သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွန်ထွန်းဦးနဲ့ SNLD ခေါင်းဆောင်များ ရွေးကောက်ပွဲမဝင်


SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦး
SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦး

လွှတ်တော်ပြင်ပနိုင်ငံရေးကို အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ထိပ်ပိုင်းခေါင်းဆောင် ငါးဦးဟာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲကို ဝင်ပြိုင်မှာမဟုတ်ဘူးလို့ SNLD ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် ပြည်နယ်နဲ့ တိုင်း လေးခုမှာတော့ ကျန်တဲ့ SNLD ပါတီကိုယ်စားလှယ် အနည်းဆုံး ၁၅၀ ကျော် ရွေးကောက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

SNLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးဖြစ်တဲ့ ဥက္ကဋ္ဌဦးခွန်ထွန်းဦး၊ ဒုဥက္ကဋ္ဌဦးစိုင်းစောအောင်၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နဲ့ ဦးစိုင်းလိတ်၊ ဦးစိုင်းအောင်ထွန်းတို့ ၅ ဦးဟာ ဒီ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ SNLD ပါတီက VOAကို ပြောပါတယ်။

လွှတ်တော်ပြင်ပ နိုင်ငံရေးမှာ ပိုပြီး အချိန်ပေးလုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို ရွေးကောက်ပွဲ မဝင်ကြတာဖြစ်တယ်လို့SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

“လွှတ်တော်တွင်း၊ လွှတ်တော်ပ နိုင်ငံရေးချိန်ခွင်လျှာညှိရအောင်နော်။ ကျနော်တို့က လွှတ်တော်တွင်းတခုတည်း သွားလုပ်မယ်ဆိုရင် လွှတ်တော်ပြင်ပမှာ အားနည်းသွားလိမ့်မယ်။ လွှတ်တော်ထဲကို မသွားတဲ့အတွက် ပြင်ပမှာ အချိန်ပိုရမယ့်သဘောရှိတယ်။ လွှတ်တော်ပြင်ပမှာလည်း လုပ်ဖို့လိုတယ်။ အဲဒါကြောင့်မို့လို့ ခေါင်းဆောင်တချို့ ချန်ထားတာပါ။”

ပြည်နယ်ကြီး ၃ ခုနဲ့ တိုင်းဒေသကြီး ၁ ခုမှာ SNLD ပါတီကိုယ်စားလှယ် အနည်းဆုံး ၁၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

“အခု ကျနော်တို့ ဝင်မယ့်အဖွဲ့တွေကလည်း တောင့်တောင့်တင်းတင်းရှိပါတယ်။ ကျနော်တို့စည်းရုံးရေးနယ်မြေ အားလုံးကို ဝင်မှာပါဗျ။ ရှမ်းပြည်နယ် ၄၀ ကျော် ဝင်မှာပါ။ ကချင်ပြည်နယ်တောင်ပိုင်းရှိပါမယ်။ မန္တလေးတိုင်းရှိပါမယ်။ ကယားပြည်နယ်တချို့ ရှိပါမယ်။”

အနိုင်ရဖို့ သေချာသလောက်ဖြစ်တဲ့နေရာတွေကိုသာ ရွေးချယ်ပြီး ယှဉ်ပြိုင်သွားဖို့ SNLD ပါတီက စီစဉ်ထားကြောင်းလည်း ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

“ထောက်ခံမှုများတာပေါ့ဗျာ။ ထောက်ခံမှုများတဲ့အခါကျတော့ နိုင်ဖို့ သေချာသလောက်ရှိတာပေါ့။ ဒါကတော့ ကံသေကံမ ပြောလို့မရပါဘူး။”

မေး။ ။ NLD က ရွေးကောက်ပွဲဝင်မယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်းမှာ ရွေးကောက်ပွဲမှာ သူ့လူ၊ ကိုယ့်လူ ထိပ်တိုက်မဖြစ်ရအောင် ညှိနှိုင်းမှုတွေရော ဘယ်လို ရှိကြပါလဲ။

ဖြေ။ ။ ညှိနှိုင်းပြီး နှစ်ဘက်သဘောတူထားတာ ရှိပါတယ်။ အခုချိန်ထိကတော့ NLD ဘက်မှာလည်း အဆင်သင့်မဖြစ်သေးပါဘူး၊ ကျနော်တို့ဘက်မှာလည်း အဆင်သင့်မဖြစ်သေးပါဘူး။ လောလောဆယ်မှာတော့ ညှိနှိုင်းမှု မစရသေးပါဘူး။

SNLD ပါတီအနေနဲ့ ရှမ်းတိုင်းရင်းသား အရေးတခုတည်းအတွက်မဟုတ်ဘဲ ဒီမိုကရေစီရေး ဖယ်ဒရယ်ပြည်ထောင်စုအရေးတွေကိုပါ အလေးထား လုပ်ဆောင်သွားဖို့ ပါတီက မူဝါဒချမှတ်ထားတယ်လို့ ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။

“၉၀ ပြည့်နှစ်ကနေ ဒီနေ့အထိ ရွေးကောက်ပွဲနဲ့ကင်းကွာတာ အမှန်ပါပဲ။ သို့သော်လည်း လူထုနဲ့မကင်းကွာပါဘူး။ သီးခြား ဘာခေါ်မလဲ၊ ပြည်ထောင်စု တည်ထောင်ရေးပါ။ ဒီမိုကရက်တစ် နိုင်ငံရေးစနစ် ကျင့်သုံးတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးပါ။ ရှမ်းလူထုတခုတည်းအတွက်မဟုတ်ဘူး။ ရှမ်းပြည်နယ်မှာရှိတဲ့ ရှမ်းပြည်သားတွေ အားလုံးပါမယ်။ ပြည်ထောင်စုသားတွေအတွက်လည်း ကျနော်တို့က စဉ်းစားမယ်။ ပြည်ထောင်စုကြီးကောင်းမှလည်း ရှမ်းပြည်ကောင်းမယ်။ ရှမ်းပြည်ကောင်းမှလည်း ပြည်ထောင်စုကြီးကောင်းမယ်။ ဆိုတော့ ရှမ်းလူထုတခုတည်းအတွက် လုပ်တယ်လို့ဆိုရင် မမှန်ဘူးလို့တော့ ဒီလို ယူဆပါတယ်။”

SNLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ပါတီပြီးရင် ဒုတိယ နေရာအများဆုံး အနိုင်ရခဲ့တဲ့ပါတီလည်း ဖြစ်ပါတယ်။

XS
SM
MD
LG