သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူအထူးစီးပွားရေးဇုံရခိုင်ပြည်နယ်အချိုးကျခံစားသင့်


ကျောက်ဖြူအထူးစီးပွားရေးဇုံစီမံကိန်း (ဓါတ်ပုံ-စိုးဇေယျထွန်း၊ ရိုက်တာ)
ကျောက်ဖြူအထူးစီးပွားရေးဇုံစီမံကိန်း (ဓါတ်ပုံ-စိုးဇေယျထွန်း၊ ရိုက်တာ)

ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုံ စီမံကိန်း ရင်းနှီးမြှုပ်နှံမှုမှာ ရခိုင်ပြည်နယ် အတွက် အချိုးကျ ခွဲေ၀ ပေးဖို့ အဆိုပြုချက်ကို အစိုးသစ် လက်ထက်မှာ ရရှိလာဖို့ ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းက မျှော်လင့်နေပါတယ်။ ပြည်နယ် အတွက် အရေးကြီးတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်ခွင့် မရပေမယ့် ပြည်နယ်တွင်း အလုပ်အကိုင် အခွင့်အလမ်းတွေတိုးပွားလာပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး မျှော်လင့်ချက်နဲ့ စီးပွားရေး စီမံကိန်းတွေကို ကြိုဆိုတဲ့ အကြောင်းလည်း ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းက ကျောက်ဖြူ အထူးစီးပွားရေးဇုံ အကောင်အထည်ဖော်ဖို့ အတွက် တရုတ်နိုင်ငံပိုင် CITIC Group Corporation ဦးဆောင်တဲ့ လုပ်ငန်းစုက တင်ဒါ အောင်မြင်ခဲ့တဲ့ အပေါ် ရခိုင်အမျိုးသား ပါတီက ကြိုဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် အတွက် အရေးပါတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုံ တည်ဆောက်ရေးမှာ ရခိုင်ပြည်သူတွေ ပါဝင် ဆုံးဖြတ်ခွင့် မရပေမယ့်လည်း ရခိုင်ဒေသ ဖွံ့ဖြိုးရေး အတွက် မျှော်လင့်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကြိုဆိုလက်ခံတယ်လို့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ကျွန်တော်တို့က ပြည်ထောင်စုတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးတစ်မျိုး ပီပီ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်ထောင်စု ခိုင်မြဲမှုနဲ့ ရခိုင်ပြည်သူ လူထုရဲ့ ငံ့လင့်နေတဲ့ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု နဲ့ လူငယ်တွေ အတွက်နဲ့ ပက်သက်တဲ့ job creation တွေ အားလုံးကို လိုလားတာ မို့လို့ ကျွန်တော်တို့က စီမံကိန်းကြီးတွေ။ ဆိပ်ကမ်းကြီးတွေ စက်ရုံကြီးတွေနဲ့ကျွန်တော်တို့ဒေသမှာ ဖွံ့ဖြိုးလာမယ် ဆိုရင် ကြိုဆိုပါတယ်။ အဲဒီ အခွင့်အရေးတွေကို ရဖို့လည်း မျှော်လင့်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့အရေးကြီးတဲ့ center ဧရိယာမှာရှိတဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းကြီးကို နိုင်ငံတော်ရဲ့ စီမံကိန်းတစ်ခုအဖြစ် နိုင်ငံခြား ကုမ္ပဏီကြီးတွေနဲ့ အကောင်အထည် ဖော်တဲ့ အခါမှာ ရခိုင် ပြည်သူ လူထုအတွက် ရာခိုင်နှုန်း တစ်ခုကတော့ဖြင့် ရင်းနှီးမြှုပ်နှံမှုမှာ ပါစေချင်ပါတယ်။ အဲဒါကြောင့်လည်းသီလဝါမှာ ဂရာခိုင်နှုန်းကို နိုင်ငံတော် အစိုးရက ရင်းနှီးမြှုပ်နှံပါတယ်။ ဆိပ်ကမ်းနဲ့ ပက်သက်တဲ့ မြေကြီး တန်ဖိုး ငါးရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံစရာ မလိုပဲနဲ့ ရတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ပြီးခဲ့တဲ့ လွှတ်တော်မှာလည်း တင်ပြပါတယ်။ နိုင်ငံတော် အစိုးရဘက်က ၁၀၀%ထဲမှာ ၁၀%ကို ရင်းနှီးမြှုပ်နှံခဲ့ရင် ငါးရာခိုင်နှုန်းကို ပြည်ထောင်စုအစိုးရက ယူသွားပါ။ ကျန်တဲ့ ငါးရာခိုင်နှုန်းကို ရခိုင်ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွေမှာ အသုံးပြုနိုင်အောင်၊ ကျွန်တော်တို့ကို ငါးရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့်ပေးပါလို့ပြည်သူလူထုကိုယ်စား ပြောခဲ့တာရှိပါတယ်။”

နောက်တက်လာမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဦးဆောင်မယ့် အစိုးရသစ် လက်ထက်မှာ ကျောက်ဖြူ အထူးစီးပွားရေးဇုံ ရင်းနှီးမြှုပ်နှံမှုထဲက ရခိုင်ပြည်နယ် အစိုးရက အချိုးကျ အကျိုးခံစားခွင့်ရဖို့ မျှော်လင့်တယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ဖြစ်လာနိုင်မယ့် အလားအလာကတော့ ရှိပါတယ်။ ဒီစီမံကိန်း တစ်ခုလုံးကို အကောင်အထည်ဖော်ရမယ့် တာဝန်သည် ၂၀၁၆ ဧပြီလမှာ တည်ထောင်မယ့် ပြည်ထောင်စုအစိုးရအပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီအထခါမှာ ရင်နှီးမြှုပ်နှံမှုအချိုး ရာခိုင်နှုန်း၊ ဥပမာ၊ ၈၅-၁၅၊ ၇၀- ၃၀ နိုင်ငံခြား ကုမ္ပဏီတွေက ၇၀ ဆိုရင် ပြည်ထောင်စုက ၃၀ ရာခိုင်နှုန်း၊ ပြည်ထောင်စု ဆိုသည်မှာ နိုင်ငံသား ကုမ္ပဏီတွေ အပါအဝင် အစိုးရပေါ့။ စသည်ဖြင့် ဒီရင်းနှီးမြှုပ်နှံမှု ratio နဲ့ ပက်သက်ရင် ပြန်ပြီး ဆွေးနွေးဖို့ ရှိတယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။ အဲဒီ business model နဲ့ ပက်သက်တဲ့၊ အကောင်အထည်ဖော်တဲ့ အခါမှာ လာမယ့် အစိုးရရဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲမှာ ရှိတာမို့လို့၊ အဲဒီကာလမှာ ပေါ်လာတဲ့ အစိုးရရဲ့ လုပ်ရည်ကိုင်ရည်၊ ပြည်သူလူထုအပေါ်ထားတဲ့ စေတနာ ထိထိရောက်ရောက် ဆောက်ရွက်ခဲ့လို့ ရှိရင် ကျွန်တော်တို့ အကျိုး ခံစားခွင့်ရမှာ ဖြစ်ပါတယ်။”

ကျောက်ဖြူ အထူးစီးပွားရေးဇုံ စီမံကိန်းကြောင့် မြေသိမ်းယာသိမ်းမှုတွေမှာလည်း စီမံကိန်းအတွက် အနည်းဆုံး လိုအပ်တဲ့ မြေဧရိယာကို မူလပိုင်ရှင်တွေနဲ့ ညှိနှိုင်းထားတဲ့ ဈေးနှုန်းနဲ့ ရယူမယ်လို့ သိရှိထားပါတယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။ ဒါ့အပြင် စီမံကိန်းကြောင့် မြန်မာနိုင်ငံတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ထွက်ပေါ်လာဖို့ မျှော်လင့်တဲ့ အကြောင်းပြောပါတယ်။ ဒါပေမယ့် တိုင်းရင်းဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေမှာ ဒေသခံ ပြည်သူတွေ ပါဝင် ဆုံးဖြတ်ပိုင်ခွင့် ရရှိလာဖို့ကတော့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာမှသာ ဖြစ်လာမယ့် ကိစ္စပါလို့လည်း အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က ပြောပါတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုံဧရိယာကို ၄၂၈၉ ဧက အသုံးပြုဖို့ ဒီလကုန်မှာ သက်တမ်းကုန်မယ့် ပြည်ထောင်စု လွှတ်တော်က ပြီးခဲ့တဲ့ လကုန်ပိုင်းက အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာတော့ ကျောက်ဖြူ အထူးစီးပွားရေးဇုံ စီမံကိန်းကို တရုတ် အစိုးရပိုင် CITIC Group Corporation ဦးဆောင်တဲ့ လုပ်ငန်းစုက တင်ဒါ အောင်မြင်တဲ့ အကြောင်း ကြေညာခဲ့ပါတယ်။ အခု တင်ဒါ အောင်မြင်တဲ့ လုပ်ငန်းစုထဲမှာတော့ ထိုင်းနိုင်ငံက CP Groupနဲ့ တရုတ် ကုမ္ပဏီ ၅ ခုတို့ကတော့ China Harbor Engineering၊ China Merchants Holdings (International) ၊ TEDA Investment Holding၊ Yunnan Construction Engineering Group နဲ့ CITIC တို့ ဖြစ်ပါတယ်။

XS
SM
MD
LG