သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်တွင်း ဘိန်းတိုက်ဖျက်မှု လူထုဦးဆောင်


(ဓာတ်ပုံ - ကချင်သတင်းစဉ်)
(ဓာတ်ပုံ - ကချင်သတင်းစဉ်)

ကချင်ပြည်နယ်တွင်း လူငယ်တွေနဲ့ ပြည်သူတွေကြား အထူး စိုးရိမ်စရာ အနေအထားကို ရောက်နေတဲ့ မူးယစ်ဆေးဝါးအန္တရာယ် တိုက်ဖျက်ရေးအတွက် လူထုအင်အား ထောင်ချီ ပါဝင်တဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ စနေနေ့မှာ ကချင်ပြည်နယ်တွင်း ဘိန်းခင်းအများဆုံးစိုက်ပျိုးရာ ကန်ပိုင်တီဒေသကို သွားနေကြပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ကချင်လူထုဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ သွားဖို့ပြင်ဆင်နေချိန် ဘိန်းခင်းပိုင်ရှင်တွေဘက်က တားဆီးမှုတွေရှိတဲ့အတွက် ခေတ္တရပ်ဆိုင်းလိုက်ရပြီးတဲ့နောက် ပြည်နယ်အစိုးရဘက်က လုံခြုံရေးယူပေးတဲ့အတွက် အခုလိုထွက်ခွာနိုင်တာလည်း ဖြစ်ပါတယ်။ အခုလို ကချင်ပြည်နယ်တွင်း မူးယစ်တိုက်ဖျက်ရေး ပြည်သူက လူအင်အားနဲ့ ဆောင်ရွက်ချိန် တာဝန်ရှိသူတွေဘက်ကလည်း ပူးပေါင်းသင့်တယ်လို့ ကချင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်တဲ့သတင်း အပြည့်အစုံ မဆုမွန် တင်ပြထားပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်ရေးနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ ကချင်ပြည်နယ်တွင်း မူးယစ်ဆေးဝါးပြဿနာက ကချင်ပြည်သူလူထုနဲ့ လူငယ်တွေကြားမှာ အတော်လေးကို အန္တရာယ်ကြီးမားနေတာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်နဲ့ ပတ်ဝန်းကျင် လူမှုစီးပွားတွေအတွက် အထူးစိုးရိမ်စရာ အနေအထား ဖြစ်လာနေတဲ့အတွက် ကချင်ပြည်နယ်တွင်း မြို့နယ်ပေါင်းစုံ၊ သာသနာရေးက ခရစ်ယာန်အသင်းတော် ဂိုဏ်းပေါင်းစုံနဲ့ လူမှုအဖွဲ့အစည်းတွေ ဒေသခံ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်တဲ့ လူအင်အား ထောင်ချီတဲ့ ကချင်လူထု ဘိန်းခင်းတိုက်ဖျက်ရေး အဖွဲ့ကြီးက ဦးဆောင်ပြီး ဘိန်းခင်းတွေကို သွားဖျက်ကြမှာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့ စနေနေ့မှာတော့ ကချင်ပြည်နယ်တွင်း ဘိန်းခင်းဧက အများဆုံး စိုက်ပျိုးထားတဲ့ ကချင်ပြည်နယ် ကန်ပိုင်တီဒေသကို လူအင်အား ထောင်ချီပါဝင်တဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေး ချီတက်ကြတဲ့အခါ ကချင်ပြည်နယ် အစိုးရဘက်က ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပြီး သွားရောက်နေကြပြီ ဖြစ်တယ်လို့ ကချင်သတင်းအယ်ဒီတာ ကိုနော်ဒင်း က ပြောပါတယ်။

“ကချင်ပြည်နယ်မှာ တကယ်နော် ကပ်ပါးရောဂါတခုပုံစံလိုနော် မိသားစုတိုင်း၊ အိမ်ထောင်တိုင်းမှာလိုလို ပြဿနာဖြစ်နေတယ်။ ဒီပြဿနာကို သူတို့က လျစ်လျူရှုထားတယ်။ ဖြေရှင်းလို့လည်း မရဘူး။ အခုက အဲဒီဟာကို လူမှုအဖွဲ့အစည်းတွေပေါ့။ အဓိကတော့ ကျနော်တို့ ကချင်မှာ သက်ဆိုင်ရာ အသင်းတော်ဂိုဏ်းပေါင်းစုံက သူတု့ိက ဦးဆောင်ပြီးမှ ဒါ လူမှုရေးပြဿနာသာ မကဘဲနဲ့ ဒါ အမျိုးသားရေးပြဿနာလည်း ဖြစ်နေတယ်။ အဲ့လိုမျိုး ခံယူချက်ကို သူတို့ထားပြီးမှနော် အခုလိုမျိုးပေါ့ ဒီ ကန်ပန်တီဒေသဆိုတာ အစိုးရနယ်ခြားစောင့်တပ်တွေ ထိန်းချုပ်တဲ့ဒေသဖြစ်တယ်။ တဘက်မှာလည်းပဲ ဒီမှာနော် ဘိန်းစိုက်ခင်းအများဆုံး စိုက်တဲ့နေရာလည်းဖြစ်တယ်။ လွတ်လွတ်လပ်လပ်ကို စိုက်တဲ့နေရာလည်းဖြစ်တယ်။ သူတို့အခု အဲဒီဒေသကိုနော် လူထု သောင်း ၆ ထောင် ကျော်ကျော်လောက်နဲ့ သူတို့က သွားပြီးမှ လူထုအင်အား အကြီးမားဆုံးပေါ့ အဲဒါနဲ့ တိုက်ဖျက်ရေးလုပ်ငန်းတွေကို သူတို့လုပ်နေတာဖြစ်တာကိုး။”

ကချင်ပြည်နယ်တွင်း မူးယစ်ဆေးဝါးပြဿနာဟာ အနာဂတ်မျိုးဆက်တခုလုံး လူညွန့်တုံးစေတဲ့အထိ ဆိုးဆိုးရွားရွား ကြုံလာရတဲ့ အနေအထား ဖြစ်နေတဲ့အတွက် အခုလို ကချင်ပြည်သူလူထုတွေ ကချင်ရပ်မိရပ်ဖတွေ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းပြီး လူထုအင်အားနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ လုပ်ဆောင်ကြရတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ပါတီက ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ က ပြောပါတယ်။

“ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးကတော့ အထူးပဲ စိုးရိမ်စရာ ဖြစ်နေတာပေါ့နော်။ အခုချိန် မူလတန်း အဆင့်တောင်မှ စိုးရိမ်စရာ ဖြစ်နေရတယ်။ မူလတန်းအရွယ် ကလေးတွေတောင်မှ မူးယစ်ဆေးဝါးတွေ သုံးစွဲလာကြပြီ။ အဲဒါကလည်း မူးယစ်ဆေးဝါးကို အခမဲ့လိုက်ပြီး ဖြန့်ဖြူးနေတဲ့ သူတွေလည်း ရှိတယ်ပေါ့နော်။ စမ်းသပ်ကြည့်ပါ။ သုံးကြည့်ပါဆိုပြီးမှ မသုံးဖူးဘူးဆိုရင်လည်း စမ်းကြည့်ပါဆိုတာ အဲဒါမျိုးတွေ လိုက်ပြီးတော့ ဖြန့်ပေးနေတဲ့အခါကျတော့ လူငယ်တွေက စမ်းရင်းနဲ့ ကြာလာတဲ့အခါကျတော့ သုံးစွဲမိသလိုဖြစ်တယ်။ ပြီးတော့လည်း မူးယစ်ဆေးဝါး ဖြန့်ဖြူးတဲ့သူတွေကလည်း ပြောမကောင်းတဲ့ ဌာနဆိုင်ရာတွေ ဖြစ်နေတဲ့အခါကျတော့ မူးယစ်ဆေးဝါးက ပပျောက်သွားတာ မတွေ့ရဘူးပေါ့လေ။ အဲဒါကြောင့် ပြည်သူလူထုတွေ ကိုယ်တိုင်က ပါဝင်ပြီးတော့ သူ့ရဲ့မိသားစု၊ သူ့ရဲ့ ဖခင်တွေ၊ သူ့ရဲ့ညီအကိုမောင်နှမတွေ မိသားစုထဲကနေ ဒီလို မူးယစ်ဆေးဝါးတွေ အရမ်း သုံးစွဲလာတဲ့အတွက် နောက်ဆုံး မခံမရပ်နိုင်တဲ့အတွက် အခုလို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို စပြီး လုပ်ဆောင်လာတာ ဖြစ်တယ်။ အသင်းတော်ကနေ ဦးဆောင်ပြီး လုပ်လာတာပေါ့နော်။ အသင်းတော်ကနေ ဦးဆောင်လာတဲ့အခါကျတော့ အားလုံး ပါဝင်လာတာပါ။ အဲ့လို လုပ်လာတဲ့အခါမှာလည်း ဌာနဆိုင်ရာ ရဲတွေနဲ့ စစ်တပ်ပိုင်းကတော့ သိပ်မကျေနပ်ဘူး။ ပြီးတော့လည်း စီးပွားရေးသမားကြီးတွေက လက်ဝါးကြီးသမားတွေက သိပ်မကျေနပ်ကြတော့ အတိုက်ခိုက်လေးတွေ နည်းနည်း ကျမတို့ ပြန်တွေ့ရတယ်။”

အခုလို လူထုအင်အားနဲ့ ဘိန်းဖျက်ရေး လုပ်ကိုင်နေတဲ့ ပြည်သူလူထုရဲ့ လုပ်ဆောင်ချက်ကို သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ပူးပေါင်း ပါဝင် ကူညီ ပံ့ပိုး ပေးသင့်တယ်လို့လည်း ကချင်အရေး ဆောင်ရွက်နေတဲ့ ကိုနော်ဒင်း က ပြောပါတယ်။

ဘိန်းခင်းအများဆုံးစိုက်ပျိုးရာ ကန်ပိုင်တီကို သွားနေကြတဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ထဲ လူအင်အား ၁၆၀၀ ကျော်ပါဝင်ပြီး အဖွဲ့ငယ်ပေါင်း ၁၂ ဖွဲ့ ခွဲပြီး ကားအစီးပေါင်း ၆၀ ကျော်နဲ့ ချီတက်နေကြတာ ဖြစ်ပါတယ်။ ဒီလူထုကြီးကို ရဲအင်အား (၅၀) ခန့်က လုံခြုံရေး လိုက်ပါယူပေးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘိန်းခင်းဖျက်ဖို့ သွားနေတဲ့အချိန် ဘိန်းခင်းပိုင်ရှင်တွေဘက် လက်နက်တွေ ကိုင်ဆောင်ပြီး ကားလမ်းမကို ပိတ်ဆို့ခဲ့တဲ့အတွက် ပြည်နယ်အစိုးရက ကြားဝင် ဖြေရှင်းပေးခဲ့လို့ ဇန်နဝါရီ ၂၃ရက်နေ့မှာမှ ဘိန်းခင်းဖျက်ဆီးရေးခရီးစဉ်ကို စတင်နိုင်တာလည်းဖြစ်ပါတယ်။ လူထုအင်အားနဲ့ ဘိန်းခင်းဖျက်ဆီးရေး အစီအစဉ်ကို ကချင့်တော်လှန်ရေးနေ့ အကြို ဇန်နဝါရီ ၁၈ ကနေ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ လုပ်ဆောင်သွားကြမယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG