သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူအစုလိုက် အပြုံလိုက် မြုှပ်နှံခဲ့ရာနေရာ မလေးရှား နယ်စပ်မှာ တွေ့ရှိ


လူသေအလောင်းများ မြုပ်နှံထားတဲ့ မလေးရှားနယ်စပ်။ (မေ ၂၆၊ ၂၀၁၅)
လူသေအလောင်းများ မြုပ်နှံထားတဲ့ မလေးရှားနယ်စပ်။ (မေ ၂၆၊ ၂၀၁၅)

ထိုင်းနိုင်ငံနဲ့ နယ်စပ်အနီး မလေးရှားနိုင်ငံ တောတွင်းတနေရာက လူသေ အလောင်းတွေကို မြေမြှုပ်ထားရာ နေရာမှာ လူပေါင်း ၁၃၉ ယောက်ကို မြှုပ်နှံခဲ့တဲ့ အထောက်အထားတွေ တွေ့ရတဲ့အကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။ ကျင်းတကျင်းမှာ လူသေအလောင်း တလောင်းထက် ပိုမြှုပ်ထားနိုင်တယ်လို့ အစောပိုင်းမှာ သံသယ ဖြစ်ခဲ့ကြပေမဲ့၊ တယောက်ချင်းစီ မြှုပ်နှံ ထားတာကိုသာ တွေ့ရတဲ့အကြောင်း ဒုဝန်ကြီး Wan Junaidi Tuanku Jaafar က ဒီကနေ့ပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။

လူမှောင်ခိုသူတွေက မြှုပ်နှံခဲ့တယ်လို့ သံသယရှိနေကြတဲ့ အလောင်းတွေကို မူဆလင် ထုံးတမ်းစဉ်လာ အတိုင်း အဝတ်ဖြူတွေနဲ့ပတ်ပြီး မြှုပ်နှံ ထားတာ တွေ့ရတယ် လို့လည်း ပြောပါတယ်။ အလောင်းတွေ မြှုပ်နှံ ထားရာ နေရာတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲ Khalid Abu Bakar တနင်္လာနေ့က ကြေညာခဲ့ချိန်မှာတော့ လူမှောင်ခိုသူတွေရဲ့ စခန်းတွေလို့ ယူဆရတဲ့ နေရာပေါင်း ၂၈ ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ စခန်းတခုမှာ လူ ၂၀ ကနေ ၃၀၀ လောက်အထိ နေခဲ့ကြပုံရတယ်လို့လည်း ပြောဆိုခဲ့တာပါ။

အလားတူ တောတွင်းစခန်းတွေနဲ့ အလောင်းတွေ မြှုပ်နှံရာ နေရာတွေကို ထိုင်းနိုင်ငံဖက်ခြမ်းမှာလည်း ဒီလဆန်းပိုင်းတုန်းက ရှာဖွေတွေ့ရှိခဲ့ကြ ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက ရွှေ့ပြောင်းနေထိုင် သူတွေကို ထိုင်းနိုင်ငံကတဆင့် မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေကို လူမှောင်ခိုသူတွေ တရားမဝင် ပို့ဆောင်ရာက အရှေ့တောင်အာရှ ဒေသမှာ လူမှောင်ခိုမှုပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။

မကြာသေးခင် လတွေမှာ စက်လှေတွေနဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းပြီး ဒေသတွင်းနိုင်ငံတွေကို ဝင်ရောက်ဖို့ ကြိုးပမ်းမှုတွေ အကြီးအကျယ် ရှိခဲ့တဲ့အတွက်လည်း ပြဿနာကို ဖြေရှင်းနိုင်ရေး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံနဲ့ ကုလသမဂ္ဂ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ မနက်ဖြန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG