သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါးစာခံ လွတ်မြောက်ရေး ဂျော်ဒန် ကြိုးပမ်းနေ


ဂျော်ဒန်ရုပ်မြင်သံကြား။
ဂျော်ဒန်ရုပ်မြင်သံကြား။

အသေခံဗုံးခွဲဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးထားတဲ့ အမျိုးသမီးတဦးကို ဂျော်ဒန်နိုင်ငံ က ပြန်လွှတ်မပေးရင် ဂျော်ဒန်တိုက်လေယာဉ်မှူးကို သတ်ပစ်မယ်လို့ အစ္စလာမ်စစ်သွေးကြွအဖွဲ့ IS က ခြိမ်းခြောက်ထားပါတယ်။

မနေ့နှောင်းပိုင်းက အင်တာနက်ပေါ်မှာ ဖော်ပြခဲ့တဲ့ ဂျပန်သတင်းထောက်ရဲ့ အသံနဲ့ ဗွီဒီယိုထဲမှာတော့ အကြမ်းဖက်သမားအဖြစ် ဂျော်ဒန်နိုင်ငံက ဖမ်းဆီးထားတဲ့ Sajida al-Rishawi ဆိုသူ အမျိုးသမီးကို ဒီနေ့နောက်ဆုံးထားပြီး တူရကီနိုင်ငံ နယ်စပ်ကို ပြန်လွှတ်မပေးရင်၊ ဂျော်ဒန်စစ်တပ်က လေယာဉ်မှူး Mu'ath al-Kasaesbeh ကို ချက်ခြင်းသတ်ပစ်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုထားတာပါ။

စစ်သွေးကြွတွေ ပြန်ပေးဆွဲ ဖမ်းဆီးထားတဲ့ ဂျပန်သတင်းထောက် Kenji Goto ရဲ့ ပြောဆိုချက်လို့ဆိုတဲ့ ဗွီဒီယိုနဲ့အသံဖိုင်ကိုတော့ ဂျပန်အာဏာပိုင်တွေက အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးနေပါတယ်။ ဂျော်ဒန်နိုင်ငံကတော့ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ လေယာဉ်မှူးနဲ့ အကြမ်းဖက်သမား အဖြစ် ဖမ်းဆီးထားသူကို အလဲအလှယ်လုပ်ဖို့ အသင့်ရှိတဲ့အကြောင်း မနေ့တုန်းကပဲ ကြေညာထားပါတယ်။

ဒါပေမဲ့လည်း အင်တာနက်ပေါ်က အသံနဲ့ဗွီဒီယိုမှာတော့ ဓားစာခံတွေ ပြန်လွှတ်ပေးမယ် လို့ အတိအကျ ကတိပေး ပြောဆိုတာမျိုး မရှိပါဘူး။ စစ်သွေးကြွတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ အီရတ်နိုင်ငံသူ အမျိုးသမီးကတော့ ဂျော်ဒန်နိုင်ငံ Amman မြို့တော်မှာ ၂၀၀၅ ခုနှစ်က လူ ၆၀ လောက် သေဆုံးခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ဖမ်းဆီးခံထားရတာပါ။

ဝန်ကြီးချုပ် အပါအဝင် ဂျပန်အစိုးရ တာဝန်ရှိသူတွေကတော့ ဂျပန်နိုင်ငံသား သတင်းထောက် ပြန်လည် လွတ်မြောက်ရေး အစွမ်းကုန် ကြိုးပမ်းနေပြီး ဂျော်ဒန်၊ တူရကီ၊ အစ္စရေးလ် စတဲ့ ဒေသတွင်း တိုင်းပြည်တွေနဲ့ လက်တွဲ ဆောင်ရွက်နေတယ်လို့လည်း ဒီကနေ့မှာပဲ ထပ်မံပြောဆိုခဲ့ကြပါတယ်။

XS
SM
MD
LG