သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်


ကချင်ပြည်နယ် မိုးကောင်းနဲ့ ဖားကန့်အကြားမှာ ဒီကနေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အခုဆိုရင် လုံးခင်းအနီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း ၆ ဒေသဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာ ၃ ရက်လောက် ရှိနေပါပြီ။

ဒီလို မိုးကောင်း-ဖားကန့်ဒေသတိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာနေတာကြောင့် ခရီးသွားလာသူတွေအတွက် အခက်အခဲတွေ ရှိလာနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဖားကန့်ဒေသမှာ ဧပြီလအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် အစိုးရနဲ့ KIA ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့နောက် ငြိမ်သက်နေခဲ့ရာက ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို ဖားကန့်ဒေသခံတယောက်က အခုလို ပြောပါတယ်။

“ဒီနေ့တိုက်ပွဲက ကျနော်တို့ နန့်ဟိုင်နားမှာဖြစ်တယ်။ နောက်ပြီးကျတော့ ကန့်မှော်စုနားမှာ ဖြစ်တယ်။ ပြီးတော့ တာမိုင်းအဝင်မှာ ထပ်ဖြစ်တာပေါ့နော်။ ကားတွေအကုန်လုံး တားထားတယ်။ စောစောကမှ ပြန်ပြီးတော့ ကားတွေကို လွှတ်လိုက်ကြတာပေါ့နော်။ ခရီးသည်ကားတွေပေါ့ အတက်အဆင်းကားတွေကို။ အချိန်ကတော့ ကျနော်တို့ အတိအကျ မသိဘူးဗျ။ မသိဘူးဆိုတာ ဒီလိုလေ ဒီနေရာမှာက ဥပမာ ၁၀ နာရီမှာဖြစ်တယ် ဆိုပါတော့ဗျာ၊ တိုက်ပွဲဖြစ်နေလို့၊ သေနတ်သံတွေ ကြားနေလို့ မသွားနဲ့လို့ တားပေမဲ့ အဲဒီနေရာမှာ ၁၀ နာရီလောက် ဖြစ်တယ်ဆိုပေမဲ့ ဥပမာ - တခြား နန့်ဟိုင်တို့၊ ကန့်မှော်စု တို့ဆိုတာ ဘယ်နှစ်နာရီလောက် ဖြစ်တယ်ဆိုတာ ကျနော်တို့က ရှင်းရှင်းပြောရရင် မသိတော့ဘူး။ မသိတော့တဲ့အခါ အဲဒီနေရာမှာ တိုက်ပွဲဖြစ်တယ်ဆိုတာကို သိခွင့်ရလိုက်တယ်၊ ဖြစ်နေတုန်းမှာတော့ ကျနော်တို့က မရောက်ခဲ့ဘူးပေါ့လေ။ အဲဒါကြောင့် ခန့်မှန်းကတော့ နည်းနည်းခက်တယ်ဗျ အဲဒါ။”

ဒီတိုက်ပွဲတွေကြောင့် ခရီးသွားတွေအတွက် အခက်အခဲတွေ ရှိလာတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“အခုဟာ တိုက်ပွဲတွေက မိုးကောင်း၊ ကာမိုင်း၊ ဖားကန့်ကြားမှာက အဲလိုမျိုး ဆက်တိုက်ဖြစ်လာပြီဆိုရင် ခရီးသည်တွေအနေနဲ့ ခရီးသည်တင်ကားတွေကောပေါ့နော် နည်းနည်း စိုးရိမ်တယ်ဗျ။ စိုးရိမ်တယ်ဆိုတာက ဘယ်လိုပုံစံမျိုး အဲလိုပေါ့လေ မိုင်းတွေဘာတွေ ထောင်ထားတာမျိုး၊ မိုင်းတွေ ဘာတွေ နင်းမိမှာမျိုးပေါ့ နောက်ပြီး ညနက်သန်းခေါင် မိုးချုပ်နေတဲ့အချိန်မှာ သူတို့က ထပြီး တိုက်ပွဲဖြစ်တာမျိုးတို့ အဲဒါမျိုးတွေကို စိုးရိမ်လာရတယ်။ ပြောမယ်ဆိုရင်တော့ လမ်းကြောင်းက မငြိမ်းချမ်းတော့ဘူးပေါ့ဗျာ။”

လုံးခင်းမြို့ခံတဦးက ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကလည်း လုံးခင်းအနီး KIA တပ်ရင်း ၆ အခြေစိုက်ရာ နန်ဂျန်ရွာဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။

“KIA တပ်ရင်း ၆ ရှိတဲ့ အောင်ဘာလေကနေ ဟိုး နမ့်ဆန်းဘက်မှာရှိတဲ့ အောင်လင်းဆိုတဲ့ နေရာဘက်ကို ပြောင်းရွှေ့ထားတဲ့ KIA တပ်ရင်း ၆ ကို တပ်မတော်အင်အား ၃၀၀ လောက်နဲ့ သွားပြီး ဝိုင်းပြီးတော့ တိုက်ခိုက်တယ်လို့လည်း ကျနော်တို့ ကြားရပါတယ်။ တိုက်တာကလည်း ၃ ရက်လောက်ရှိပြီလို့ ကျနော်တို့ သိရတယ်။ နှစ်ဘက်စလုံး ထိခိုက် ကျဆုံးမှုတွေ ရှိတယ်လို့လည်း ကျနော်တို့ ကြားသိရတယ်ခင်ဗျ။”

တပ်ရင်း ၆ အခြေစိုက်ရာဒေသဘက်က လူသူအဆက်အသွယ် ကင်းပြတ်တဲ့ဒေသ ဖြစ်တာကြောင့် သတင်းအချက်အလက် အတိအကျရရှိဖို့ ခက်ခဲကြောင်းလည်း ပြောပါတယ်။ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာ ကတော့ တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့တဲ့အကြောင်း ပြောပါတယ်။

“ဖြစ်နေတယ်ဆရာ။ ကျနော်တို့လည်း မနေ့ကမှ ပြန်ရောက်တယ်။ မနေ့တနေ့က စပြီးတော့မှ တပ်ရင်း ၆ နေရာမှာ တိုက်ပွဲတွေဖြစ်တယ်။ ဖြစ်ပြီးကျတော့ ဒီနေ့မှာ ကာမိုင်း-ဖားကန့်လမ်းပေါ့လေ အဲဒီလမ်းကြောမှာလည်း ဖြစ်တယ်လို့ ဘယ်လိုဘယ်လို ဖြစ်တယ်ဆိုတာတော့ အတိအကျတော့ မသိရသေးဘူးဗျ။”

လောလောဆယ်မှာတော့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့အနေနဲ့ လက်ရှိ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး နှစ်ဘက်အကြားမှာ ညှိနှိုင်းဆောင်ရွက်တာမျိုးတွေ မရှိသေးဘူးလည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာတော့ ကောင်ရာရွာက ရွာသား ၁၀၀ ကျော်လောက်ဟာ တနိုင်းမြို့ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ KIA နဲ့ အစိုးရတပ်တွေအကြားမှာ ပြီးခဲ့တဲ့ မေလအတွင်းက မန်စီမြို့နယ်အတွင်းမှာ ၂ ပတ်ကျော်ကြာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်က လေကြောင်းကပါ တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲဖြစ်ပွားချိန်မှာ နှစ်ဘက်ကိုယ်စားလှယ်တွေအကြား အရေးပေါ် တွေ့ဆုံဆွေးနွေးတာတွေ ရှိခဲ့ပေမဲ့ တိကျတဲ့ သဘောတူညီချက်တော့ မရခဲ့ပါဘူး။

KIA ပါဝင်ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ဟာ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တပြည်လုံး အပစ်ရပ်စာချုပ်ချုပ်ဆိုရေးအတွက် နောက်ဆုံးမူကြမ်းကို မတ်လကုန်က သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ လော်ခီးလာ တိုင်းရင်းသားထိပ်သီးညီလာခံက ဒီမူကြမ်းကို ပြင်ဆင်ချက်တချို့ ဖြည့်စွက်ပြီးတဲ့နောက် ပြန်လည်ဆွေးနွေးဖို့ ပြင်ဆင်နေတာကြောင့် အပစ်ရပ်စာချုပ် အတည်ပြု လက်မှတ်ရေးထိုးဖို့ဟာ ထပ်မံ အချိန်ယူဖို့ ရှိနေပါတယ်။

XS
SM
MD
LG