သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အရေး မစိုးရိမ်ဖို့ ကန်ဝန်ကြီး ရှင်းပြ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆော်ဒီ အာရေးဘီးယားနိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ။ (မတ် ၅-၂၀၁၅)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆော်ဒီ အာရေးဘီးယားနိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ။ (မတ် ၅-၂၀၁၅)

အရှေ့အလယ်ပိုင်းဒေသမှာ မတည်မငြိမ်ဖြစ်အောင် အီရန်နိုင်ငံကလုပ်တာတွေကို လျစ်လျူပြုထားမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က ပြော လိုက်ပါတယ်။ အီရန်နဲ့ နျူကလီးယားဆိုင်ရာ သဘောတူညီချက် တရပ်ရဖို့ လုပ်နေတဲ့ အပေါ် ပင်လယ်ကွေ့နိုင်ငံတွေက စိုးရိမ်နေတာ လျော့ပါး သက်သာစေဖို့ ကြိုးစားတဲ့ အနေနဲ့ ဆော်ဒီ အာရေးဘီးယားနိုင်ငံ မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန် အတွင်း ဝန်ကြီးကယ်ရီက အဲဒီလိုပြောတာပါ။

ဆွစ်ဇာလန်နိုင်ငံမှာ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammed Javad Zarif နဲ့ သုံးရက်ကြာ ဆွေးနွေးပြီးတဲ့နောက် ဆော်ဒီအာရေး ဘီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့ဆီ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ဝန်ကြီးကယ်ရီ ရောက်သွားတာပါ။ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးသတ်မှတ် ရက်မတိုင်ခင် အီရန်နိုင်ငံနဲ့ မူဘောင် သဘောတူညီချက် တခုရဖို့ ရည်ရွယ်ပြီး ဆွေးနွေးခဲ့ကြတာပါ။

နျူကလီးယားဆိုင်ရာ သဘောတူညီချက်က အီရန်နိုင်ငံ နျူကလီးယားလက်နက် မပိုင်ဆိုင်အောင် တားဆီးနိုင်မှာမဟုတ်ဘူးလို့ အထူးသဖြင့် ဆွန်နီမူဆလင် ဆော်ဒီဘုရင့်နိုင်ငံနဲ့ အမေရိကန်ရဲ့ ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံတွေက စိုးရိမ်နေကြတာပါ။ သဘော တူညီချက်ကြောင့် အီရန်အပေါ် နိုင်ငံတကာဖိအား လျော့သွားပြီး ဒေသတွင်းကိစ္စရပ်တွေမှာ ဝင်စွက်ဖက်ဖို့ အခွင့်အလန်း ပိုရသွား မှာကိုလည်း စိုးရိမ်နေကြတာပါ။

XS
SM
MD
LG