သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကမှောင်ခိုဆင်စွယ်တွေ ထိုင်းမှာဖမ်းမိ


အရှေ့တောင်အာရှကိုတဆင့် ပို့ပေးတဲ့ တရားမဝင် ဆင်စွယ်တွေကို ထိုင်းအကောက်ခွန်အရာရှိတွေက ဖမ်းမိကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။အခုတကြိမ်ဟာ မှောင်ခိုသွင်းတဲ့ ဆင်စွယ်တွေကို အများဆုံး ဖမ်းဆီးမှုတခုဖြစ်ပါတယ်။

အာဖရိကဆင်တွေရဲ့ ဆင်စွယ်ပေါင်း ၇၉၃ ခုကို ခင်းကျင်းပြသရင်း မက်ထရစ်တန်ချိန် လေးတန် ရှိတဲ့ အဲဒီမှောင်ခိုဆင်စွယ်တွေကို ဘန်ကောက်ဆိပ်ကမ်းမှာ စနေနေ့က ဖမ်းမိခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အခုလိုဖမ်းဆီးမှုဟာ ထိုင်းနိုင်ငံရဲ့သမိုင်းမှာ တန်ချိန်အများဆုံး မဟုတ်ပေမဲ့လို့လည်း အတော်လေး ထူးခြားတဲ့ဖမ်းဆီးမှုလို့ ယူဆရပါတယ်။ ၂၀၀၂ ခုနှစ်က စင်္ကာပူမှာ ဆင်စွယ်တန်ချိန် ၇.၂ တန် ဖမ်းဆီးရမိပြီး ၂၀၁၂ ခုနှစ်က မလေးရှားအာဏာပိုင်တွေက ဆင်စွယ်တန်ချိန် ၆ တန်ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဆင်စွယ်တွေကို ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံကလာတဲ့ ဂုံနီအိတ်တွေထဲမှာ ဖွက်သယ်ဆောင်လာပြီး လောနိုင်ငံကို ပို့ဆောင်ဖို့ ဖြစ်ပါတယ်။ အဲဒီကမှတဆင့် နောက်ဆုံးတရုတ်ဈေးကွက်ကို ရောက်လိမ့်မယ်လို့ ယူဆရပါတယ်။

ထိုင်းနိုင်ငံ၊ ကွန်ဂိုနဲ့ နိုက်ဂျီးရီးယားတို့ဟာ နိုင်ငံတကာ ဆင်စွယ်မှောင်ခိုရောင်းချမှုမှာ ပါဝင်ပတ်သက်ဆုံး နိုင်ငံသုံးနိုင်ငံဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေအဆိုအရ ၂၀၁၃ ခုနှစ်မှာ ကျန်ရှိတဲ့အာဖရိကဆင်ပေါင်း ၅ သိန်းအနက် ၂ သောင်းကို အာရှကို ဆင်စွယ်တင်ဖို့ပို့အတွက် တရားမဝင် သတ်ဖြတ်ခံခဲ့ကြရတယ်လို့ ပြောပါတယ်။

တရားမဝင် ဆင်စွယ် ၇၀% ဟာ တရုတ်နိုင်ငံကို တင်ပို့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ လူလတ်တန်းစားနဲ့ ချမ်းသာတဲ့လူတန်းစားတို့ဟာ ဆင်စွယ်နဲ့လုပ်တဲ့ ပစ္စည်းတွေကို ကံကောင်းတဲ့ အထိမ်းအမှတ်အဖြစ် ယူဆထားသူတွေ ဖြစ်ပါတယ်။

XS
SM
MD
LG