သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်စစ်အုပ်ချုပ်ရေး သက်တမ်းတိုး


(ဓာတ်ပုံ - MOI)
(ဓာတ်ပုံ - MOI)

ကိုးကန့်လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့အတွက် စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို နောက်ထပ် စစ်အုပ်ချုပ်ရေး သက်တမ်း ၃ လတိုးဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားပေမဲ့လို့ ကိုးကန့်ဒေသထဲ ၂၀၁၅ ရွေးကောက်ပွဲဖြစ်မြောက်အောင် ကျင်းပဖို့ စီစဉ်နေသလို ကိုးကန့်ဒေသ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ ရှိတယ်လို့လည်း ကိုးကန့်ဒေသက လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန် တင်ပြထားပါတယ်။

အစိုးရတပ်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်လို့ စစ်အုပ်ချုပ်ရေး ကြေညာထားရတဲ့ ကိုးကန့်ဒေသတွင်းမှာ စစ်အုပ်ချုပ်ရေး နောက်ထပ် ၃ လ ထပ်တိုးဖို့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးလှထွန်းကနေ လွှတ်တော်တွင်း အဆိုတင်သွင်းမှုကို ကိုးကန့်ဒေသက လွှတ်တော် ကိုယ်စားလှယ်အနေနဲ့က အတည်ပြု ထောက်ခံခဲ့တဲ့အကြောင်း ကိုးကန့်လွှတ်တော်အမတ် ဦးကျော်နီနိုင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“စစ်အုပ်ချုပ်ရေးဆိုတာက လောလောဆယ် ကျနော်တို့ ကိုးကန့်ဒေသမှာ လိုအပ်နေတယ်။ လိုအပ်နေတယ်ဆိုတော့ မတည်ငြိမ်မှုတွေ ရှိနေသေးတယ်။ ဆိုတော့ လိုအပ်နေသေးတယ်ပေါ့။ ကျနော့်အနေနဲ့ ကျနော် ထောက်ခံဆွေးနွေးတယ်ဗျ။ သမ္မတရုံးဝန်ကြီး ဦးလှထွန်းကနေ လွှတ်တော်ကို လာပြီးမှ အဆိုတင်ခဲ့တယ်ခင်ဗျ။ ကျနော်တို့ ကိုးကန့်ဒေသမှာ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်ပေါ့ ၁/၂၀၁၅ ကို ထပ်တိုးတာပေါ့ ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေး ထပ်တိုးတာပေါ့။”

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်အမှတ်- ၁/၂၀၁၅ အရေးပေါ် အခြေအနေ ကြေညာခြင်း အပေါ် ထပ်ပြီးတော့ ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့လည်း ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ်က ဦးဟော်ရှောက်ချမ်းကလည်း အတည်ပြုပါတယ်။ ပြီးခဲ့တဲ့မေလတုန်းကလည်း ပြည်ထောင်စုလွှတ်တော်မှာ ကိုးကန့်ဒေသတွင်း စစ်အုပ်ချုပ်ရေး သက်တမ်းတိုးမြှင့်ဖို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် က အဆိုတင်သွင်းခဲ့ပြီး ဒီအဆိုကို အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒီတကြိမ်ကတော့ ကိုးကန့်ဒေသတွင်း စစ်အုပ်ချုပ်ရေးကို ဒုတိယအကြိမ် သက်တမ်းတိုးတာဖြစ်ပါတယ်။

မကြာခင် ကျင်းပတော့မယ့်၂၀၁၅ ရွေးကောက်ပွဲကိုလည်း ကိုးကန့်ဒေသတွင်း ကျင်းပနိုင်ရေး စီစဉ်နေသလို ကိုးကန့်ဒေသ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ရှိပါတယ်လို့ ကိုးကန့်လွှတ်တော်အမတ် ဦးကျော်နီနိုင်က ပြောပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ကိုးကန့်ဒေသမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီးတော့လည်း သူက အခုလို ပြောပါတယ်။

“ကျနော် ပြန်ရွေးပါမယ်။ ကျနော်တို့ ကိုးကန့်ဒေသမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ ကျနော် ပြန်ပြီးမှ ဝင်ဖို့ရှိတယ်။ အကုန်လုံး ကျနော်တို့နေရာ ၇ နေရာရှိတယ်။ ကျနော်တို့ အမျိုးသား ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၂ နေရာနဲ့ ၄ နေရာစလုံး ရွေးလို့ရပါတယ်။”

မေး - ဒီတော့ စစ်အုပ်ချုပ်ရေးရှိနေပေမဲ့ ရွေးကောက်ပွဲကျင်းပမယ့် အနေအထားရှိတဲ့ သဘောပေါ့နော်။

ဖြေ - ကျနော်တို့ ကျင်းပဖြစ်အောင်ကို ကျနော်တို့ ကျင်းပမှာပါ။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် ချုပ်ပြီးလို့ရှိရင် နော် ချက်ခြင်း အေးချမ်းမယ်လို့ပဲ ဆုတောင်းပြီးတော့မှ မျှော်လင့်နေကြတာပေါ့။

စစ်ရေးတင်းမာနေဆဲ အခြေအနေတွေ ရှိနေတဲ့အတွက် ကိုးကန့်ဒေသထဲမှာ ၂၀၁၅ ရွေးကောက်ပွဲဟာ ကျင်းပနိုင်ခြေ ရှိပါ့မလားဆိုတာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပေမဲ့လို့ ကိုးကန့်ဒေသတွင်းမှာ မဲဆန္ဒရှင်စာရင်း ပြုစုမှုတွေနဲ့ ကိုယ်စားလှယ်လောင်စာရင်း တင်သွင်းမှုတွေ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG