သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် သဘောတူညီမှုရ


အနိမ့်ဆုံး လုပ်ခလစာ ဆွေးနွေးပွဲ- သတင်းဓာတ်ပုံ- Credit to ဦးစိုင်းခိုင်မျိုးထွန်း
အနိမ့်ဆုံး လုပ်ခလစာ ဆွေးနွေးပွဲ- သတင်းဓာတ်ပုံ- Credit to ဦးစိုင်းခိုင်မျိုးထွန်း

မြန်မာနိုင်ငံက အခြေခံအလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး ကိစ္စမှာ တရက် ၄၀၀၀ နီးပါး သတ်မှတ်ပေးနိုင်ဖို့အတွက် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မီတီက ကြားဝင် ညှိနှိုင်းပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အခုလာမယ့် ရက်ပိုင်းအတွင်း အစိုးရက အတည်ပြုပေး ပြီးရင်တော့ အလုပ်သမားရေး ဝန်ကြီးဌာနက တရားဝင်ကြေညာမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဒီသတင်းပတ်ထဲ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး ညှိနှိုင်းဆွေးနွေးပွဲတွေအပြီး အခုလို ဖြစ်ပေါ်လာတာပါ။ ဆက်သွယ်မေးမြန်း ထားတဲ့ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အိမ်နီးချင်း အာဆီယံနိုင်ငံ တွေမှာလိုပဲ မြန်မာနိုင်ငံမှာလည်း အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ်နိုင်ဖို့ အလုပ်သမား အဖွဲ့ အစည်းတွေရော အလုပ်သမားတွေ ကိုယ်တိုင်ကပါ ဆန္ဒပြတောင်းဆိုမှုတွေ တောက်လျှောက်ဆိုသလို ရှိလာခဲ့ကြတာပါ။ အဲဒီအခြေနေတွေ ကနေ အခုတော့ အလုပ်သမားတွေရဲ့ အနိမ့်ဆုံး အခြေခံလုပ်ခလစာကို သတ်မှတ်နိုင်ဖို့ အစိုးရကိုယ်စားလှယ်တွေ အလုပ်ရှင် အလုပ်သမား ကိုယ်စားလှယ်တွေဟာ ဇွန်လ ၂၄ ၊၂၅ နေ့တွေ မှာတွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာတော့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသား ကော်မီတီက အနိမ့်ဆုံး လုပ်ခလစာအဖြစ် တရက်ကို ကျပ် ၄၀၀၀ နီးပါး သတ်မှတ်ပေးနိုင်ခဲ့တယ်လို့ အဲဒီဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက် ခဲ့တဲ့ သမ္မတ စီးပွားရေး အကြံပေးပုဂ္ဂိုလ် ဦးဇော်ဦးကပြောပါတယ်။

"ဒီအလုပ်ရှင်-အလုပ်သမား နှစ်ဘက်စလုံးက အဆိုပြု နှုန်းထားတွေကို ကျနော်တို့ ကြားနာပြီးတော့ ဒီနှုန်းထားတခုကို ကျနော်တို့ သဘောတူညီမှုတခု ရယူခဲ့တာဖြစ်ပါတယ်။ အလုပ်သမားခေါင်းဆောင်တွေကြားမှာတော့ တသံတည်း ထွက်လာပါတယ်။ သူတို့ အနည်းဆုံး တစ်နေ့ကို လေးထောင်ကျပ်နှုန်း ရမှ ကျေနပ်နိုင်မယ်ဆိုပြီး ထွက်လာပါတယ်။ ဒီနေရာမှာ အလုပ်ရှင်များဘက်က ကျန်တဲ့ တိုင်းဒေသကြီး ပြည်နယ်အသီးသီးက ခုနက အလုပ်သမားတွေ တင်ပြတဲ့ဈေးနှုန်းကို လုပ်ပေးနိုင်ခြေရှိတယ်ဆိုတာကို ပြောပါတယ်။ တခုပဲ ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ အထူးသဖြင့် အထည်ချုပ်အသင်းရဲ့ ကိုယ်စားလှယ် အတော်များများကတော့ သူတို့အတွက်က ပထမ စစချင်း ကတော့ ထောင့်ငါးရာ ပဲ ပေးနိုင် တယ်။ ထောင့်ငါးရာနဲ့စမယ်ဆိုရင်တော့ သိပ်ပြီးတော့ နည်းလွန်း အားကြီးတယ်။ ပြန်ပြီးတော့ တိုးပေးပါဆိုပြီး ကျနော်တို့ ဝိုင်းညှိကြတဲ့ အခါကျတော့ နောက်ဆုံးပိတ်မှာတော့ ၂၅၀၀နဲ့ သူတို့ဘက်က အဆိုပြုချက် ကို ပြင်ဆင်ခဲ့ပါတယ်။ အဲ့တော့ ၂၅၀၀ကျပ်နဲ့ ၄၀၀၀ ကျပ်ကြားမှာ နှုန်းထားတခုကို ကျနော်တို့ ထပ်ပြီး ညှိတာပေါ့ဗျာ။ ထပ်ပြီးညှိတော့ ၃၀၀၀ နဲ့ ၄၀၀၀ ကြား အဲ့ဒီ့ ၄၀၀၀ ဘက်ကို ပိုပြီးတော့ နီးသွားတယ်။"

အလုပ်သမားတွေဟာ အထူးသဖြင့် အထည်ချုပ်စက်ရုံကအလုပ်သမားတွေဟာ တရက် ၈နာရီကျော် အလုပ်လုပ်ရပြီး အချိန်ပိုကြေးမရပဲ ဖြစ်နေခဲ့တာပါ။ အခုတော့ အချိန်ပိုနာရီတွေ အတွက် သီးသန့်လုပ်ခ လစာကို ခံစားနိုင်ဖို့ အကြံပြုထားကြောင်းလည်း ဦးဇော်ဦးက ပြောပါတယ်။

" လစာ ပုံစံစနစ်နဲ့ပတ်သက်ပြီးတော့ ယခင်ကဆိုရင်တော့ အလုပ်သမားတွေမှာ နစ်နာချက်တွေ အများကြီးရှိတယ်။ ဆိုလိုတာက အချိန်ပိုတွေ အများကြီး လုပ်ပြီးတော့မှ သူတို့ အိမ်ပြန် သွားလို့ရှိရင် လခကရတယ်ပေါ့။ သူတို့က အနည်းဆုံး လုပ်ခကြေးငွေကို fix လုပ်လိုက်ပါ။ အချိန်ပိုသည် အပိုပဲဖြစ်သင့်တယ်။ အဲ့တာတွေ ဘယ်လိုပြင်မလဲဆိုတော့ အဲ့တော့ လစာ ပေး စလစ်ပေါ်မှာ အနည်းဆုံး လုပ်ခလစာနဲ့ အပိုကြေးတွေ ကိစ္စကို လစာ ပုံစံ ပြင်ဆင်တဲ့ကိစ္စကို သဘောတူနိုင်ခဲ့ပါတယ်။"

အခုလိုမျိုး လုပ်ခလစာတိုးလာမယ့် အပြောင်းအလဲတွေ ဟာ မြန်မာနိုင်ငံ တခုလုံးရဲ့စီးပွားရေးကဏ္ဍပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိလာ လိမ့်မယ်လို့ ဦးဇော်ဦးက သုံးသပ်ပါတယ်။

" စီးပွားရေးအရကြည့်မယ်ဆိုရင် ဒီကိစ္စဟာ သက်ရောက်မှု ကြီးနိုင်တာပေါ့။ ဒီသက်ရောက်မှုတွေကြီးလာရင် ဒီအလုပ်သမားဝန်ကြီးဌာန တခုတည်းနဲ့တင် ဒါကို ဖြေရှင်းလို့မရတော့ဘူး။ ဆိုလိုတာက ဥပမာ ငွေကြေးဖောင်းပွမှုနှုန်း ဖြစ် လာတယ်ဆိုရင် ဒါကို ကိုင်တွယ်ဖြေရှင်းဖို့က လိုအပ်လာမယ်။ အကယ်လို့ အလုပ်ရှင်တွေအတွက် စီးပွားရေးအခက်ခဲတွေဖြစ်လာမယ်ဆိုရင် သူတို့ကုန်တွေ မြန်မြန်ပို့နိုင်အောင် များများပို့နိုင်အောင် ကုန်သွယ်ရေး ဘက်က ဖြေလျော့မှုတွေ ထပ်လုပ်ပေးရမယ်။ ပြီးရင်လည်း သူတို့ ထောင်းနေတဲ့ စားရိတ်တွေကိုလည်း ကျအောင်ဆိုရင် အလုပ်သမားဝန်ကြီးဌာနနဲ့ တခြား ဌာနတွေပေါင်းပြီး သူတို့ကို နည်းနည်း ကြားကာလမှာ ဖြေရှင်းပေးရမယ့် ကိစ္စတွေလည်း ရှိတော့ ဒါ ဒီလိုဟာလေးတွေ လုပ်ဖို့ဆိုရင် အလုပ်သမားဝန်ကြီးဌာန တခုတည်း လုပ်လို့မရတော့ဘူးပေါ့နော်။ မရတဲ့အခါကျတော့ အစိုးရတဖွဲ့လုံးကပါ ဝိုင်းကူပေးရမယ့်ဟာလေးတွေ ရှိလာတော့ ဒီလိုထုတ်ပြန်ကြေညာတဲ့ အခါကျရင်လည်း အားလုံးကို အသိပေးပြီးတော့မှ သမ္မတကြီးရဲ့ ခွင့်ပြုချက်နဲ့ကြေညာဖို့ဆိုတာ ဖြစ်လာတာ ဖြစ်ပါလိမ့်မယ်။ "

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတာနဲ့အမျှ ပြည်တွင်း ထုတ်ကုန် စက်မှုလုပ်ငန်းတွေ ပိုပြီးတိုးချဲ့လုပ်ဆောင်လာတာ ကြောင့် မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် နိုင်ငံတကာစံနှုန်းနဲ့အညီ အနိမ့်ဆုံးလုပ်ခလစာကို တိုးမြှင့် သတ်မှတ်ပေးဖို့ အလုပ်သမား တွေက တောင်းဆိုခဲ့ကြတာလဲ ဖြစ်ပါတယ်။

XS
SM
MD
LG