သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UWSA နဲ့ မြန်မာစစ်တပ် တာဝန်ရှိသူများတွေ့ဆုံ


ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) က တာဝန်ရှိပုဂ္ဂိုလ်တွေကို ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က လားရှိုးမြို့မှာ ခေါ်ယူတွေ့ဆုံခဲ့ပြီး လွန်ခဲ့တဲ့လကုန်ပိုင်းက ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ကိုးကန့်တိုက်ပွဲမှာ UWSA ပါဝင်တယ်လို့ ထုတ်ပြန်တာဟာ မှားယွင်းတာသာဖြစ်ကြောင်း ရှင်းလင်းခဲ့တယ်လို့ UWSA ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် မေခ က သတင်းပေးပို့ထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန(ကြည်း) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) က တာဝန်ရှိပုဂ္ဂိုလ်တွေကို မနေ့က လားရှိုးမြို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ခေါ်ယူတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ကိုးကန့်ဒေသ တိုက်ပွဲတွေမှာ (UWSA) ပါဝင်တယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျင်းပတဲ့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောကြားတာနဲ့ ပတ်သက်လို့ ရှင်းလင်းခဲ့တယ်လို့ UWSA ပြန်ကြားရေးတာဝန်ခံ ဦးအောင်မြင့် က ပြောပါတယ်။

"မနေ့က ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ နောက် လားရှိုးတိုင်းမှူး သူတို့ကနေပြီးတော့ ကျနော်တို့ ကိုယ်စားလှယ်ပေါ့၊ ကျနော်တို့ တပ်ကိုယ်စားလှယ်ကို ဖိတ်ပါတယ်။ မနေ့က ကျနော်တို့ တပ်မဟာမှူး တဖွဲ့လုံးက လားရှိုးကို သွားပါတယ်။ တိုင်းမှူးနဲ့ရော ဒုတိယဗိုလ်ချုပ်ကြီးနဲ့ရော သွားတွေ့ပါတယ်။ သူတို့သတင်းစာရှင်းလင်းပွဲ ပြောတာဆိုတာ မှားပါတယ်ဆိုတဲ့အကြောင်း၊ နောက် ၀ က ကိုးကန့်မှာ သူတို့ မူလက ပြောတာက တပ်ရင်း ၄ ရင်း တပ်မဟာ ၁ ခု ဖွဲ့စည်းပုံမျိုးနဲ့ ဝင်ရောက် တိုက်ခိုက်နေတယ်လို့ ပြောတာကိုး။ ဆိုတော့ ဒီကိစ္စက သူတို့မှားပါတယ်။ ၀ က ပါဝင်ပတ်သက်မှု မရှိပါဘူးလို့ ပြောလိုက်တယ်။"

လက်ရှိဖြစ်ပွားနေတဲ့ ကိုးကန့်စစ်ပွဲမှာ (UWSA) က မပါဝင်ကြောင်း နိုင်ငံတော်သမ္မတဆီကို တရားဝင်စာပို့ပြီး နောက်ပိုင်းမှာ အခုလို ခေါ်ယူ တွေ့ဆုံတာဖြစ်ပါတယ်။ ကိုးကန့်ဒေသမှာဖြစ်တဲ့ တိုက်ပွဲတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တဲ့အပေါ် ဦးအောင်မြင့်က အခုလို ပြောဆိုပါတယ်။

“ရှမ်းပြည်နယ်မှာရှိတဲ့ ဒီအဖွဲ့အစည်းတွေ အားလုံးကိုပဲ စစ်တပ်က လက်ညှိုးထိုးထားတာဖြစ်တယ်။ ဒီတော့ ကျနော်တို့မှာက ခံစားမှုတခုက ဒါဆိုလို့ရှိရင် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး ဘယ်လို ဆက်သွားကြမလဲ။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို အစိုးရက မလိုချင်လို့လား။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး တပ်မတော်က မလိုချင်လို့လား။ ဒီကိစ္စလေးတွေ ပေါ်ပေါက်လာတယ်၊ စဉ်းစားလာတယ်။”

ခေါ်ယူတွေ့ဆုံတာနဲ့ ပတ်သတ်ပြီး လားရှိုးမြို့မှ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာတော့ လက်ခံဖြေဆိုတာ မရှိခဲ့သလို သတင်းထုတ်ပြန်ရေးနဲ့ ပတ်သတ်ပြီး မီဒီယာတွေကို ဆက်သွယ်ဖို့ ပေးထားတဲ့ တပ်မတော်ဖုန်းနံပါတ်ကို ဆက်သွယ်ရာမှာလည်း ပြန်လည် ဖြေကြားတာ မရှိခဲ့ပါဘူး။

လက်ရှိဖြစ်ပွားတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဖြစ်ပွားတဲ့ စစ်ပွဲတွေနဲ့ ပတ်သတ်ပြီး UWSA) က ပြန်ကြားရေးတာဝန်ခံ ဦးအောင်မြင့် က အခုလို သုံးသပ် ပြောဆိုလိုက်ပါတယ်။

“ဒါကတော့ တိုင်းရင်းသားအချင်းချင်းထဲက စစ်ပွဲပဲလေ။ ကိုးကန့် ဖုန်ကြားရှင်ကိုတောင်မှ နိုင်ငံတော်ကနေပြီးတော့ အထူးဒေသ ၂ ဥက္ကဌအနေနဲ့ ခန့်အပ်ခဲ့ဖူးတာပဲလေ။ ၄၉ ခုနှစ် အခြေခံဥပဒေကနေပြီးတော့ အတည်ပြုလိုက်ပြီးတဲ့နောက်မှာ ကိုးကန့်လူမျိုးဟာဆိုရင် မြန်မာပြည်ရဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲက တမျိုးဖြစ်ပါတယ်။ ကိုးကန့်လူမျိုးပြောတဲ့စကားက တရုတ်စကားပဲလေဗျာ။ ကိုးကန့်ဒေသမှာ အရင်တုန်းကဆိုရင် ဗမာလိုပြောတတ်တဲ့သူက ခပ်ရှားရှားပဲလေ။ ဒါကြောင့်မို့ တရုတ်စကားပြောလို့ဆိုတာ တရုတ်က ပါဝင်လာတယ်ဆိုတာက ရှင်းအောင် အရင်လုပ်ရမှာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်က ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွား နေသောတိုက်ပွဲများတွင် တရုတ်ကြေးစား စစ်သားတွေနှင့်အတူ ‘ဝ’ အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)၊ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA)၊ SSA (ဝမ်ဟိုင်း) တို့ ပါဝင်ပတ်သက်နေကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောဆိုထားတာပါ။

ဒီလို ထုတ်ပြန်အပြီးမှာ KIA၊ SSA (ဝမ်ဟိုင်း)၊ ‘ဝ’ အဖွဲ့ (UWSA) နဲ့ မိုင်းလားအဖွဲ့တို့က ကိုးကန့်တိုက်ပွဲတွေမှာ မပါကြောင်း၊ စွပ်စွဲပြောဆိုတာသာဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားပါတယ်။

XS
SM
MD
LG