သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသ အစိုးရထိုးစစ် ပြင်းထန်


ကိုးကန့်တိုက်ပွဲ။
ကိုးကန့်တိုက်ပွဲ။

ရှမ်းပြည် အရှေ့မြောက်ပိုင်း ပါစင်ကျော်မြို့အနီးတဝိုက်ကို ကိုးကန့်တပ်ဖွဲ့တွေကို အစိုးရတပ်တွေက အလုံးအရင်းနဲ့ ဒီကနေ့ ထိုးစစ်ဆင်နေ ပါတယ်။ တရုတ်နိုင်ငံက ကန့်ကွက်ထားတာကြောင့် ခေတ္တရပ်ဆိုင်းထားခဲ့တဲ့ အစိုးရရဲ့လေကြောင်း ထိုးစစ်တွေကိုလည်း ဒီရက်ပိုင်းထဲမှာ ပြန်စ လာပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

လောက်ကိုင်မြို့ရဲ့ အရှေ့တောင်ဖက် ပါစင်ကျော်နားမှာရှိတဲ့ ခုတ်ထန်ဒေသက ကိုးကန့်တပ်ဖွဲ့တွေကို မြန်မာ့တပ်မတော်က အလုံးအရင်းနဲ့ ဒီမနက်ပိုင်းမှာ ထိုးစစ်ဆင်တာဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

"ဒီနေ့လည်း ခုတ်ထန်ဘက်မှာတော့ တော်တော်ပြင်းထန်ပါတယ်။ မနက်ကိုးနာရီခွဲလောက် ကနေစပြီးတော့ လ က်နက်ကြီးနဲ့ပစ်တယ်။ ပြီးတော့ကြည်းတပ်တွေ ထိုးတယ်ပေါ့။ တော်တော်ပြင်းထန်ပါတယ်။ လူအင်အားတွေ တော်တော်သုံးလာတယ်။ ခုတ်ထန်ဘက်ကို တိုက်တာက တစ်ထောင်လောက်ကို သုံးပါတယ်။ မနေ့ကရယ်။ တနေ့ကရယ်။ နောက် တမြန်နေ့ကရယ်။ တစ်ထောင်လောက်ကို သုံးပါတယ်။ နောက် လက်နက်ကြီးလည်း ပိုပစ်လာတယ်။

ဒီကနေ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ နှစ်ဖက်တပ်က ကျဆုံးထိခိုက် ဒဏ်ရာရတဲ့ စာရင်း ခုထိ ထုန်ပြန်တာမျုးိတော့ မရှိသေးပါဘူး။ ဒီအတော အတွင်း အထူးဒေသ(၂) ဦးစိုင်းလင် ထိန်းချုပ်တဲ့ မိုင်းလားမြို့မှာ ကိုးကန့်ခေါင်းဆောင်တွေ ခိုအောင်းနေ တာကြောင့် တြိဂံတိုင်း စစ်ဌာနချုပ် အစိုးရ သံချပ်ကာအမြှောက်ကား ၁၀ စီးလောက် မိုင်းလားမြို့ဖက်ကို ဦးတည်နေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ဒါနဲ့ပတ်သက်လို့ ကိုးကန့်တပ်ဖွဲ့က ငြင်းဆိုကြောင်း ဦးထွန်းမြတ်လင်း က ပြောပါတယ်။

"ကျနော်တို့ အဲ့ဒီ့ဘက်မှာ မရှိပါဘူး။ ကိုးကန့်တပ်ဖွဲ့က မိုင်းယန်းဘက်ကို သွားပြီး ဘာလုပ်မှာလဲဗျ။ မြို့သိမ်းဖို့ဆိုလည်း မဟုတ်ပါဘူး။ ကျနော်တို့ ကိုယ့်မြို့ကိုယ်ပြန် လာတာ။ ကိုယ့်အိမ်ကိုယ်ပြန်လာတာပါ။ ကျနော်ကြားတာက တြိဂံတိုင်း တိုင်းမှူးက ပြီးခဲ့တဲ့ တလောတုန်းကလည်း တာပင်တံတားဆိုတာ ရှိတယ်။ အထူး(၄) မိုင်းလားနဲ့ နယ်စပ်ပေါ့နော်။ အဲ့ဒီ့နေရာကိုလည်း သူလွှတ်ဖူးပါတယ်။ သံချပ်ကာ ကား။ ဒါပေမဲ့ မဆန်းပါဘူး။ သူအဲ့လိုပဲ ခဏ ခဏ သွားတာပဲ။ သံချပ်ကားတို့ အမြှောက်ကားတို့။"

မြန်မာစစ်တပ်က ကိုးကန့်တိုက်ဖွဲ့တွေကို လိုက်လံတိုက်ခိုက် စဉ်မှာ လေယာဉ်တင် လက်နက်ကျည်တွေ တရုတ်နယ်စပ်ဖက်ကျော်ပြီး တရုတ် နိုင်ငံသားတချို့ သေဆုံး သွားတာကြောင့် တရုတ် အစိုးရက ကန့်ကွက်ထားပါတယ်။ အဲဒီလို သတိပေးမှုနောက်ပိုင်း မြန်မာ စစ်တပ်က လေကြောင်း ထိုးစစ်တွေ ခေတ္တ ရပ်ဆိုင်း သွားပေမယ့် ဒီ ၂ရက် ၃ရက်အတွင်း အစိုးရဖက်က လေကြောင်း ထိုးစစ်တွေ ပြန်စ လာတယ်လို့ MNDAA ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

"အဲ့ဒီ့ လောက်ကွာကျိုင်းဖက်တို့ သူတို့ လေယာဉ်ကို ထုတ်သုံးပါတယ်။ ဖိုက်တာ လေးစီးနဲ့ ဟယ်လီကော်ပတာပေါ့နော်။ နှစ်စီး။ သူတို့က လေယာဉ်နဲ့ ဗုံးကြဲမယ်။ ပြီးရင် သူက လက်နက်ကြီးနဲ့ပစ်မယ်။ ကျနော်ကြားတာကတော့ မနေ့တုန်းက ကျနော်တို့ဘက်က လေးယောက် အနည်းအကျဉ်း ဒဏ်ရာရတယ်လို့ ကြားပါတယ်။ အတိအကျတော့ ကျနော် မသိရသေးဘူးဗျ။ "

မတ်လ ၁၈ မနေ့တုန်းကတော့ လော်ကွာကျိုင်း စီအောနဲ့ ပါစင်ကျော်ဖက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာတော့ ကိုးကန့်တပ်ဖက်က ၃ ဦးသေဆုံး သလို ၊ တပ်မတော်ဖက်က စစ်သည် ၁၃ ဦးသေဆုံးပြီး ၊ ၂၈ ဦးဒဏ်ရာရတယ်လို့ မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက် မှာ ဖေါ်ပြထား ပါတယ်။ လောက်ကိုင်မြို့ အမှတ် ၁ ရပ်ကွက်ကို ရဲတပ်ဖွဲ့က ရှာဖွေရာမှာ အမျိုးသား ၁၆ ဦးနဲ့အတူ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းမိခဲ့တယ်လို့ ဖေါ်ပြ ထားပါတယ်။

XS
SM
MD
LG