သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားဥပဒေစိုးမိုးရေးစင်တာ ရန်ကုန်မှာဖွင့်


လာမယ့် အစိုးရသစ်လက်ထက်မှာ အားကောင်းတဲ့ တရားရေးမဏ္ဍိုင် ရှိလာဖို့အတွက် ဥပဒေပြုရေးကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ ဥပဒေပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ တရားဥပဒေစိုးမိုးရေးစင်တာ ဖွင့်ပွဲမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုယ်တုင်သတင်းရယူထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မသိင်္ဂီလင်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာ အာဏာခွဲဝေမှု အားနည်းနေတာကြောင့် အားကောင်းတဲ့ တရားရေးမဏ္ဍိုင်တရပ် ရှိလာဖို့အတွက် လွတ်လပ်တဲ့ တရားစီရင်ရေး အပါအဝင် တရားဥပဒေ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ်တယ်လို့ ဥပဒေပညာရှင်တဦးလည်းဖြစ်၊ မကြာမီကျင်းပတော့မယ့် လွှတ်တော်သစ်မှာ ပဲခူးတိုင်း ကိုယ်စားပြု ကိုယ်စားလှယ်တဦးအဖြစ် ပါဝင်တော့မယ့် ဦးကျော်မင်းစံက အခုလို ပြောဆိုလိုက်ပါတယ်။

“အုပ်ချုပ်ရေးပိုင်းနဲ့ တရားစီရင်ရေးပိုင်းက အာဏာခွဲဝေမှုဟာ သဲသဲကွဲကွဲ မရှိပါဘူး။ ဒါကြောင့် အုပ်ချုပ်ရေးပိုင်းကို လေ့လာစောင့်ကြည့်နိုင်ဖို့ လွတ်လပ်စွာ တရားစီရင်နိုင်ရေးက အရမ်းအရေးကြီးတယ်လို့ ဒီနေရာမှာ ပြောချင်ပါတယ်။ တချိန်တည်းမှာပဲ တရားဥပဒေရေးရာ ပြုပြင်ပြောင်းလဲရေးတွေလည်း လုပ်ဖို့လည်း ပါတယ်။ အာဏာခွဲဝေမှုအပိုင်းကို စနစ်ကျစေဖို့ဆိုရင် အားကောင်းတဲ့ တရားရေးမဏ္ဍိုင်ရှိပြီး လွတ်လပ်စွာ တရားစီရင်ဖို့ လိုအပ်ပါတယ်။”

ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ တရားဥပဒေစိုးမိုးရေးစင်တာဖွင့်ပွဲမှာ ပြောဆိုလိုက်တာပါ။ သိပ်မကြာခင် အစိုးရသစ်တစ်ရပ် တက်လာတဲ့အခါ တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတဲ့ ဥပဒေပြုရေးအပိုင်းနဲ့ တရားဥပဒေအပေါ် ပြည်သူလူထုရဲ့ သိနားလည်မှု အပိုင်းတွေကို ပြန်လည် ဆန်းစစ်ဖို့ လိုအပ်တယ်လို့ တရားဥပဒေဆိုင်ရာ အသိပညာပေးသင်တန်းတွေ ပို့ချနေတဲ့ ဒေါ်လှလှရီက အခုလို ပြောပါတယ်။

“တရားဥပဒေစိုးမိုးရေးလို့ ပြောတဲ့အခါမှာ ကျမတို့ တရားမျှတတဲ့ ဥပဒေမျိုး မရှိဘဲနဲ့ ဘယ်လိုမှ သွားလို့မရပါဘူး။ ဘယ်လောက်ပဲ ကျမတို့က ဒီဘက်အပိုင်းမှာ လုပ်ပါစေ ဥပဒေကိုယ်၌က မျှတမှုနဲ့ ကင်းကွာနေတယ်ဆိုရင် ဘယ်လိုမှ တားလို့မရပါဘူး။ အဲဒီတော့ ကျမတို့က ဒီ ၅ နှစ်သက်တမ်းအတွင်းမှာ legal reform ကို ဦးစားပေးပြီး လုပ်ရပါလိမ့်မယ်။ ပြဌာန်းထားတဲ့ဥပဒေတွေသည် ဘယ်လောက်အထိ ကျမတို့က တရားမျှတမှုနဲ့ ကင်းကွာနေသလဲ။ နောက်တချက်က ကျမတို့ ညွှန်ကြားချက်တွေသည် တခါတခါ ဥပဒေထက် ကျော်လွန်ပြီးတော့ ညွှန်ကြားတာတွေရှိတယ်။ အဲဒါတွေ ပြန်ပြီးတော့ review လုပ်ရပါလိမ့်မယ်။ ပြီးမှ ကျမတို့က တရားဥပဒေစိုးမိုးရေးကို သွားရမှာဖြစ်ပါတယ်။ နောက်ဆုံးကတော့ legal education ဖြစ်ပါတယ်။ ကျမတို့ပြည်သူတွေက ဘယ်လောက်ထိတောင်မှ legal education နဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ထိ နိုးကြားသိရှိထားပြီးပြီလဲ ဆိုတာကို ကျမတို့က တိုင်းတာရမှာဖြစ်ပါတယ်။”

မြန်မာပြည်သူတွေအနေနဲ့ ဥပဒေဆိုင်ရာ အသိပညာဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအေဂျင်စီ UNDP နဲ့ နိုင်ငံတကာ ဥပဒေရေးရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (International Development Law Organization IDLO) တို့ ပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေးစင်တာတွေ ဖွင့်လှစ်ပြီးတော့ ကူညီလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မယ့် အစိုးရတက်လာတဲ့အခါ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး အားကောင်းလာပြီး မြန်မာပြည်သူတွေအနေနဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေရေးရာကို ပိုပြီး နားလည်နိုင်မှာ ဖြစ်တယ်လို့ IDLO အဖွဲ့ ဒါရိုက်တာ Dr. Faustina Pereira က အခုလို ပြောဆိုလိုက်ပါတယ်။

“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား တက်ရောက်လာတဲ့ နာယကကြီး ဦးတင်ဦးဆီကနေ သူတို့ရဲ့ အစိုးရသစ်အနေနဲ့ အမျိုးသမီး အခွင့်အရေး အပါအဝင် လူ့အခွင့်အရေးတွေကို အခြေခံတဲ့ ချဉ်းကပ်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရတာကြောင့် ဒီရှုထောင့်ကနေကြည့်ရင် မြန်မာနိုင်ငံအတွက် ကောင်းကျိုးတွေ အများရှိလာမှာပါ။ ဒီနေ့ ဖွင့်လှစ်လိုက်တဲ့ တရားဥပဒေစိုးမိုးရေး စင်တာတွေလည်း ပိုမိုအားကောင်းလာပြီး နောက်ပိုင်းမှာ ဒီလို စင်တာတွေ မလိုတော့ဘဲ လူတိုင်းဟာ ဥပဒေရေးရာနဲ့ လူ့အခွင့်အရေးကို နားလည်လာပြီး အိမ်တိုင်းဟာ ဥပဒေစိုးမိုးရေး စင်တာလို ဖြစ်လာပါလိမ့်မယ်။”

ဒီနေ့ ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်တဲ့ တရားဥပဒေစိုးမိုးရေးစင်တာဟာ လေးခုမြောက် စင်တာဖြစ်ပြီး မန္တလေး၊ မြစ်ကြီးနားနဲ့ တောင်ကြီးမြို့တို့မှာလည်း ဒီစင်တာတွေ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး စင်တာတွေကနေ ပြည်သူလူထုတွေအတွက် ဥပဒေရေးရာ ပညာပေးသင်တန်းတွေ ပို့ချသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG