သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖုန်ကြားရှင်နဲ့ ဦးအောင်မင်း တွေ့ဆုံမှု ကိုးကန့်ငြင်းဆန်


ကိုးကန့်တပ်ဖွဲ့ MNDAA သတင်းဓာတ်ပုံ- Credit to ( Lachid Kachin )
ကိုးကန့်တပ်ဖွဲ့ MNDAA သတင်းဓာတ်ပုံ- Credit to ( Lachid Kachin )

သမ္မတရုံးဝန်ကြီးဦးအောင်မင်း ဂျပန်နိုင်ငံကို ရောက်ရှိစဉ် ဂျပန်သတင်းစာတစောင်ဖြစ်တဲ့ Nikkei သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ သူနဲ့ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်တို့ ၂၀၁၂ ခုနှစ်အတွင်းမှာ တွေ့ဆုံခဲ့ဖူးပြီး၊ အဲဒီနောက် ကိုးကန့်ခေါင်းဆောင်ရဲ့ မေတ္တာရပ်ခံချက်အရ ဖုန်ကြားရှင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ ဆိုထားပါတယ်။

ကိုးကန့်အဖွဲ့ ပြောခွင့်ရသူကတော့ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်အနေနဲ့ ဒီပြောဆိုချက် မမှန်ကြောင်း ငြင်းဆန်ခဲ့ပြီး၊ ဦးဖုန်ကြားရှင်ဟာ နယ်စပ်တလျှောက်မှာပဲ နေခဲ့တာလို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အဲဒီမေးမြန်းခန်းမှာ ဝန်ကြီးဦအောင်မင်းက Nikkei သတင်းဌာနကို ပြောထားတဲ့နေရာမှာ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က သူနဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမှာ တွေ့ဆုံစဉ်မှာ သူ့အနေနဲ့ နေရပ်ပြန်လိုတယ်၊ အဲဒီမှာ ရွေးကောက်ပွဲ ဝင်လိုတယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သမ္မတအနေနဲ့ ဦးဖုန်ကြားရှင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပေမဲ့ ဦးဖုန်ကြားရှင်ဟာ ကတိမတည်ဘဲ လက်နက်ကိုင်လှုပ်ရှားမှု ပြန်လုပ်ခဲ့တယ်လို့ ဦးအောင်မင်းက အပြစ်တင်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုးကန့်အဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းကို မေးမြန်းရာမှာတော့ ဦးဖုန်းကြားရှင်နဲ့ ဦးအောင်မင်းတို့ တွေ့ဆုံတာမျိုး မရှိခဲ့ပါဘူးလို့ ငြင်းပါတယ်။

“ကျနော်သိသလောက်တော့ ဒီနယ်စပ်ဒေသတွေမှာပဲ နေနေပါတယ်ခင်ဗျ။ ကိုးကန့်မှာကတော့ မနေပါဘူးခင်ဗျ။”

မေး။ ။ ဒီမတိုင်ခင်မှာရော မြန်မာအစိုးရနဲ့ ဆက်စပ်မှု ရှိပါသလား။

ဖြေ။ ။ “မရှိပါဘူးခင်ဗျ။”

မေး။ ။ ဦးအောင်မင်းနဲ့က ဖိလစ်ပိုင်မှာပဲ မနီလာမှာပဲ တွေ့တာတခုတည်း ရှိတာပေါ့။

ဖြေ။ ။ “သူနဲ့ ဦးအောင်မင်းနဲ့ မတွေ့ခဲ့ဖူးပါဘူးခင်ဗျ။”

မေး။ ။ ဦးအောင်မင်းပြောတာကတော့ မနီလာမှာ ဦးဖုန်ကြားရှင်နဲ့ ဆုံတဲ့အခါမှာ သူက မေတ္တာရပ်ခံချက်အရ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ဆိုပြီးတော့ ပြောတယ်။ ဒီအုပ်ချုပ်ရေးပိုင်းမှာ ပြန်လုပ်ချင်တယ်လို့ ပြောတဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သူတို့စီစဉ်ပေးခဲ့တယ်ပေါ့နော်။ စီစဉ်ပေးခဲ့တဲ့အခါမှာ ဦးဖုန်ကြားရှင်ကနေပြီးတော့ သူတို့ကတိပေးထားတဲ့အတိုင်း မလုပ်ဘဲနဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေ ပြန်လုပ်လာတယ်ဆိုပြီးတော့ အဲလိုမျိုး ဦးအောင်မင်းက ပြောပါတယ်။

ဖြေ။ ။ “အင်း ကျနော်သိသလောက်တော့ မရှိပါဘူးခင်ဗျ။ မတွေ့ဖူးပါဘူး။ ဦးဖုန်ကြားရှင်နဲ့ ဦးဖုန်ကြားဖူး ဟာ နိုင်ငံတော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ထဲထဲဝင်ဝင် လုပ်ခဲ့တယ်။ ဘိန်းပပျောက်ရေးလည်း အောင်အောင်မြင်မြင်နဲ့ ဒီကိုးကန့်ဒေသမှာပေါ့ဗျာ ဘိန်းစိုက်ပျိုးမှုကို ပပျောက်စေခဲ့တယ်ဆိုတဲ့ အကြောင်းရင်းကြောင့် သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာနဲ့တူတယ်။”

မေး။ ။ သြော် ဟုတ်ကဲ့ အဲဒါ ဘယ်နှစ်ခုနှစ်လောက်ကလဲခင်ဗျ။

ဖြေ။ ။ “၂၀၁၂ လား အဲလောက်ပဲဖြစ်မယ်ထင်တယ်။ ကျနော် သိပ်မမှတ်မိတော့ဘူး။”

မေး။ ။ အဲဒီကာလနောက်ပိုင်းမှာ ဦးဖုန်ကြားရှင်အနေနဲ့ တိမ်းရှောင်ပြီးတော့ သွားလာစရာ မလိုဘူးပေါ့။

ဖြေ။ ။ “အင်း အဲလိုပြောရမှာပေါ့ဗျာ။”

မေး။ ။ အဲတော့ ဦးအောင်မင်းနဲ့ တွေ့တယ်ဆိုတာတော့ မဟုတ်ဘူးပေါ့နော်။

ဖြေ။ ။ “မဟုတ်ဘူးဗျ။ ကိုးကန့်က NCCT မှာ တောက်လျှောက် ပါလာခဲ့တာပဲဗျ။ အဲဒီမှာ ကိုယ်စားလှယ်လွှတ်ထားတာ ရှိပါတယ်။ ဆိုလိုတာက NCA တောက်လျှောက် အစည်းအဝေးတွေ ထိုင်တယ်၊ လုပ်တဲ့အချိန်မှာ တောက်လျှောက်ပါပါတယ် ကိုးကန့်က။ သပ်သပ်ကြီး ရှင်းပြစရာ မလိုပါဘူးခင်ဗျ။”

မေး။ ။ ဦးအောင်မင်းပြောသွားတဲ့အထဲမှာ ဦးဖုန်ကြားရှင်က သူ့ကတိအတိုင်းမဟုတ်ဘူး။ လက်နက်ကိုင်လှုပ်ရှားမှု ပြန်လုပ်လာတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ရော ဦးထွန်းမြတ်လင်း ဘာများ မှတ်ချက်ပေးလိုပါလဲခင်ဗျ။

ဖြေ။ ။ “ကျနော်ထင်တာ သူတို့က ဆင်ခြေပေးတာပါ။ သူတို့တိုက်တာကိုက သူတို့က မှန်တယ်ဆိုတဲ့ ပုံစံပေါ့ဗျာ။ လူတောင် မတွေ့ဖူးဘဲဗျ။ မနီလာတောင် မရောက်ဖူးလောက်ပါဘူး ကျနော်ထင်တယ် ဦးဖုန်ကြားရှင်။ အဲဒီတော့ ဘယ်လိုလုပ် ကတိသွားပေးမလဲ။”

မေး။ ။ ဒါပေမဲ့ ကိုးကန့်တပ်ဖွဲ့အနေနဲ့ လောက်ကိုင်ဒေသကို ပြန်ထိန်းချုပ်ဖို့ဆိုပြီးတော့ ဦးဖုန်ကြားရှင်က အရင်ဆုံး Global Times တို့ဘာတို့နဲ့ အင်တာဗျူးတွေမှာ ပြောခဲ့ဖူးပါတယ်။

ဖြေ။ ။ “တခါတလေ ဘာသာပြန်တဲ့အခါမှာ ကွဲလွဲမှုတော့ ရှိမယ်ထင်တာပဲဗျ။ ကျနော်သိသလောက်တော့ သူက အိမ်ပြန်ချင်တယ် အဲလိုတော့ ပြောတယ်။ ပြီးတော့ အခု ဒီရဲဘော်လေးတွေလည်း အိမ်နဲ့ခွဲနေရတာ ကြာနေပြီ။ အဲဒါနဲ့ အိမ်ပြန်ချင်တယ်ဆိုတာကိုပဲ အဲဒါကို ပြောတာ နေမှာပါ။”

မေး။ ။ အိမ်ပြန်ချင်တယ်ပြောတော့ အဲဒီကာလမှာ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားပြီးပြီပဲ။

ဖြေ။ ။ “ဒါပေမဲ့ သူတို့က ဒီ MNDAA ကို အသိအမှတ် မပြုဘူးပဲဗျ။”

ဝန်ကြီး ဦးအောင်မင်းနဲ့ Nikkei သတင်းဌာန မေးမြန်းခန်းမှာတော့ မြန်မာအစိုးရရဲ့ လတ်တလော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ ကိုးကန့်အဖွဲ့ကို ထည့်မထားဘဲ၊ သီးခြားဆွေးနွေးသွားဖို့ ရှိတယ်လို့ ဦးအောင်မင်းက ပြောထားပါတယ်။ ဦးဖုန်ကြားရှင်ဘက်က ဒီပြဿနာကို နိုင်ငံရေးနည်းနဲ့ မရှင်းဘဲ လက်နက်ကိုင် လှုပ်ရှားခဲ့တယ်လို့ ဆိုပေမဲ့၊ သူတို့အနေနဲ့တော့ ကိုးကန့်ပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းဖို့ကို ဆောင်ရွက်သွားမှာပါလို့လည်း ဦအောင်မင်းက အဲဒီမေးမြန်းခန်းမှာ ပြောထားပါတယ်။

XS
SM
MD
LG