သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ KIO ပဋိပက္ခညှိနှိုင်းရေး နှစ်ဘက်တွေ့ဆုံမည်


ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နောက်နောင် ထပ်မံ မဖြစ်ပွားစေဖို့အတွက် အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ရဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေဟာ လာမယ့် ၂၅ ရက်နေ့မှာ အရေးပေါ် တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီဆွေးနွေးပွဲမှာ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ကွင်းဆင်းစစ်ဆေးပြီး၊ အရေးယူ ဆောင်ရွက်နိုင်ဖို့အထိ ညှိနှိုင်းသွားဖွယ် ရှိနေပါတယ်။ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းဒေသမှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အကြား ဒီလ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၄ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ပွဲတွေဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း သဘောတူ လက်မှတ်ရေးထိုးပြီးတဲ့နောက် ဖားကန့်နဲ့ တနိုင်းဒေသအတွင်း ပထမဆုံး ပြန်လည် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ် ။

အစိုးရနဲ့ KIO ရဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေက ဒီလိုတိုက်ပွဲတွေ ထပ်မံ မဖြစ်ပွားစေဖို့အတွက် မကြာခင်မှာ အရေးပေါ် အစည်းအဝေးခေါ်ယူပြီး နှစ်ဘက်ညှိနှိုင်းသွားဖို့ ရှိနေကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

“ကျနော်တို့အခု အရေးပေါ် သဘောအနေနဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့အနေနဲ့ ဒါကို ညှိနှိုင်းဖြေရှင်းဖို့ဆိုပြီးမှ ကျနော်တို့ နှစ်ဦးနှစ်ဘက် ဒါကို တွေ့ဆုံပြီးမှ သူတို့ပြောထားတာတော့ ရှိတယ်။ အဲဒါကြောင့်မို့လို့ သန်ဘက်ခါ ၂၁ ရက်နေ့မှာ KIO ဘက်က ပဋိပက္ခအဖွဲ့တွေကို ကျနော်တို့သွားခေါ်ပြီးမှ ၂၅ ရက်နေ့မှာ တခါ မြစ်ကြီးနားမှာ ပြန်ပြီး တွေ့ဆုံဖို့အတွက်တော့ အားလုံး စီစဉ်ထားပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ရက်တွေက ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ အစိုးရတပ်ကကော KIA ဘက်ကပါ သူတို့သတ်မှတ်နယ်မြေကို တဘက်က ဝင်ရောက်လာတာကြောင့် တိုက်ပွဲစတင်တာဖြစ်ကြောင်း ပြောဆိုနေတဲ့အတွက် အရေးပေါ် အစည်းအဝေးမှာ တိုက်ပွဲဖြစ်ရာဒေသကို နှစ်ဘက်ကိုယ်စားလှယ်တွေ သွားရောက်စစ်ဆေးဖို့အထိ ညှိနှိုင်း ဆုံးဖြတ်နိုင်ကြောင်းလည်း ဦးလမိုင်ဂွမ်ဂျာ က ပြောပါတယ်။

“ဒီအောက်ခြေမှာဖြစ်တဲ့ဟာတွေကိုလည်းပဲ ညှိနှိုင်းဖြေရှင်းပြီးတော့မှ ပြန်ပြီး အလားတူ မဖြစ်ရလေအောင် အဲဒီနေရာကိုသွားပြီးမှ သူတို့က ဘယ်သူမှားသလဲ၊ မှန်သလဲဆိုတာတွေကို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ကနေပြီးတော့မှ သွားရောက် စုံစမ်းဖို့ဆိုတဲ့ အဆင့်အထိကို ဒီတခေါက် ဆွေးနွေးပွဲမှာ အဲဒါ ဆွေးနွေးမယ်။”

ဒီလို ဆွေးနွေးဖို့အတွက်လည်း နှစ်ဘက်လုံးက သဘောတူထားပြီး ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီလ ၂၀ နဲ့ ၂၁ ရက်နေ့တွေက တိုက်ပွဲဖြစ်တဲ့နေရာအနီးက ရွာသားတွေဟာ တနိုင်းမြို့ကို တိမ်းရှောင်နေရပြီး သူတို့ကို ဘာသာရေးအဖွဲ့၊ မြို့မိမြို့ဖနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ကူညီထားတယ်လို့ တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးမောင်က ပြောပါတယ်။

“အားလုံး ၇၅၀ ဝန်းကျင်လောက်ရှိပါတယ်ခင်ဗျ။ ဆန်နဲ့ ငွေနဲ့ ထောက်ပံ့ပေးထားပါတယ် သူတို့ စားရေးသောက်ရေးအတွက်ကို။”

ဒီကနေ့မှာတော့ တနိုင်းဒေသတွင်းမှာ တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုပြီး အခြားဒေသခံတချို့ကတော့ သေနတ်သံတချို့ ကြားနေရတယ်လို့ ပြောပါတယ်။ ဖားကန့်ဒေသဘက်က တိုက်ပွဲတွေကတော့ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေက ဖြစ်ပွားပြီး၊ ၂၀ ရက်နေ့တည်းက ငြိမ်သက်နေခဲ့တာ ဖြစ်ပါတယ်။ ဖားကန့်နဲ့ တနိုင်းဒေသဟာ မြန်မာပြည်မှာ ကျောက်စိမ်းနဲ့ ပယင်း အဓိက ထွက်ရှိရာဖြစ်ပြီး၊ စီးပွားရေးအရ အရေးပါတဲ့ ဒေသတွေ ဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ လာမယ့်လအတွင်းမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို နောက်ဆုံး အတည်ပြု လက်မှတ်ရေးထိုးဖို့ ရည်ရွယ်ထားပါတယ်။ ဒီလပိုင်းအတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG