သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲလာဖို့ လုံခြုံရေးကြောင့် ခရီးရွှေ့ဆိုင်း


တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို လိုင်ဇာမြို့က လာရောက်မယ့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ကိုယ်စားလှယ်တွေဟာ လိုင်ဇာ-မြစ်ကြီးနားလမ်း လုံခြုံရေး အခြေအနေအရ ဒီကနေ့ စတင်မယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။

မနေ့က ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ခရီးစဉ် ဆိုင်းငံ့လိုက်တာဖြစ်ပြီး၊ အရင်ရက်တွေတုန်းက သတင်းထွက်ပေါ်နေတဲ့ နိုင်ငံတော်အစိုးရ၊ တပ်မတော်အကြီးအကဲနဲ့ KIO ခေါင်းဆောင်တွေ ဆွေးနွေးမယ့် အစီအစဉ်ကလည်း မရေမရာ ဖြစ်နေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT တို့ဟာ ဒီလ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကျင်းပဖို့ရှိနေပြီး လိုင်ဇာမြို့ကနေ တက်ရောက်မယ့် ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မြစ်ကြီးနားကို သွားရောက်ဖို့ မူလက စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒီကနေ့ ညနေပိုင်းအထိတော့ လိုင်ဇာ-မြစ်ကြီးနားလမ်း လုံခြုံရေးအခြေအနေကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရတယ်လို့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ပြောပါတယ်။

“အမှန်တော့ ဒီနေ့သွားဖို့ပါ။ ဒါပေမဲ့ အရင်ကတည်းက ညှိထားတဲ့လမ်းကြောင်းက လိုင်ဇာကနေပြီးတော့ မြစ်ကြီးနားသွားမယ်၊ မန္တလေးကို လေယာဉ်နဲ့ ဆင်းမယ်ဆိုတဲ့ လမ်းကြောင်းကို သူတို့ ညှိနှိုင်းထားတာရှိတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာတော့ တပ်ပိုင်းဆိုင်ရာက နေပြီးတော့ မြစ်ကြီးနားလမ်းကြောင်းကို မသုံးဘူး ဆိုပြီးတော့ ပြန်ပြောလာတယ်။ ဒီနေ့မနက်ပဲ ဦးအောင်မင်းကနေပြီးတော့ မြစ်ကြီးနားလမ်းကြောင်း လုံခြုံမှုမရှိဘူး၊ ဒါကြောင့်မို့ တခြားလမ်းကြောင်း၊ မူဆယ်လမ်းကြောင်းဖြစ်ဖြစ် သွားကြပါဆိုပြီး ပြောလာတဲ့ အခါမှာတော့ ကျနော်တို့ဖက်ကလည်း ခရီးစဉ်ကို စဉ်းစားရတဲ့ အချက်တွေ ရှိလာတယ်။ အဲဒါကြောင့် ဒီနေ့တော့ မသွားဖြစ်သေးဘူးခင်ဗျ။ အခုအဲဒါ ဘယ်လမ်းကြောင်းကို အတည်ဖြစ်မလည်းဆိုတာ ဆုံးဖြတ်ချက်တော့ မရသေးဘူး။”

လိုင်ဇာက လာရောက်တဲ့ KIO ကိုယ်စားလှယ်အဖွဲ့ဟာ မြစ်ကြီးနားကနေ မန္တလေးကို လေယာဉ်နဲ့ လာရောက်မှာဖြစ်သလို ထိုင်းနိုင်ငံက လာရောက်မယ့် ကိုယ်စားလှယ်အဖွဲ့ကတော့ မန္တလေးကနေ စောင့်ကြိုပြီး အဲဒီကမှ ရန်ကုန်ကို မော်တော်ယာဉ်နဲ့ လာရောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာကတော့ လိုင်ဇာ-မြစ်ကြီးနားလမ်းက သွားရောက်နိုင်ဖို့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

“အခုအချိန်အထိ မသိရသေးဘူးဗျ။ ခရီးစဉ် ဘယ်လိုသွားမလဲဆိုတာ သူတို့ ညှိနှိုင်းတုန်းပါပဲဗျ။ ဝိုင်းမော်မြို့နယ်၊ နန်ဇောင်ရန်ဆိုတဲ့ နေရာမှာ မနေ့က တိုက်ပွဲတွေဖြစ်လို့ လုံခြုံရေးအရ တပ်ကနေပြီးမှ သွားခွင့်မပေးဘူးဆိုတဲ့ အပေါ်မှာ အခုညှိနှိုင်းနေတုန်းပဲ ရှိသေးတယ်ခင်ဗျ။”

ကချင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတဦးကတော့ လိုင်ဇာ- မြစ်ကြီးနားလမ်းက လာရောက်ဖို့ကို ပြည်နယ်အစိုးရက သဘောတူထားပြီးဖြစ်ပါတယ်။ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က KIO ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မတ်လ ၁၆ရက်နေ့ ဆွေးနွေးပွဲကို အချိန်မီတက်ရောက်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ဒီမူဆယ်ဘက်က သွားမယ်ဆိုရင်လည်း မူဆယ်ကနေပြီးတော့ ရန်ကုန်အထိ ခရီးစဉ်ဟာ တော်တော်လေး ခရီးဝေးတာပေါ့ဗျာ။ အဲဒီတော့ ဒီလမ်းကြောင်းပေါ်မှာ လုံခြုံရေးကိစ္စကို သူတို့ အဓိကစဉ်းစားချက်ထဲမှာ ထည့်ထားတယ်။ ဘယ်လိုနည်းပဲဖြစ်ဖြစ် ကျနော်တို့ဖက်ကတော့ သူတို့တွေ့ဆုံကြမယ်ဆိုတဲ့ သဘောတူညီချက် ရထားတဲ့ အတွက်ကြောင့်မို့ ရက်တွေ ရွှေ့ဆိုင်းဖို့ မရှိဘူး ဆိုတာကတော့၊ ၁၆ ရက်နေ့အမှီ ရောက်အောင်ကတော့ ကြိုးစားသွားမယ်လို့ စဉ်းစားထားချက်တော့ ရှိတယ်ခင်ဗျ။”

KIO ကိုယ်စားလှယ်အဖွဲ့ဟာ မန္တလေးကနေ ရန်ကုန်ကိုလာရောက်ချိန်မှာ အစိုးရဘက်က ဖိတ်ကြားရင် နေပြည်တော်မှာ အစိုးရအဖွဲ့၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံဖို့အတွက် KIO ဗဟိုကော်မတီက ဆုံးဖြတ်ထားပါတယ်။

အရင်ရက်တွေကတော့ ဒီလ ၁၂ ရက်၊ ၁၃ ရက်နေ့တွေမှာ KIO ကိုယ်စားလှယ်နဲ့ နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ နေပြည်တော်မှာ တွေ့ဆုံဖို့ သတင်းတွေ ထွက်ပေးခဲ့ပေမဲ့ လောလောဆယ်မှာတော့ ဒီတွေ့ဆုံပွဲဟာ မသေချာကြောင်း KIO ပြောခွင့်ရသူက ပြောပါတယ်။

လာမယ့် ၁၆ ရက်နေ့ ဆွေးနွေးပွဲမှာတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မဆွေးနွေးခင်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ဖြစ်ပွားတဲ့ KIO ဗိုလ်သင်တန်းကျောင်း ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ နှစ်ဘက် သဘောတူထားပါတယ်။ ဒီဆွေးနွေးပွဲမှာ KIO ဘက်က အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်တို့ တက်ရောက်ဆွေးနွေးဖို့ ရှိနေပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ ဒီလ ၁၀ ရက်နေ့ မနက်ပိုင်းက ဝိုင်းမော်မြို့နယ် နန်ဇောင်ယန်အနီးက ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ရှေ့တန်းစခန်းတခုကို အစိုးရတပ်က သိမ်းယူခဲ့သလို ညနေပိုင်းမှာတော့ အခြားစခန်း ၃ ခုကိုလည်း သိမ်းယူခဲ့တယ်။ ဒီတိုက်ပွဲတွေမှာ KIA ဘက်က တယောက် ကျဆုံးခဲ့တယ်လု့ိ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ပြောပါတယ်။

မတ်လ ၇ ရက်နေ့ကတော့ မိုးညှင်းမြို့နယ် သာယာကုန်းရွာအနီးက တပ်မတော် အခြေခံ ပညာသင်တန်းကျောင်းကို KIA တပ်ဖွဲ့က လာရောက်ပစ်ခတ်တာကြောင့် ကင်းစောင့် ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အရာရှိတဦးကို ကိုးကားပြီး ဒီလ ၉ ရက်နေ့ထုတ် The Voice Daily သတင်းစာမှာ ဖော်ပြပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး ကွတ်ခိုင်နဲ့ နမ့်ခမ်းဒေသတွေမှာတော့ ပလောင်တပ်ဖွဲ့နဲ့ အစိုးရတပ် အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ဒီကနေ့မှာလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးမှာလည်း DKBA နဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG