သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်နဲ့ မြန်မာစစ်တပ် တိုက်ပွဲဆက်ဖြစ်


ကိုးကန့်တပ်ဖွဲ့ဝင် တချို့ကို ရှေ့တန်းစစ်မျက်နှာမှာ တွေ့ရစဉ်၊ မတ်လ ၁၀၊ ၂၀၁၅
ကိုးကန့်တပ်ဖွဲ့ဝင် တချို့ကို ရှေ့တန်းစစ်မျက်နှာမှာ တွေ့ရစဉ်၊ မတ်လ ၁၀၊ ၂၀၁၅

တရုတ်နယ်နိမိတ် အတွင်း မြန်မာဘက်ကကြဲချတဲ့ဗုံး ကျရောက်ပေါက်ကွဲပြီး ၂ ရက်အကြာ ဒီနေ့မှာတော့ ကိုးကန့်လက်နက်ကိုင်တပ်အပေါ်မြန်မာ့ တပ်မတော်က ထိုးစစ်တွေကို ပြန်ပြီး အရှိန်မြှင့်တိုက်ခိုက်နေပါတယ်။ တချိန်တည်းမှာပဲ ဒီကနေ့မှာ ဗုံးပေါက်ကွဲခဲ့တဲ့ တရုတ်နိုင်ငံတွင်းက ဒေသကိုလည်း မြန်မာနဲ့တရုတ်အစိုးရ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုတွေလုပ်နေတဲ့တချိန်တည်းမှာပဲ တရုတ်နိုင်ငံတွင်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့ဗုံးဟာ မြန်မာစစ်တပ် တိုက်လေယာဉ်ကနေ ကြဲချခဲ့တဲ့ဗုံးဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်ပြောဆိုလိုက်ပါတယ်။ ကိုးကန့်ဒေသ စစ်ရေး အခြေအနေနဲ့ တရုတ်မြန်မာနှစ်နိုင်ငံတို့ကြား နယ်စပ်လုံခြုံရေး ဆိုင်ရာ အခြေအနေတွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းခရိုင်တွင်းက တာ့ရွှေရှန်းတုကျေးရွာအနီးမှာ ပြီးခဲ့တဲ့သောကြာနေ့ကမြန်မာဘက်ကနေ ကြဲချခဲ့တဲ့ ဗုံးပေါက်ကွဲပြီး တရုတ်အရပ်သား ၅ ဦး သေဆုံး၊ ၈ ဦးဒဏ်ရာရခဲ့တာပါ။ ဒီကိစ္စဖြစ်အပြီး ၂ ရက်တိတိ မြန်မာ့တပ်မတော်နဲ့ ကိုးကန့်လက်နက်ကိုင်တို့ကြား တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပြီး ဒီကနေ့ တနလာၤနေ့မှာတော့ တိုက်ပွဲတွေ ပြန်ပြီးပြင်းထန်လာပါတယ်။ တရုတ်နယ်စပ်နဲ့ ၃ မိုင်လောက်ပဲဝေးတဲ့ လောက်ကိုင်မြို့ အရှေ့တောင်ဘက် တုန်ရှန်းဒေသတောင်ကုန်းတခုကို မြန်မာအစိုးရက တနလာၤနေ့ တနေ့လုံးနီးပါး ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ဖုန်းကြားရှင် ဦးဆောင်တဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“မနက် ဆယ်နာရီလောက်ကနေ စဖြစ်ပါတယ်ခင်ဗျ။ အဲဒီ တုန်းရှန်းဒေသမှာပါ။ ဧရိယာတခုအနေနဲ့ပြောတာပေါ့နော- တုန်းရှန်းကတော့။ တောင်ကုန်း ဒေသပေါ့နော၊ အဲဒီမှာက ၁၄၀ ပတ်ဝန်းကျင်လောက်ဖြစ်မယ်။ လောက်ကိုင်နဲ့ပြောရင် အရှေ့တောင်ပေါ့။ လောက်ကိုင်ရဲ့ အရှေ့တောင်ဘက်ပေါ့။ လောက်ကိုင်ရဲ့အရှေ့မြောက်ဘက်မှာလည်း ရံဖန်ရံခါ သူတို့က လက်နက်ကြီးနဲ့လှမ်းပစ်ပါတယ်။ ဒီနေ့တော့ လေကြောင်း မတွေ့ရသေးဘူး။ ”

ဒီတောင်ကုန်းဟာဆိုရင် ပြီးခဲ့တဲ့ သောကြာနေ့တုန်းက မြန်မာစစ်တပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဒေသတဝိုက်လည်းဖြစ်ပါတယ်။ မြန်မာဘက်က တိုက်ပွဲတွေကနေ တရုတ်ဘက်ခြမ်းကို ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီးနောက်မှာတော့ တရုတ် မြန်မာနယ်စပ်အနီးကို တရုတ်ဘက်က စစ်အင်အား အလုံးအရင်းချထားတာကြောင့် အခု ကိုးကန့်လက်နက်ကိုင်အဖွဲ့ရဲ့ အနေအထားက တရုတ်စစ်တပ်နဲ့ မြန်မာစစ်တပ်ကြား ပိတ်မိနေတဲ့ အခြေအနေလည်း ဖြစ်တယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ကိုးကန့်လက်နက်ကိုင် (MNDAA) တပ်ဖွဲ့ဝင်တဦး စက်သေနတ်ကျည်များ သယ်ဆယ်ရန်ပြင်ဆင်နေစဉ်။ (မတ်လ ၁၀၊ ၂၀၁၅)
ကိုးကန့်လက်နက်ကိုင် (MNDAA) တပ်ဖွဲ့ဝင်တဦး စက်သေနတ်ကျည်များ သယ်ဆယ်ရန်ပြင်ဆင်နေစဉ်။ (မတ်လ ၁၀၊ ၂၀၁၅)

တချိန်တည်းမှာပဲ သောကြာနေ့တုန်းက မြန်မာဘက်က ကျရောက်ပေါက်ကွဲခဲ့တဲ့ ဗုံးဟာ မြန်မာ့တပ်မတော် လေယာဉ်ကနေ ကြဲချခဲ့တဲ့ ဗုံးဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဟုန်းလေကအခုလို ပြောဆိုပါတယ်။

“မြန်မာ့တပ်မတော် လေယာဉ်က ကျဲချခဲ့တဲ့ ဗုံးတလုံးကြောင့် တရုတ်ပြည်သူတွေ သေကြေခဲ့ကြရတယ်ဆိုတာကတော့ ရှင်းပါတယ်။အခုတော့ တရုတ် မြန်မာ နယ်စပ်မှာ ပူးတွဲ စုံစမ်းစစ်ဆေးရေး လုပ်ဖို့ တရုတ်ဘက်က တောင်းဆိုထားတဲ့ အတိုင်း မြန်မာဘက်က စုံစမ်းရေး အဖွဲ့တဖွဲ့ကို စေလွှတ်ပေးပြီး ဖြစ်ပါတယ်။ အခု စုံစမ်းစစ်ဆေးမှုတွေ စနေပါပြီ။”

တရုတ် မြန်မာနယ်စပ် ကိုးကန့်ဒေသတွင်းမှာ တိုက်ပွဲတွေဆင်နွှဲနေကြသူတွေအနေနဲ့ တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကိုအလေးထားပြီး ဒေသတွင်းမှာ တည်ငြိမ် အေးချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်ကြဖို့ကိုလည်း ထပ်ပြီး တိုက်တွန်းတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရဟုန်လေးက ပြောခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့တုန်းကလည်း တရုတ်ဝန်ကြီးချုပ် လီခကျင်းကလည်း တရုတ်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့ တရုတ်အစိုးရအနေနဲ့တာဝန်ရှိသလို နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်အစိုးရမှာတာဝန်ရှိသလို လုပ်နိုင်စွမ်းလည်းရှိပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကတော့ တရုတ်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တဲ့ဗုံးဟာ မြန်မာအစိုးရ စစ်တပ်လေယာဉ်ကနေ ကြဲချခဲ့တဲ့ ဗုံးဖြစ်တယ်လို့ ယတိပြတ် ဝန်ခံထားတာမျိုး မရှိသေးပါဘူး။ မြန်မာနိုင်ငံတွင်းက တိုက်ပွဲတွေကြောင့် တရုတ်ဘက်ကို ဗုံးကျရောက်ပေါက်ကွဲပြီး အရပ်သားတွေ သေဆုံးဒဏ်ရာရတဲ့ အပေါ်မှာ စိတ်ထိခိုက်ရကြောင်း မြန်မာအစိုးရကပြောဆိုထားပြီး ဒီကိစ္စမှာ ကိုးကန့်လက်နက်ကိုင်တပ်ဘက်က ပါဝင်ပတ်သက်မှုရှိမရှိကို တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။ မလေးရှားနိုင်ငံမှာ ၃ ရက်ကြာကျင်းပနေတဲ့ အာဆီယံကာကွယ်ရေး ဆိုင်ရာ ညီလာခံမှာလည်း မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က တရုတ်နိုင်ငံတွင်းကို မြန်မာဘက်က ဗုံးကျပေါက်ကွဲခဲ့တဲ့ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်ကရော မြန်မာ့တပ်မတော်ဘက်ကတော့ တရားဝင်ဖြေကြားမယ့်သူလည်း မရှိပါဘူး။ မြန်မာ ပြည်တွင်းစစ်ကြောင့် တရုတ်ဘက်ကို ၂ ကြိမ်တိုင်တိုင် ဗုံးကျပေါက်ကွဲခဲ့ပြီးနောက်မှာတော့ တရုတ်ဘက်က နယ်စပ်ဒေသမှာ စစ်အင်အား အလုံးအရင်းချထားပြီးဖြစ်သလို တရုတ်ဝန်ကြီးချုပ်၊ တရုတ်နိုင်ငံခြားရေးဌာန၊ တရုတ်ကာကွယ်ရေးဌာနတို့က မြန်မာအစိုးရကို အသီးသီး သတိပေးခဲ့ကြပြီးလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG