သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုပါကြီးအမှု ဥပဒေနဲ့မညီကြောင်း မိသားစု ရှေ့နေပြော


ပြည်တွင်းထုတ် ဂျာနယ်တွေအတွက် နယ်စပ်သတင်းများကို ပေးပို့ခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး
ပြည်တွင်းထုတ် ဂျာနယ်တွေအတွက် နယ်စပ်သတင်းများကို ပေးပို့ခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး

အလွတ်သတင်းထောက်ကိုပါကြီး အသတ်ခံရမှုနဲ့ပတ်သက်လို့ တာဝန်ရှိတဲ့ တပ်မတော်သားတွေကို စစ်တပ်တရားရုံးက တရားသေ လွှတ်ပေး လိုက်ကြောင်း မြန်မာနိုင်ငံ လူအခွင့်ရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့တရားရုံးမှာ သက်သေတွေကို စတင်စစ်ဆေးတဲ့အခါမှာတော့ ဒီအမှုဟာ ဥပဒေနဲ့အညီဆောင်ရွက်မူမရှိဘူးဆိုတာ ပေါ်လွင်ခဲ့တယ်လို့ ကိုပါကြီး မိသားစုရဲ့ ရှေ့နေဖြစ်သူ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက တင်ပြပေးထားပါတယ်။

အလွတ်သတင်းထောက်ကိုပါကြီးဟာ ရဲကသူ့ကို ဖမ်းဆီးမိခဲ့ပြီး စစ်တပ်ကိုလွှဲပြောင်းပေးခဲ့ရာက စစ်တပ်က စစ်ဆေးမေးမြန်းရင်း ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုပြီး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာပါ။ ဒီအမှုနဲ့ပတ်သက်လို့ ကိုပါကြီးရဲ့ဇနီးကို ကျိုက်မရောတရားရုံးမှာ စစ်ဆေးတဲ့အခါ အမှုဟာ ဥပဒေကြောင်းအရ ဆောင်ရွက်မှု မရှိတာ ပေါ်လွင်စေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။

“ညှင်းပမ်းနှိပ်စက်ပြီးတော့ အသတ်ခံခဲ့ရတဲ့ ကိုပါကြီးအမှုနဲ့ပတ်သက်ပြီး ဖွင့်လှစ်ထားတဲ့ သေမှုသေခင်းအမှု နံပါတ် ၁၄/၂၀၁၅ ခုပါ၊ နစ်နာသူ ဇနီးမသန္တာ ကနေ့ ထွက်ဆိုချက်ပေးပါတယ်။ အဲဒီလို ထွက်ဆိုချက်ပေးတဲ့အခါမှာ အခုလိုသေဆုံးရခြင်းဟာ တပ်မတော်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေကြောင့် ဖြစ်ရသလို အဲဒီလို အခြေအနေကို ရောက်ရှိဖို့အတွက် ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့က နယ်ထိန်း ရဲ ဒုတပ်ကြပ် ကျော်သူရအောင် တို့အပါအဝင်က ဆောင်ရွက်သွားခြင်းဖြစ်တယ်-ဆိုတာ ပေါ်လွင်သွားပါတယ်။ အဲဒီတော့ ဒါကို ကျယ်ကျယ်ပြန့်ပြန့် အမှုကို ဆောင်ရွက်မယ်ဆိုရင်တော့ အဖြေကောင်း တရပ်ကို ရနိုင်မှာဖြစ်ပါတယ်။ လူတယောက်ကို ဖမ်းဆီးတဲ့အချိန်ကနေစပြီးတော့ ၂၄ နာရီကျော်လွန်မယ်ဆို တရားရုံးမှာ ယမန်ယူရမယ်၊ စခန်းကိုခေါ်သွားရမယ်။ အခုလို လမ်းမှာတွေ့၊ လမ်းမှာခေါ်ပြီးတော့ စစ်တပ်လက်ကိုလွဲှတယ်ဆိုတာ အင်မတန်မှ တာဝန်ရှိတဲ့ကိစ္စ။ အခုလို အသက်ဆုံးရှုံးရတယ်ဆိုလို့ရှိရင် အဲဒီရဲတွေမှာ အကုန်လုံး တာဝန်မကင်းဘူး။”

ဒီအမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကလည်း လူ့အခွင့်အရေးရှုဒေါင့်ကနေ စစ်ဆေးမေးမြန်းပြီး သမ္မတကို အစီရင်ခံစာတင်ခဲ့ပါတယ်။ ဒီအစီရင်ခံစာထဲမှာ အမှုနဲ့ပတ်သက်လို့ နယ်ဘက်တရားရုံးမှာ လွတ်လပ်စွာ စစ်ဆေးခွင့်ပြုဖို့ အကြံပြုထားပါတယ်။ ဒါပေမယ့် မကြာသေးခင်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့အစီရင်ခံစာမှာတော့ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ တို့နဲ့ စစ်ဆေးခဲ့ပြီး တရားသေလွှတ်မိန့် ချမှတ်ခဲ့ကြောင်းနဲ့ ဒီဆုံးဖြတ်ချက်ကို တိုင်းမှူး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က အတည်ပြုခဲ့တာကို သိရှိရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ကိုပါကြီးသေဆုံးမှုနဲ့ပတ်သက်လို့ အရာရှိစစ်သည်တွေကို အရေးယူတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တပ်မတော် အက်ဥပဒေတို့နဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြန်ကြားချက်အရသိရှိရကြောင်း၊ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ကိုပါကြီးရဲ့ဇနီး မသန္တာကတော့ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလို ဆွဲယူပြီး အသုံးပြုခဲ့တာဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

“အခု ကျမခင်ပွန်းသည်ကို စပြီးတော့ဖမ်းစဉ်ကာလတုန်းက ဥပဒေနဲ့အညီ ဖမ်းခဲ့တာမျိုးမဟုတ်ဘူး။ ကျမအမျိုးသားကို မြို့လယ်ခေါင်မှာ ဖမ်းမိတာဖြစ်တယ်။ ကျမအမျိုးသားက အရပ်သားတယောက်ဖြစ်တယ်။ အဖမ်းခံရတဲ့နေရာဒေသက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့နေရာဒေသ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ကျမအမျိုးသားကို ဥပဒေအရ ဖမ်းဆီး၊ ဥပေဒအရစစ်ဆေး၊ ဥပဒေအရ အရေးယူ၊ ဥပဒေအရ တရားရုံးတင်ရမှာ-ဒါ ထုံးစံ။ ဒီလိုမျိုးမလုပ်ခဲ့ဘူး။ ဥပဒေမဲ့ဖမ်းဆီးခဲ့တယ်။ အခုမှာကျ ကျမအမျိုးသားကို သတ်တဲ့တရားခံနှစ်ယောက်ကို၊ စစ်တရားခံနှစ်ယောက်ကိုကျတော့မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်လိုက်တယ်ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ လိုသလိုလှည့်ပတ်သုံးနေတယ်လို့ပဲ ကျမ ထင်တယ်။”

ဒီအမှုကို ကျိုက်မရောမြို့နယ်တရားရုံးမှာ ဧပြီလ ၁၀ ရက်နေ့ ကစပြီး စတင်စစ်ဆေးနေတာ အခုဆိုရင် လေးကြိမ်မြောက်ရှိသွားပါပြီ။ ကိုပါကြီးရဲ့ ဇနီးကို တနေကုန်စစ်ဆေးခဲ့ပြီး မေလ ၂၅ ရက်နေ့မှာ ထပ်မံ ရုံးချိန်းပေးထားပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော့ အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်နေစဉ် သတင်းရယူခဲ့ပြီးအပြန် ကျိုက်မရောမြို့နယ်ထဲမှာ အဖမ်းခံခဲ့ရပြီး ဦးခေါင်းနဲ့ ကိုယ်ခန္ဓာတွေမှာ သေနတ်ဒ ဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ သူ့ရဲ့သေဆုံးမှုကို သီတင်းသုံးပတ်ကျော်ကြာပြီးမှ စစ်တပ်က သေနတ်လုလို့ ပစ်ခတ်ရင်းသေဆုံးကြောင်း သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့အလောင်းကိုတော့ သေဆုံးပြီး တလခန့်အကြာမှ ဖော်ထုတ်ပေးခဲ့ပြီး မိသားစုက သေမှုသေခင်းဖွင့် အလောင်စစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG