သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လျော်ကြေးကိစ္စ မြန်မာအတည်မပြု


ကိုးကန့်ဒေသ စစ်ရေးပဋိပက္ခကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်နိုင်ငံတွင်းကို လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး၊ တရုတ်နိုင်ငံသား ၅ ဦး သေဆုံးခဲ့ရတဲ့ဖြစ်ရပ်မှာ သေဆုံးသူ တရုတ်နိုင်ငံသားတွေရဲ့ မိသားစုတွေကို အမေရိကန်ဒေါ်လာ ၁ သောင်း ၁ ထောင်ကျော်ညီမျှတဲ့ တရုတ်ယွမ်ငွေ ၇ သောင်း လျော်ကြေးပေးဖို့ မြန်မာဘက်က ကမ်းလှမ်းအဆိုပြုထားတယ်ဆိုပြီး တရုတ်နိုင်ငံပိုင် Global Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မြန်မာဘက်က ဖြစ်ရပ်မှန်စုံစမ်းပြီး တာဝန်ရှိသူတွေကို အရေးယူဖို့နဲ့ သေဆုံးထိခိုက်မှုတွေအတွက် တောင်းပန်ပေးဖို့ကိုလည်း တရုတ်စစ်ကော်မရှင် ဒုဥက္ကဌက မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တယ်လီဖုန်းကဆင့် ပြောခဲ့တယ်လို့ တရုတ်စစ်ဘက် ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

မြန်မာဘက်က လျော်ကြေးပေးမယ်ဆိုတဲ့ အဆိုပြုထားတဲ့ကိစ္စကို မြန်မာအစိုးရ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အတည်မပြုပါဘူး။ မြန်မာအစိုးရအနေနဲ့ ဒီဖြစ်ရပ်ကို တရုတ်အာဏာပိုင်တွေနဲ့ပေါင်းပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဗွီအိုအေကို တုံ့ပြန်ပါတယ်။ ကိုဝင်းမင်းက ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းရာမှာ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ နှစ်ဘက် နိုင်ငံခြားရေးဌာနတွေ ညှိနှိုင်းနေတုန်းပဲလို့ ပြောသွားပါတယ်။

မေး။ ။ ဟုတ်ကဲ့ ဦးရဲထွဋ်၊ တရုတ်ဖက်ကနေပြီးတော့ မြန်မာအစိုးရကို ဖြစ်ခဲ့တဲ့ ပြဿနာအတွက် သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေကို တောင်းပန်ပေးဖို့ စနေနေ့က တရုတ်စစ်ကော်မရှင်က ပြောထားတဲ့ ကိစ္စလေ။

ဖြေ။ ။ အဲဒါ ကျနော်တို့က လောလောဆယ် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဆက်သွယ် ဆွေးနွေးနေတုန်းပဲ ရှိသေးတယ်ခင်ဗျ။ အသေးစိတ် အချက်တွေကိုတော့ ကျနော်တို့ မသိရသေးဘူး။ နောက်တခုက မြေပြင်မှာ ကျတဲ့နေရာကို သွားကြည့်ပြီးတော့မှ ကျည်အမျိုးအစားကို ခွဲခြားနေတာ။ ဘာဖြစ်လို့လည်းဆိုတော့ နယ်စပ်ဒေသမှာ ဖြစ်တဲ့အခါကျတော့ ကိုးကန့် ဖုန်ကျားရှင်အဖွဲ့က ၂ ဘက်အကြား ပြဿနာဖြစ်အောင် လုပ်တာဖြစ်နိုင်တယ်ဆိုတဲ့ အလားအလာလည်း ရှိနေတော့ အဲဒါကိုသွားစစ်နေကြတယ်။ လက်ရှိအခြေအနေကတော့ အဲဒီလောက်ပဲ ကျနော်တို့လည်း သိသေးတယ်။

မေး။ ။ ဟုတ်ကဲ့ Global Times မှာတော့ ပါတာတခုက၊ မြန်မာအစိုးရဖက်ကနေပြီးတော့မှ လျော်ကြေးပေးဖို့အတွက် အတိအကျ ဒေါ်လာ တသောင်းတထောင်ကျော်လောက် ကမ်းလှမ်းလာတယ် ဆိုပြီးတော့ နီးစပ်တဲ့ ဆွေးနွေးသွားတဲ့ လူတယောက်ကို ကိုးကားပြီး ပြောထားတာ တွေ့ရတယ်။ အဲဒါရော ဘယ်လိုအနေအထားရှိလဲ မသိဘူး။

ဖြေ။ ။ ကျနော်မနက်ကအထိ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ သိထားတာကတော့ အဲဒီလိုမျိုး ကျနော်တို့ လျော်ကြေးငွေ ပမာဏကို ဆွေးနွေးတာ မရှိသေးဘူးဗျ။

မေး။ ။ တရုတ်အစိုးရဘက်ကနေပြီး အခုလိုမျိုး တောင်းပန်ဖို့ ပြောလာတဲ့အပေါ်မှာ ရှေ့မှာရော တွေ့ရှိချက်တွေအပေါ် မူတည်ပြီးတော့ ဘယ်လိုမျိုး ဖြေရှင်းသွားဖို့ စဉ်းစားထားလဲ မသိဘူး။

ဖြေ။ ။ အဲဒီကိစ္စကတော့ နိုင်ငံခြားရေးဌာန ၂ ခုက ဆွေးနွေးနေတဲ့ကိစ္စဖြစ်တယ်။ နောက်တခါ ရလဒ်တွေလည်း ကျနော်တို့ ဘာမှ စစ်ဆေးတွေ့ရှိချက်တွေကိုလည်း မသိရသေးတဲ့ အခါကျတော့၊ အခုအချိန်မှာတော့ ကျနော်တို့ ကြိုတင်ပြီးတော့ မှတ်ချက် မပေးနိုင်သေးဘူးခင်ဗျ။ အဲဒါလေးတော့ နားလည်ပေးစေချင်ပါတယ်။

ကိုးကန့်ဒေသ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာကာကွယ်ရေးဝန်ကြီးဌာန ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာတော့ ကိုးကန့်သူပုန်ဖွဲ့ဟာ လောင်ကိုင်မြို့အနီးအထိ ချီတက်လာစဉ် မြန်မာစစ်ကြောင်းတွေနဲ့ တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့သလို၊ ကိုးကန့်အဖွဲ့ ထိန်းချုပ်ထားတဲ့ တောင်ကုန်းတွေကို စစ်တပ်က လေကြောင်းပစ်ကူယူပြီး တိုက်ခိုက်ရှင်းလင်းမှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

တိုက်ပွဲတွေကြောင့် မြန်မာစစ်တပ်က အရာရှိတဦးနဲ့ စစ်သည် ၁၃ ဦး ကျဆုံးပြီးတော့၊ စစ်သည် ၂၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းကတော့ လောင်ကိုင်အရှေ့ခြမ်းမှာ သူတို့ တပ်ဖွဲ့ဝင်တွေကို မြန်မာအစိုးရဘက်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေရာမှာ မြန်မာဘက်က စစ်သည် ၇၀ ကျော် ကျဆုံးဖွယ်ရှိတယ်လို့ ဗွီအိုအေကို ပြောထားပါတယ်။ ဒါ့အပြင် မြန်မာအစိုးရတပ်ဘက်က ကိုးကန့်တပ်ဖွဲ့အပေါ် နိုင်ငံခြားကျူးကျော်စစ်သဘောထားပြီး စစ်ဆင်တိုက်ခိုက်နေတဲ့အပေါ် ဦးထွန်းမြတ်လင်းက ဝေဖန်ပါတယ်။

ကိုးကန့်လူမျိုးတွေဟာ ဖွဲ့စည်းပုံအရ တိုင်းရင်းသားလူမျိုးစုဝင်ဖြစ်ပြီး၊ အခု ဖြစ်နေတဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းလိုတယ်လို့လည်း ပြောပါတယ်။ တဘက် တရုတ်နိုင်ငံဘက်ခြမ်းမှာတော့ တရုတ်စစ်တပ်ကနေ စစ်ရေးအခြေအနေတွေကို စောင့်ကြည့်နေပြီး၊ မြန်မာဘက်က စစ်လေယဉ်တွေဟာ နယ်ခြားအနီး ပျံသန်း သွားလာမှုတွေ မရှိဘူးလို့ တရုတ်သတင်းတွေမှာ ဖော်ပြနေပါတယ်။ တရုတ်ဘက်ကို ဗုံးကျပြီး တရုတ်နိုင်ငံသားတွေ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်နောက်ပိုင်း မြန်မာဘက်က လေကြောင်းစစ်ဆင်မှုတွေ ရပ်သွားတယ်လို့ ကိုးကန့်ဘက်က ပြောထားပါတယ်။ ဒါပေမဲ့ မြန်မာဘက်ကနေ ကိုးကန့်တပ်ဖွဲ့တွေကို စစ်ဆင်ရာမှာ ဒီကနေ့ပြန်ပြီး လေကြောင်းစစ်ဆင်မှုတွေ ပြန်လုပ်နေတယ်ဆိုတာကိုတော့ မြန်မာကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

XS
SM
MD
LG