သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးအတိုက်အခံ အယူခံ ဘုရင်ပယ်ချ


လိင်တူချင်းဆက်ဆံမှုနဲ့ ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ကျခံနေရတဲ့ မလေးရှား အတိုက်အခံခေါင်းဆောင် Anwar Ibrahim က သက်ညှာခွင့်ရဖို့ ဘုရင်ထံအယူခံ လျှောက်ထားချက်ကို ပယ်ချလိုက်တဲ့အကြောင်း ရှေ့နေဖြစ်သူက ပြောပါတယ်။

မလေးရှား အတိုက်အခံခေါင်းဆောင်ရဲ့ အယူခံကို တရားရုံးချုပ်က ပယ်ချခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက မိသားစုက ဘုရင်ထံမှာ အယူခံ တင်ခဲ့တာပါ။ အယူခံပယ်ချခံခဲ့ရတယ်လို့ ရှေ့နေဖြစ်သူက ဒီကနေ့ပဲ ပြောဆိုခဲ့ပေမဲ့ မလေးရှားအစိုးရဘက်ကတော့ တရားဝင် ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။

လိင်တူချင်း ဆက်ဆံခဲ့တယ်လို့ လက်ထောက်ဖြစ်သူတဦးက စွပ်စွဲခဲ့တဲ့ အမှုနဲ့ ပတ်သက်လို့ အပြစ်ရှိကြောင်းဆုံးဖြတ်ပြီး တရားရုံးက ထောင်ဒဏ်စီရင်ခဲ့တာ ဖြစ်ပေမဲ့လည်း နှစ်ပေါင်းများစွာ တိုင်းပြည်အာဏာကို ထိန်းချုပ်ထားတဲ့ အာဏာရပါတီအတွက် အဓိက စိန်ခေါ်မှုတခု ဖြစ်နေတဲ့ အတိုက်အခံခေါင်းဆောင်ကတော့ သူ့အပေါ် နိုင်ငံရေး ရည်ရွယ်ချက်နဲ့ သက်သက်လုပ်တာလို့ ပြောဆိုထား တာပါ။

Anwar ဟာ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲမှာတုန်းကလည်း ၃ ပါတီ ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ပြီး အောင်မြင်မှုတွေ ရခဲ့တဲ့အတွက် ၁၉၅၇ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက မလေးရှားမှာ အာဏာရထားတဲ့ အစိုးရအတွက် ခြိမ်းခြောက်မှုကြီး တခုလည်း ဖြစ်ခဲ့ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အာဏာရပါတီထဲမှာလည်း ထင်ရှားခဲ့တဲ့ Anwar ဟာ ဒုတိယဝန်ကြီးချုပ်အထိ ဖြစ်လာခဲ့ပေမဲ့ အဲဒီအချိန်က ဝန်ကြီးချုပ် Mahathir Mohamad နဲ့ မသင့်မမြတ်ဖြစ်ရာက နောက်ပိုင်းမှာ အတိုက်အခံအဖြစ် ရပ်တည်လာခဲ့တာပါ။

ထောင်ဒဏ်ကျခံနေရတဲ့ အတိုက်အခံခေါင်းဆောင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့တော့ မိသားစုက စိုးရိမ်နေပါတယ်။

XS
SM
MD
LG