သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kick စကားလုံးဆိုင်ရာ အီဒီယမ်အသုံးအနှုန်းများ


ဒီသီတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ - ကန်တယ်လို့ သာမာန်အားဖြင့် အဓိပ္ပါယ်ရတဲ့ Kick ကို အခြေခံတဲ့ အီဒီယမ်အသုံးတွေဖြစ်တဲ့ Kick the Bucket, Kick the Habit, Kick Upstairs တို့ကို တင်ပြထားပါတယ်။

၁။ Kick The Bucket
Kick က ကန်တာ၊ the Bucket က ရေပုံးဆိုတော့ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်ကတော့ ရေပုံးကို ကန်လိုက်တာဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာ ကတော့ ရှေးတုန်းက ပုံပြင်တခုကလို့ဆိုပါတယ်။ ကိုယ့်ကိုယ်ကို ဆွဲကြိုးချ သေဖို့ ကြိုးပမ်းရာက ဖြစ်ပါတယ်။ မှောက်ထားတဲ့ ရေပုံးပေါ်ကို လူကတက်၊ အပေါ်တန်းမှာ ချည်ထားတဲ့ ကြိုးကို ကိုယ့်လည်ပင်းမှာ စွပ်၊ ပြီးတော့ ခြေထောက်က တက်နင်းထားတဲ့ ရေပုံးကို ကန်လိုက်ရင်၊ ထောက်ထားတဲ့ ခြေထောက် လွတ်သွားပြီးတော့ ကိုယ့်လည်ပင်း စွပ်ထားတဲ့ ကြိုးကွင်းက တင်းပြီး အသက်ထွက်တာမို့ ဒီအသုံးရဲ့ အီဒီယမ်အဓိပ္ပါယ်ကတော့ လူတစ်ယောက် အသက်ထွက်တာ၊ သေတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို ကြည့်ရအောင်ပါ။

The old man kicked the bucket last night. He was very ill.

အဖိုးကြီး ညကပဲ ဆုံးသွားရှာတယ်။ သူက သိပ်ကို နေမကောင်းဖြစ်နေတာကိုးလို့ အဓိပ္ပါယ်ရပါတယ်။

၂။ Kick the Habit
Kick က ကန်တာ၊ Habit က အကျင့်ဆိုတော့ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်က အကျင့်ကို ကန်လိုက်တာပေါ့။ အီဒီယမ်ဆိုတဲ့ သွယ်ဝိုက် အဓိပ္ပါယ်ကလည်း သိပ်မကွာလှဘူးလို့ ဆိုရမှာပါ။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ စသဖြင့် အပါအဝင် ကိုယ်လုပ်နေကြ အကျင့်လေးတခု၊ အလေ့အထတခုကို ဖြတ်နိုင်တယ်၊ မလုပ်ဘဲ နေနိုင်တယ်ဆိုရင် Kick the habit လို့ ရည်ညွှန်းသုံးနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို ကြည့်ရအောင်ပါ။

John kicked the habit of smoking a pack of cigarettes a day. His wife seemed very happy.

ဂျွန်က ဆေးလိပ်တနေ့တဗူး သောက်တဲ့အကျင့်ကို ဖြတ်နိုင်ခဲ့တယ်။ သူ့ဇနီးလည်း အတော်လေး ဝမ်းသာနေလေရဲ့လို့ အဓိပ္ပါယ်ရပါတယ်။

၃။ Kick Upstairs
Kick က ကန်တာ၊ Upstairs က အပေါ်ထပ်ဆိုတော့ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အပေါ်ထပ်ကို အကန်ခံရတာပေါ့။ အကန်ခံရတယ် ဆိုကတည်းကိုက ကောင်းတော့ မကောင်းပေမဲ့လို့လည်း အပေါ်ထပ်ကို အကန်ခံရတယ်ဆိုတော့ တော်သေးတယ်လု့ိ ဆိုရမှာပါ။ Upstairs ဆိုတဲ့ အပေါ်ထပ်က ဒီနေရာမှာ ပိုမြင့်တဲ့ ရာထူးဖြစ်ချင်ဖြစ်မယ်၊ ပိုလခကောင်းတဲ့ ရာထူးဖြစ်ချင်လည်း ဖြစ်မှာပါ။ ရာထူးက ပိုကြီးတယ်၊ လခက ပိုကောင်းပေမဲ့လို့ အာဏာမရှိတဲ့ ရာထူးမျိုး၊ ရုပ်သေးနေရာမျိုး နေရတဲ့ ရာထူးမျိုးမှာ အပို့ခံရတာကို ဆိုလိုပါတယ်။
အထူးသဖြင့် အစိုးရအလုပ်မျိုးလို၊ ဖြုတ်ရခက်တဲ့ ရာထူးတွေမှာဆိုရင် တဦးဦးကို တခုခုကြောင့် ပြောင်းချင်တယ်ဆိုရင် ဒီလို အပြောင်းခံရတဲ့လူ မျက်နှာမပျက်ရလေအောင် ထိန်းပေးတဲ့အနေနဲ့ ပိုပြီး ကြီးတဲ့ရာထူးကို ရွှေ့ပြီးတော့ ဂျောင်ထိုးလိုက်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ အပြောင်းခံရတဲ့သူ အဆိုးထဲကအကောင်း လေး ရနိုင်အောင် စိတ်ချမ်းသာမှုအတွက် မက်လုံးအဖြစ်နဲ့ လခ ပိုကောင်းတဲ့ ဒါမှမဟုတ်၊ ပိုကြီးတဲ့ရာထူး ကို တိုးပေးတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အာဏာ မရှိ၊ လုပ်ပိုင်ခွင့် မရှိတဲ့ ရာထူးမျိုးဖြစ်တဲ့အတွက်ကြောင့် ကျမတို့ မြန်မာမှာတော့ ရာထူးတိုးပြီးဂျောင်ထိုးခံရတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို ကြည့်ရအောင်ပါ။

The Director was kicked upstairs for six months before his retirement.

ညွှန်ကြားရေးမှူးကို သူ အနားမယူမှီ ၆ လအလိုမှာ ရာထူးတိုးပြီး ဂျောင်ထိုးလိုက်တယ်လေလို့ အဓိပ္ပါယ်ရပါတယ်။

ဒီသီတင်းပတ် Kick ကို အခြေခံပြီး တင်ပြခဲ့တဲ့ အီဒီယမ်အသုံးတွေကတော့ Kick the Bucket, Kick the Habit, Kick Upstairs တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG