သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တက္ကသိုလ်က Johns Hopkins တက္ကသိုလ် အစီအစဉ်များ ရုပ်သိမ်း


ရန်ကုန်တက္ကသိုလ်။
ရန်ကုန်တက္ကသိုလ်။

အမေရိကန် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Johns Hopkins University တက္ကသိုလ်ဟာ မြန်မာနိုင်ငံ တက္ကသိုလ်အသီးသီးက ဆရာဆရာမတွေနဲ့ ဘွဲ့လွန်ကျောင်းသားတွေ အတွက် International Center of Excellence (ICOE) ဆိုတဲ့ အဆင့်မြင့်ပညာရပ်တွေ နိုင်ငံတကာစံနှုန်းတွေနဲ့ လွတ်လွတ်လပ်လပ် သင်ကြား နိုင်ဖို့ ပြည်တွင်း ကို လာရောက်ပြီး သင်ကြားရေးလုပ်ငန်းတွေ လုပ်နေခဲ့ပါတယ်။ ဒါပေမဲ့ ပညာရေးဝန်ကြီး အပြောင်းအလဲဖြစ်အပြီး ဆက်လက် လုပ်ကိုင်ရမယ့် အခြေအနေတွေ ကို ညှိနှိုင်း မရတာကြောင့် သူတို့ ရဲ့ လုပ်ငန်းတွေ အားလုံးကို ဒီ ၂၀၁၅ ခုနှစ် ထဲမှာ ပဲ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ စုံစမ်းမေးမြန်း ထားတဲ့ ကိုသားညွန့်ဦးက အကြောင်းစုံ ပြောပြပေးမှာပါ။

မေး။ ။ ဒေါက်တာဖုန်းဝင်းခင်ဗျ။ အခုပညာရေးဝန်ကြီးဌာနနဲ့ Johns Hopkins University တို့ လုပ်ထားတဲ့ အစီအစဉ်ကို ပညာရေးဝန်ကြီးဌာန ဘက်က လက်မခံဘူးဆိုတာ ဘယ်လိုအချက်ကြောင့် အဓိက သူတို့ လက်မခံဘူးလို့ ပြောထားပါလဲခင်ဗျ။

"အဓိက သူတို့ပေးထားတဲ့စာပေါ့လေ။ အရင်ဝန်ကြီးပေးထားတဲ့ စာကနေပြီးတော့ ကျနော်တို့ MOU-memorandum of understanding ထိုးဖို့ပေါ့နော်။ နားလည်မှု စာခွျှန်လွှာ ထိုးဖို့အချိန်မှာ နဂိုက ပေးထားတဲ့အထဲမှာ Academic freedom တို့ ၊ independent ဖြစ်မယ် တို့ပါတယ်။ အဲ့တာတွေကို သူတို့က အဓိက မပေးချင်တာပေါ့။ ဆိုတော့ သူတို့ကတော့ ဒီလို သိပ်လွတ်လပ်ခွင့်ပေး လိုက်လို့ရှိရင် နောက်ကျရင် သူတို့က ထိန်းမနိုင်ဘူးဖြစ်မှာ စိုးရိမ်တယ်။ ရှင်းရှင်းပြောရရင် သူတို့က ဒီဟာကို ထိန်းထားချင်တယ်ပေါ့။ ဒီလိုလွတ်လွတ်လပ်လပ် မပေးချင်ဘူးပေါ့။ အဲ့တာက အဓိက ထောက်တဲ့အချက်ပေါ့။

မေး။ ။ အရင်က သဘောတူညီချက်က ဘယ်လိုလဲခင်ဗျ။

"အရင်သဘောတူညီချက်က အရင်ပညာရေးဝန်ကြီး ဒေါက်တာမြအေး လက်ထက်တုန်းက Academic freedom လည်းရှိတယ်။ independent လည်း ဖြစ်တာ အာမခံထားတယ်။ ကိုယ်ပိုင်လွတ်လပ်ခွင့်လည်းရှိရမယ်။ အုပ်ချုပ်ခွင့်လည်း ရှိရမယ်ဆိုပြီး ပေးထားတာပေါ့။ သူက အဲ့လိုလုပ်နေတဲ့အချိန်မှာ သက်ဆိုင်ရာ ပါမောက္ခ တွေ၊ ပါချုပ်တွေကို အကြောင်းကြားတယ်။ အကြောင်းကြားပြီးတော့ သူတို့လုပ်စရာရှိတာကို လုပ်နေတယ်။ ဆိုတော့ အဲ့လိုဟာမျိုးကို သူတို့က မပေးချင်တာပေါ့လေ။ အကုန်လုံး သူတို့ခွင့်ပြုမှ လုပ်ရမယ်ဆိုတဲ့ သဘောမျိုး မြင်ချင်တာပေါ့လေ။"

မေး။ ။ ဟုတ်ကဲ့။ အရင်က သဘောတူထားတယ်ဆိုတဲ့အချက်က MOU သဘောမျိုးလား၊ စာရွက်စာတမ်းနဲ့လား ဘယ်လိုမျိုး သဘောတူထားလဲခင်ဗျ။

" အရင်တုန်းကတော့ ပညာရေးဝန်ကြီးက စာထုတ်ပေးထားတာပေါ့။ ဒီမှာလာပြီးတော့ အမေရိကန် Johns Hopkins University က သင်ပေးပါ။ သင်ပေးရင် ဒီဟာတွေကို အာမခံတယ်ဆိုတဲ့ သဘောမျိုး စာပေးထားတာပေါ့ဗျာ။ ဝန်ကြီးတစ်ယောက်အနေနဲ့ ပေးထားတာပေါ့။ ဆိုတော့ အဲ့ဒီ့စာကိုပဲ ဒီ MOU ထိုးဖို့အတွက် ညှိနှိုင်းနေတဲ့ အချိန်အတွင်းမှာ ဒီစာကို ပယ်ဖျက်တယ်ဆိုပြီးတော့ အခုလက်ရှိ ပညာရေးဝန်ကြီးကနေပြီးတော့ အကြောင်းကြားလိုက်တာ။ ဆိုတော့ နောက်ထပ် MOU မှာလည်း ဒီအချက်တွေကို ဆက်ပြီးတော့ အသိအမှတ် မပြုတဲ့အပြင်ကို နဂို သဘောတူပြီးသားဟာတွေကိုပါ ပယ်ဖျက်တယ်ဆိုပြီးတော့ အကြောင်းကြားလိုက်တဲ့ အခါကျတော့ ဒါက လူကြီးလူကောင်းတွေအချင်းချင်း ဆက်ဆံနေတဲ့အခါမှာ သိပ်အရေးကြီးတဲ့အချက်ပေါ့ဗျာ။ ဆိုတော့အရင်တုန်းက သဘောတူညီခဲ့တဲ့ အချက်တွေကို နောက်လူကနေပြီးတော့ ဒါ မပြင်သင့် တာပေါ့လေ။ မပယ်ဖျက်သင့်ပဲနဲ့ ပယ်ဖျက်လိုက်တယ်ပေါ့။ ဘာမှလည်း အကြောင်း မရှိပဲနဲ့ လုပ်လိုက်တယ်ဆိုတော့ သူတို့အနေနဲ့ယုံကြည်မှု ပျက်သွားတာပေါ့။"

မေး။ ။ Johns Hopkins က အခုက အစီအစဉ်ကို လုံးဝ ရုပ်လိုက်တာလား။ အစီအစဉ် ဆိုင်းငင့်ထားလိုက်တဲ့သဘောမျိုးလား။ ဘယ်လိုလဲခင်ဗျ။

" ဆိုင်းငင့်တာမဟုတ်ဘူး။ ရပ်ဆိုင်းလိုက်တာ။ ရပ်သွားပြီပေါ့။

မေး။ ။ ဟုတ်ကဲ့။ နောက်ပိုင်း ထပ်ပြီးတော့ ညှိနှိုင်းဖို့ရော ရှိပါလား။

"ဒါက ဘယ်သူက လုပ်မလဲတော့ မသိဘူးပေါ့။ လက်ရှိ ကျနော်တို့ နဂိုက ကူညီခဲ့တဲ့သူတွေ ကတော့ မလုပ်နိုင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မလုပ်နိုင်ဘူးလည်း ဆိုတာ လက်ရှိက ကျနော်တို့ကတော့ အားပေးတဲ့သူပေါ့ဗျာ။ သူတို့လည်း မျက်နှာပျက်၊ နာမည်ပျက်သွားတာပေါ့။

မေး။ ။ ဟုတ်ကဲ့ နောက်တချက်က ဒီပရိုဂရမ်အတွက်ကို USAID ကလည်း အကူအညီပေးထားတဲ့အခါကျတော့ ဒီအကူအညီတွေကရော ဘယ်လိုအခြေအနေတွေရှိလဲ။ ရပ်သွားပြီလား။

" လက်ရှိကတော့ USAID တို့ ဘာတို့က တစ်နှစ် အကူအညီပေးမယ်ပေါ့ဗျာ။ နဂိုတုန်းကတော့ နှစ်နှစ်ကူညီဖို့ သဘောတူထားခဲ့တယ် ဒါပေမဲ့ ဒီနောက်ပိုင်းကျတော့ Johns Hopkins တက္ကသိုလ် အနေနဲ့ ယူတာဆိုတော့ ဒုတိယနှစ်ကတော့ USAID က ဆက်ပြီးတော့ မကူညီဘူး။ ဒါပေမဲ့လည်း အကူအညီကလည်း တစ်ယောက်တည်းက ကူတာမဟုတ်ဘူးလေ။ နဂိုကတည်းက မနှစ်တုန်းကဆို USAID အပါအဝင် သုံးလေးယောက်က ဝိုင်းကူညီခဲ့တာပေါ့။ ဆိုတော့ တကယ့် အဓိက အလှူရှင်တွေကတော့ အမြဲတမ်း နှစ်တိုင်း နှစ်တိုင်းမှာ တစ်ယောက်၊ နှစ်ယောက်တော့ ရှိတယ်။ ဝိုင်းပြီးတော့ ကူညီနေရတာပဲလေ။"

အစီအစဉ်အတွက် John Hopkins တက္ကသိုလ်ဖက်က ညှိုနှိုင်းဆောင်ရွက်ပေးခဲ့သူ မင်္ဂလာမြန်မာအဖွဲ့ ညွန်ကြားရေးမှုး ဒေါက်တာဖုန်းဝင်းနဲ့ မေးမြန်းထားတာပါ။ ဒါနဲ့ပတ်သက်လို့ မေးမြန်းဖို့ ရန်ကုန်တက္ကသိုလ်ကိုရော၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကိုပါ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားမယ့်သူမရှိပါဘူး။

XS
SM
MD
LG