက်ကလည်း ကျနော်တို့ တတ်နိုင်သလောက် လုပ်တာတွေ ရှိတယ်။ တခြားလူမှုအဖွဲ့အစည်းတွေ လည်း လာတယ်။ လာကြပါတယ်။

မခင်ဖြူထွေး။ ။ ဟုတ်ကဲ့။ ဝန်ကြီးတို့ဌာနအနေနဲ့ အစိုးရနဲ့ တခြားအဖွဲ့တွေ ပရဟိတအဖွဲ့တွေ အားလုံးစုပေါင်းပြီး တော့ လုပ်ကြတယ်ဆိုတဲ့သဘောပေါ့။

ဒေါက်တာဝင်းမြတ်အေး။ ။ အဲ့ဒီ့သဘော ညီညီညွတ်ညွတ်ပဲ။ လတ်တလောဖြစ် တဲ့အခါမှာလေ သစ်ပင်တွေပြိုကျလို့ လမ်းတွေပိတ် တယ်ဆိုတာ တော်တော်ဖြစ် တယ်။ သစ်ပင်ကြီးတွေလည်း ပြိုတယ်။

စစ်တပ်က ကူညီရှင်းလင်း
စစ်တပ်က ကူညီရှင်းလင်း

အဲ့ကျတော့ ဘာလုပ်ပေးလဲဆိုတော့ ချက်ခြင်း လာလုပ်ပေးတာက အရမ်းဝမ်းသာစရာကောင်းတာက တပ်မတော်ကူညီတယ်။ မီးသတ်ကူညီတယ်။ ကြက်ခြေနီကူညီတယ်။ လူမှုအဖွဲ့အစည်းတွေက ကူညီတယ်။ ချက်ခြင်း လာရှင်းတာ။ တပ်မတော်သားတွေ အများကြီးပဲ ထွက်လာတယ်။

မခင်ဖြူထွေး။ ။ ဟုတ်ကဲ့ အခုရှေ့လျောက်မှာလည်း ရာသီဥတုနဲ့ပတ်သက်ပြီးတော့ သတိပေးချက်တွေက ရှိနေပါသေးတယ်။ ဥပမာ အပူလှိုင်းဒဏ်ခံနေရတဲ့ အခြေအနေတွေ အခုလို မိုးသက်လေပြင်းကျရောက်တဲ့ အခြေအနေတွေ ဆိုတော့ ဒီလို အခြေအနေတွေ ပတ်သက်ပြီးတော့ ဝန်ကြီးတို့အနေနဲ့ လူထုကို အသိပညာပေး တာ ဒီလိုမျိုး အခြေအနေတွေ နောက်တခါ ဖြစ်လာရင်လည်း ဘယ်လိုမျိုး ကိုင်တွယ်သွားနိုင်မလဲဆိုတာ ကြိုတင်ပြင်ဆင်ထားတာမျိုးရော ရှိပါလားရှင့်။

ဒေါက်တာဝင်းမြတ်အေး။ ။ ရှိတယ်။ ကျနော်တို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ နေရာချထားရေးဝန်ကြီးဌာနက အဓိက က ကြိုတင်ပြင်ဆင်တဲ့အပိုင်းတွေ လုပ်နေတာပေါ့။ ဖြစ်ရင်လည်း ထိထိရောက်ရောက် အမြန်တုန့်ပြန်နိုင်တဲ့ နည်းလမ်းတွေ လုပ်နေတယ်။ ကြိုတင်ပြင်ဆင်တဲ့အပိုင်းကတော့ အပူဒဏ်နဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ ရေရှားပါးတယ်။ ကျနော်တို့ ရေ လိုက်လှူတယ်။ အဲ့ဒီ့အချိန်မှာ ကျနော်တို့ ရေကို ချွေတာ သုံးစွဲဖို့ ရေနဲ့ပတ်သက်ပြီး ပညာပေးကို အမြဲတမ်း မီဒီယာတွေကနေတဆင့် လွှင့်နေတယ်။

နောက်တခါကျတော့ မိုးသီးတွေ ကြွေနေတယ်ဆိုတော့ မိုးသီးနဲ့ပတ်သက်ပြီးတော့ တိရစ္ဆာန်တွေကို အပြင်မှာ ဘယ်လိုထားမလဲ။ နောက် သူတို့ ရဲ့ပစ္စည်းတွေကိုလည်း အဖုံးအကာနဲ့ ထားဖို့ စသဖြင့် နောက် ငလျင်နဲ့ပတ်သက်ပြီးတော့လည်း ပြီးခဲ့အပတ်က ငလျင်လှုပ်သွားတာဖြစ်တော့ ငလျင်နဲ့ပတ်သက်ပြီးတော့လည်း ပညာပေးတွေကို လုပ်နေတယ်။ ဆိုတော့ ဖြစ်ရင် ထိထိရောက်ရောက် လုပ်ဖို့ အပိုင်းကိုလည်း ဆောင်ရွက်နေတယ်။ Rapid Response Team ဆိုတာရှိတယ်။ ကျနော်တို့မှာ အလျှင်အမြန်တုန့်ပြန်နိုင်တဲ့အဖွဲ့ ကျနော်တို့ ဖွဲ့စည်းထားတယ်။ ပြည်နယ်နဲ့တိုင်းတွေက တဆင့် ဖွဲ့စည်းပြီးတဲ့အခါကျတော့ အမြန်တုန့်ပြန်နိုင်တဲ့နည်းလမ်းတွေနဲ့ ဖြစ်ရင် ချက်ခြင်း ရောက်သွားအောင် နောက်ပြီးလို့ ရှိရင်လည်း ကျနော်တို့ကို ချက်ခြင်း သတင်းပို့ဖို့ပေါ့။ ချက်ခြင်း သတင်းပို့ဖို့ လိုင်းတွေ ကျနော်တို့ ဖွင့်ထားတယ်။ ကျနော်တို့ ချက်ခြင်း သတင်းရအောင်ယူတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေး ဌာန ဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မခင်ဖြူထွေးက မေးမြန်းထားတာဖြစ်ပါတယ်။

XS
SM
MD
LG