သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတနဲ့ မင်းသမီး Jolie တွေ့ဆုံ


ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ အထူးသံတမန် နာမည်ကျော် ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီး Angelina Jolie ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး အစိုးရထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပါတယ်။ မင်းသမီး Jolie ဟာ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့နဲ့ ဒီကနေ့မှာပဲ သီးခြားတွေ့ဆုံပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးမှု အတိအကျ မသိရပေမဲ့ သူရဦးရွှေမန်းနဲ့ တွေ့ဆုံချိန်မှာတော့ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေက အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးဆုံးရှုံးနေရတဲ့ အကြောင်းရင်းတွေအဖြစ် လက်နက်ကိုင်ပဋိပက္ခတွေ၊ ဆင်းရဲမွဲတေမှုတွေ၊ တရားဥပဒေစိုးမိုးရေး အားနည်းချက်တွေ စတာတွေနဲ့ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သူရဦးရွှေမန်းရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အစိုးရ ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့လည်း ရန်ကုန်မြို့က မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဌာန MPC မှာ တွေ့ဆုံပြီး ဒုက္ခသည်တွေနဲ့ အိုးအိမ် စွန့်ခွာသူတွေကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း MPC ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အမျိုးသမီးအဖွဲ့တွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ အိုးအိမ်စွန့် ထွက်ပြေးရသူတွေ၊ လူငယ်တွေအပါအဝင် လူအများအပြားနဲ့ တွေ့ပြီး သူတို့နိုင်ငံရဲ့အနာဂတ်အတွက် စိုးရိမ်ချက်တွေနဲ့ မျှော်လင့်ချက်တွေကို သူတို့ဆီကနေသိရဖို့ မျှော်လင့်ထားကြောင်း Jolie ကပြောပါတယ်။ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပတော့မှာမို့ လူထုအနေနဲ့ သူတို့ရဲ့ဒီမိုကရေစီအခွင့်အရေးကို ကျင့်သုံးဖို့နဲ့ ငြိမ်းချမ်းတဲ့အနာဂတ်အတွက် အထူးအရေးပါတဲ့ ကိစ္စရပ်တွေကို ကူညီဖြေရှင်းဖို့ အရေးကြီးတဲ့အချိန်အခါဖြစ်ပါတယ်လို့ Jolie က ပြောပါတယ်။

ပထမဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မင်းသမီ Jolie ဟာ စစ်တွေနဲ့မြစ်ကြီးနားက ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG