သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြုပ်မိုင်းပေါက်ကွဲမှု ဂျာမန်ခရီးသွား ၂ ဦးထိမှန်


မြေမြုပ်မိုင်း
မြေမြုပ်မိုင်း

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ကျေးရွာတခုမှာ မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဂျာမန် နိုင်ငံခြားခရီးသွား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ တဦးကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။ အဲဒီဒေသမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီး စစ်ရေး လှုပ်ရှားမှုတွေ ရှိလာတာကြောင့် ဒေသခံတွေအကြား မြေမြုပ်မိုင်း အန္တရာယ်တွေ တိုးလာနေပါတယ်။ မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရခဲ့တဲ့ ဂျာမန်ခရီးသွားနှစ်ဦးအပါအဝင် အခြားဒေသခံ မိုင်းဒဏ်သင့်သူတွေကို ကိုယ်တိုင်အကူအညီပေးနေသူ ကျောက်မဲမြို့ရဲ့ ဇီဝိတ လူမှုကူညီရေး အသင်းရဲ့ ဥက္ကဌ ဦးတင်မောင်သိန်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းစဉ် သူက အခုလိုစဖြေပါတယ်။

“ဦးတင်မောင်သိန်း။ ။ကျောက်မဲမြို့နယ်ပေါ့ ၊ ကွန် ကော် ကျေး ရွာအုပ်စု၊ တော့ဖယ်ဆိုတဲ့ ရွာမှာ နေ့လည် ၂ နာရီ လောက်ကနေ တိုက်မိုင်းလို့ယူဆရတဲ့ မိုင်းတလုံးကွဲပါတယ်ခင်ဗျ။ ဂျာမန်အမျိုးသား တယောက်၊ အမျိုးသမီးတယောက် လူငယ်လေးတွေပါပဲ အသက် ၂၀ ကျော်လေးတွေ၊ နောက် စကားပြန်တယောက်ပေါ့နော် ရှမ်းတိုင်းရင်းသားလေးတွေ စကားပြန် ၁ ယောက်၊ စုစုပေါင်း ၃ ယောက်ပေါ့နော် ၃ ယောက်က အဲဒီတိုက်မိုင်းထိတာပါ။

မေး။ ။ သူတို့က သာမန်ခရီးသွားတွေပဲလား တခြား NGO တို့လား။

ဦးတင်မောင်သိန်း။ မဟုတ်ပါဘူးဗျ။ သူတို့က သာမန် ကမ္ဘာလှည့်ခရီးသွားလေးတွေပါ။ သူတို့က သီပေါမြို့က ဟော်တယ်မှာ တည်းပါတယ်ခင်ဗျ။ အဲဒီကနေပြီးတော့မှ tracking tour လေးတခုပါပဲ။ သူတို့အဲဒီဘက်မှာပေါ့ Tourist တွေသွားနေကြလမ်းကြောင်းလေးရှိပါတယ်။ ပြီးတော့ အဲဒီမှာ ရူ့ခင်းတွေလည်းကောင်းတယ်၊ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေလည်း ကြည့်ချင်တယ်ဆိုတော့ guide တွေကခေါ်ခေါ်သွားတက်တယ်။ အဲဒီရွာတွေကလည်း tourist တွေအရောက်အပေါက် ရှိတဲ့ရွာပါဗျ။

မေး။ ။ အခုမိုင်းက ဘယ်သူထောင်တယ်လို့ယူဆရပါသလဲ TNLA ဘက်ကလား၊ အစိုးရဘက်ကလား။ တခြားလက်နက်ကိုင်အဖွဲ့အစည်း ဘယ်သူဖြစ်နိုင်ပါသလဲ။

ဦးတင်မောင်သိန်း။ အဲဒါကတော့ ကျနော်တို့ အတိအကျမပြောနိုင်ပါဘူးခင်ဗျ။

မေး။ ။ အခုနိုင်ငံခြားခရီးသွားတွေတောင်မှ မလုံခြုံဘူးဆိုတော့ ဒေသခံတွေအဖို့ မကြာမကြာကြုံရလေ့ရှိလား အဲဒီ landmine က။

ဦးတင်မောင်သိန်း။ ကျနော်တို့ဒီဘက် စစ်မဖြစ်ခင်နဲ့ စစ်ဖြစ်ပြီးနောက်ပိုင်းမှာ အဲဒီ ဧရိယာမှာတော့ မြေမြှပ်မိုင်းတွေကျန်ပါတယ်ခင်ဗျ။ ကျန်တဲ့အခါမှာ ကျနော်တို့ကျေးရွာသားတွေ မကြာခဏဆိုသလိုပဲ ထိခိုက်ဒဏ်ရာရတာရှိပါတယ်ခင်ဗျ။ ရှိတဲ့အခါမှာ ကျနော်တို့ လူနာတွေသွားကယ်ကြပါတယ်။ ဆေးဆက်ပြီးကုသဖို့လည်း ကျနော်တို့ ကူညီပေးသင့်သလောက် ကူညီပေးခဲ့တာရှိပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်ကျော်လောက်ပဲ ကျနော်တို့ စစ်ဖြစ်ပွားတဲ့ ဧရိယာမှာ လက်ဖက်ခင်းထဲမှာ လက်ဖက်ခူးနေတဲ့ ရွာသူလေး ၄ ယောက်ဟာ စစ်လက်ကျန် ဘုံးပုံသဏ္ဌာန် ပေါ့ ၊ မိုင်းတော့မဟုတ်ပါဘူး၊ အဲဒါရှိနေတာ သူတို့မသိဘူး။

အဲတော့ လက်ဖက်ခူးပြီးတော့မှ မောလို့ထိုင်လိုက်မယ်ဆိုတဲ့အချိန်မှာ လက်ကလေးနဲပထိလိုက်တော့ ပေါက်ကွဲပြီးတော့မှ အမျိုးသမီးတယောက်ဆုံးပါတယ်။ နောက်အမျိုးသမီးငယ်လေး ၂ ယောက်ကတော့ မိုင်းစတွေ အများကြီးမှန်ပြီးတော့ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးပေါ့။ အဲတော့ အဲလိုဖြစ်စဉ်တွေ မကြာခဏဖြစ်နေတာကို မြင်ရတဲ့အခါမှာ ကျနော်တို့ဧရိယာမှာ မိုင်းအန္တရာယ်ရှိနေပြီဆိုတာကို ကျနော်တို့သတိထားမိတယ်ပေါ့။ စိတ်လည်းမကောင်းဘူးပေါ့။

မေး။ ။ သူတို့ထိခိုက်မှုရော ပြင်းထန်လား၊ စိုးရိမ်ရတဲ့အနေအထားမှာရှိလား။

ဦးတင်မောင်သိန်း။ အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားကတော့မရှိဘူး။ သို့သော်လည်း ဂျာမန်အမျိုးသမီးကတော့ ဒဏ်ရာပြင်းထန်တယ်ခင်ဗျ။ ပြင်းထန်တယ်ဆိုတော့ သူကညာဘက်လက်မောင်းအုံမှာ ဖောက်ဝင် ဒဏ်ရာတချက်ရှိတယ်။ ညာဘက် လက်မောင်းမှာ ဖောက်ဝင်ဒဏ်ရာ တချက်ရှိတယ်။ ညာဘက် တံတောင်ဆစ်မှာ ဖောက်ဝင်ဒဏ်ရာ တချက်ရှိပါတယ်ခင်ဗျ။ နားထင်မှာလည်း ပေါက်ပြဲဒဏ်ရာတချက်ရှိပါတယ်ခင်ဗျ။ ပြီးတော့သူ့ကို ကျနော်တို့ကျောက်မဲဆေးရုံရောက်တဲ့အချိန်မှာ ဓါတ်မှန်ရိုက်လိုက်တဲ့အခါမှာ နားထင်စမှာတော့ နားထင်မှာတော့ ဘောစေ့လေး ၂ စေ့ကွဲနေတာကို တွေ့တယ်ခင်ဗျ။ ဒါပေမယ့် သူ့ရဲ့အနေအထားကိုကြည့်လိုက်တဲ့အခါကျတော့ လက်မောင်းက နာကျင်နေတာကိုပဲ သူခံစားနေရတယ်ပေါ့။ အဲဒီတော့ ကျနေ်ာတို့ ကျောက်မဲမှာ အရေးပေါ်ကုသပြီးတော့ မန္တလေးကို ကျနော်တို့လွှဲလိုက်တယ် ည ၇ နာရီမှာ မန္တလေးဆေးရုံကိုထွက်သွားပါပြီ ကျနော်တို့ကားတွေက။

မေး။ ။ ဟုတ်ကဲ့ သက်ဆိုင်ရာ သံရုံးတွေနဲ့ကောအဆက်အသွယ်ရပြီလားခင်ဗျ။

ဦးတင်မောင်သိန်း။ အဲဒါတော့ ကျနော်မပြောတက်ပါဘူး။ သို့သော်ကျနော်တို့ ကျောက်မဲဆေးရုံကိုရောက်တဲ့အချိန်မှာ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူး၊ ရဲစခန်းမှူး အပါအဝင်ပေါ့နော် နောက်ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ နောက်လဝကနေတာဝန်ရှိသူအဆင့်ဆင့်ပေါ့ အားလုံးရောက်ရှိပြီတော့မှ သက်ဆိုင်ရာတွေကို ကြေးနန်းတွေပို့ကြပါတယ်၊ သတင်းတွေပို့ကြပါတယ်။ လိုအပ်တာကို ကူညီဖို့လုပ်ကြပါတယ်ခင်ဗျ။ ကျနော်ထင်ပါတယ် အခုလောက်ဆို သံရုံးလည်းရောက်သွားလောက်ပြီလို့။

မေး။ ။ အဲဒီနေရာက ခုနက ဦးတင်မောင်သိန်းပြောသလိုဆိုရင် တားမြစ်နယ်မြေသဘောမျိုးတော့မဟုတ်ဘူးဆိုရင်တော့ တခြားနိုင်ငံခြားသားတွေအရင်ကရော သွားလေ့သွားထရှိရဲ့လား အဲဒီနေရာ ပတ်ဝန်းကျင်မှာ။

ဦးတင်မောင်သိန်း။ ရှိတယ်ဗျ။ အဲဒီရွာလေးကို များသောအားဖြင့် သီပေါဘက်ကသွားကြတယ်ခင်ဗျ။ ကျောက်မဲဘက်ကတော့ သိပ်မသွားဘူး။ ကျောက်မဲမှာလည်း tourist အဝင်ရှိသော်လည်း သီပေါလောက်မများဘူး။

မေး။ ။ အခုကော အဲဒီနေရာ လုံခြုံရေးနဲ့ပတ်သက်လို့ ဘယ်သူတာဝန်ယူပါသလဲခင်ဗျ။

ဦးတင်မောင်သိန်း။ အဲဒီနေရာကတော့ လောလောဆည် လက်တလောသိတာကတော့ TNLA အဖွဲ့ရှိနေတယ်လို့သိရတယ်ခင်ဗျ။ လုံခြုံရေးနဲ့ပတ်သက်လို့ကတော့ အစိုးရဘက်က စိုးမိုးနိုင်တဲ့အခြေအနေမရှိပါဘူး။”

ဒါကတော့ ကိုသားညွှန့်ဦးက ကျောက်မဲမြို့ရဲ့ ဇီဝိတ လူမှုကူညီရေး အသင်း ဥက္ကဌ ဦးတင်မောင်သိန်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG