သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတန်းဆန္ဒပြပွဲ လုံခြုံရေးပိုမိုတင်းကျပ်


လက်ပံတန်းမြို့ မှာ ရန်ကုန်ကိုထွက်ခွာခွင့်မရတဲ့နေရာမှာ ထိုင်သပိတ်ဆင်နွဲနေတဲ့ ကျောင်းသားတွေနားက လုံခြုံရေးတင်းကျပ်မှုအခြေအနေ။ (ဓာတ်ပုံ- သီဟဝင်းတင် fb)
လက်ပံတန်းမြို့ မှာ ရန်ကုန်ကိုထွက်ခွာခွင့်မရတဲ့နေရာမှာ ထိုင်သပိတ်ဆင်နွဲနေတဲ့ ကျောင်းသားတွေနားက လုံခြုံရေးတင်းကျပ်မှုအခြေအနေ။ (ဓာတ်ပုံ- သီဟဝင်းတင် fb)

ပညာရေးဥပဒေပြင်ဆင်ရေး ရန်ကုန်မြို့ကိုချီတက်ဖို့ ကြိုးပမ်းနေသူတွေ လက်ပံတန်းမြို့မှာ ဆက်လက်တားဆီးခံနေရပေမယ့် တခြားနယ်မြို့တွေမှာတော့ လှုပ်ရှားမှုကို ထောက်ခံဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်မြို့ကို ခရီးမဆက်နိုင်အောင် ရဲတပ်ဖွဲ့က ဟန့်တားထားတာတွေကို မနက်ဖြန် နောက်ဆုံး ထား ဖယ်ရှားပေးဖို့ ကျောင်းသားတွေဘက်က တောင်းဆိုခဲ့ပြီး နောက်မှာလည်း လက်ပံတန်းမြို့က ပင်မသပိတ်စစ်ကြောင်းမှာ လုံခြုံရေးတွေလည်း ပိုမိုတင်းကျပ် လာနေတယ်လို့ လှုပ်ရှားသူတွေက ပြောပါတယ်။ ကျောင်းသားဆန္ဒပြပွဲတွေ နောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ ကသတင်းပေးပို့ထားပါတယ်။

လက်ပံတန်းမြို့မှာ နေပူအောက်မှာ တပတ်ကျော်ထိုင်နေခဲ့ကြတဲ့ တားဆီးခံထားရတဲ့ ပင်မသပိတ်စစ်ကြောင်းက မနေ့တုန်းက အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အစိုးရအနေနဲ့ မတ်လ (၁၀) ရက်၊ (၁၀) နာရီနောက်ဆုံးထားပြီး လမ်းပိတ်ဆို့တားဆီးထားတာတွေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာပါ။ အဲဒီလိုတောင်းဆိုပြီးတဲ့နောက် ဆန္ဒပြကျောင်းသားတွေကို ပိုပြီးတင်းကြပ်တဲ့ပိတ်ဆို့တားဆီးမှုတွေလုပ်လာခဲ့တဲ့အကြောင်း သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟဝင်းတင်က အခုလို ပြောပါတယ်။

“လူ ၂၅၀ လောက်တိုးလာတယ်။ အနောက်ဘက်မှာရော။ အစတုန်းက အနောက်ဘက်က တော်တော်ကျယ်ကျယ်ကိုဖွင့်ထားတာလေ။ အခုက အနောက်ဘက်ကိုရှေ့ထားပြီးတော့ အနောက်ဘက်ကိုပါ ပိတ်တာ။ မီးသတ်ကားနှစ်စီးရယ်၊ လုံခြုံရေး ၅၀ ရယ်၊ Stand-by စောင့်နေတာ။ ကျနော် ပြောချင်တာကတော့ ပထမတချက်က ကျနော်တို့ကျောင်းသားတွေက အကုန်လုံးက ဒုက္ခတွေခံနေရတယ်။ လမ်းတွေကို ပိတ်ဆို့ထားတယ်။ အများ ပြည်သူတွေလည်းသွားလာခွင့် မရှိဘူးပေါ့နော်။ ဒါကတချက်၊ ပြီးတော့ နောက်တချက်က ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့ကျောင်းသားတွေအနေနဲ့ ဆယ်တန်းစာမေးပွဲတွေ၊ ဘုန်းကြီးတွေစာမေးပွဲတွေအတွက် အထိခိုက် အနစ်နာမရှိအောင်လို့ အမြန်ဆုံး ကျနော်တို့က ဒီဥစ္စာကို ခန ရပ်နားချင်တာ ပေါ့နော်။ ရပ်နားချင်တဲ့ဥစ္စာကို ရပ်နားခွင့်မပေးဘဲနဲ့ အချိန်ကို ပတ်ဆွဲထားတယ်ဆိုတော့ ဆယ်တန်းစာမေးပွဲတွေအတွက်လည်း ထိခိုက်နိုင်တယ်။ ဘုန်းကြီးတွေအတွက်လည်း ထိခိုက်နိုင်တယ်။ ပြောချင်တာကတော့ အစိုးရစေတနာအပေါ်မူတည်တယ်ပေါ့နော်။ အစိုးရအနေနဲ့ ဒါတွေကို ဖြေရှင်း လိုက်ရင် ပြဿနာအားလုံး ပြေလည်သွားမယ့်ကိစ္စကို သက်သက်အချိန်ဆွဲပြီးတော့ အားလုံးကို ဒုက္ခရောက်အောင် လုပ်နေတာလို့ မြင်တယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ တက္ကသိုလ်သုံးခုက ကျောင်းသားတွေကလည်း ချီတက်ဆန္ဒပြခဲ့ပြီး ရှမ်းပြည်နယ်ကို ထွက်ခွာခဲ့ချိန်မှာ အောင်ပန်းမြို့အရောက် တားဆီးမှုရှိခဲ့တဲ့အတွက် ကားနဲ့ထွက်ခွာပြီး မူလရည်မှန်းချက်အတိုင်း လက်ပံတန်းမြို့ပင်မသပိတ်စစ်ကြောင်းကို သွားရောက်ပူးပေါင်းခဲ့တယ်လို့ ကျောင်းသားခေါင်းဆောင် ကိုရဲမင်းကျော်က ပြောပါတယ်။

“လွိုင်ကော်မြို့အထွက်လောက်အရောက်မှာ ကျနော်တို့ကားစီးတယ်။ ကားစီးပြီး အောင်ပန်းမြို့ကိုရောက်မှ ကျနော်တို့ လမ်းလျှောက်ချီတက်ကြတယ်။ ချီတက်ပြီးတော့ မြို့အဝင်လောက်မှာ ကျနော်တို့ကို ရဲတချို့က ပုဒ်မ (၁၈) နဲ့ငြိတယ်ဆိုတဲ့ပုံစံနဲ့ ကျနော်တို့ အဲဒါကို ဖြေရှင်းခဲ့တယ်။ တဆက်တည်းမှာပဲ ကျနော်တို့ကို လိုက်ပြီးတော့ အတားအဆီးလုပ်နေတဲ့ …..အသံချဲ့စက်တွေနဲ့ လိုက်ပြီးတော့ နှောင့်ယှက်နေတဲ့ပုံစံမျိုးနဲ့ အရှေ့ကနေသွားလိုက် အနောက်ကနေသွားလိုက်ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ ကြုံတွေ့ရပါတယ်။ ချီတက်ပြီးတော့ ကျနော်တို့က အောင်ပန်းမှာနားပါတယ်။ အောင်ပန်းမှာ နားပြီးတော့ ကျနော်တို့က အစည်းအဝေးတခုထိုင်တယ်။ ဆုံးဖြတ်ချက်ချကြတယ်။ ချပြီးတော့ ကျနော်တို့က တောင်ကြီးကို ဆက်လက်ပြီး မချီတက်တော့ဘဲနဲ့ ကျနော်တို့က တဆက်တည်းမှာပဲ ပင်မနဲ့သွားပေါင်းတယ်ပေါ့နော်။”

ဧရာဝတီတိုင်း၊ မအူပင်နဲ့ ပုသိမ်မှာ သပိတ်စခန်းဖွင့်ထားတဲ့ ကျောင်းသားတွေက မအူပင်မြို့မှာလာရောက်ပူးပေါင်းခဲ့ပြီး အစိုးရအနေနဲ့ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့နဲ့ လေးပွင့်ဆိုင်ဆွေးနွေးမှုတွေကို လေးစားဖို့လှုပ်ရှားမှုတွေ ဆက်လုပ်နေတယ်လို့ ဧရာဝတီသပိတ်ခေါင်းဆောင် ကိုအောင်ခန့်ဇော်က ပြောပါတယ်။

“ကျနော်တို့က မအူပင်ကိုရွှေ့ပြီးတဲ့အချိန်မှာ ထိုင်သပိတ်လုပ်တာတွေ၊ ဆန္ဒထုတ်ဖော်တာတွေမလုပ်ဘဲနဲ့ လက်ရှိအကြမ်းဖက်မှုအခြေအနေနဲ့ အစိုးရဘက်က အခုနောက်ပိုင်း အရေးယူမှုလုပ်တဲ့ဟာတွေအပေါ်မှာ လေးပွင့်ဆိုင်သဘောတူညီချက်ကို သူတို့ ချိုးဖျက်တယ်ဆိုပြီးတော့ လေးပွင့်ဆိုင် သဘောတူညီချက်ကိုလေးစားပါ ဆိုတဲ့အချက်တွေကို ကျနော်တို့က ပြည်သူတွေကို သိစေချင်တဲ့အတွက် Campaign ပုံစံမျိုးနဲ့ အခု လုပ်နေပါတယ်။”

မကွေးတိုင်းမှာတော့ ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ပခုက္ကူနည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂတွေကလည်း ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ ဆုတောင်းတဲ့ လှုပ်ရှားမှုလုပ်ခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း စတဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးက ကျောင်းသားတွေကလည်း သပိတ်မှောက်ကျောင်းသားတွေအပေါ်မှာ အကြမ်းမဖက်ကြဖို့အတွက် လှုပ်ရှားမှုတွေကို ဒီရက်ပိုင်းတွေအတွင်း ဆက်တိုက် လှုပ်ရှားဆောင်ရွက်နေကြပါတယ်။

XS
SM
MD
LG