သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာလီ အီဘိုလာသေဆုံးမှု ပထမဆုံးဖြစ်ပြီး ကုလ အကူအညီပို့


မီဘိုလာရောဂါရှိသူလို့ သံသယရှိသူတွေ ဆေးစစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေစဉ်။
မီဘိုလာရောဂါရှိသူလို့ သံသယရှိသူတွေ ဆေးစစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေစဉ်။

အနောက်အာဖရိကနိုင်ငံတခုဖြစ်တဲ့ မာလီနိုင်ငံမှာ အီဘိုလာရောဂါနဲ့ ပထမဆုံး သေဆုံးသူရှိပြီဆိုတာကို သိခဲ့ရတဲ့နောက် ကုလသမဂ္ဂက အရေးပေါ် ကယ်ဆယ်ကူညီရေးပစ္စည်း ပေါင်ချိန် ၂,၀၀၀ ကျော် ကို လေကြောင်းနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ အရေးပေါ်ပစ္စည်းတွေထဲမှာ လက်အိတ်တွေ မျက်နှာဖုံးတွေနဲ့ တကိုယ်ရည် ကာကွယ်ရေးဆိုင်ရာပစ္စည်းတွေ ပါဝင်ပါတယ်။

အီဘိုလာရောဂါ နှိမ်နင်းရာမှာ အမြန်ဆုံးလှုပ်ရှားနိုင်ဖို့က အခရာဖြစ်တယ်လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့ အနောက်အာဖရိက ဆိုင်ရာ အကြီးအကဲ Denise Brown ကပြောပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့တွေဟာ အီဘိုလာရောဂါ အန္တရာယ်ကို ရင်ဆိုင်တိုက်ခိုက်ဖို့ စက္ကန့်မခြား လုပ်ဆောင်နေပါတယ်လို့လည်း ပြောပါတယ်။

အသက် ၂ နှစ်အရွယ် ဂီနီက မိန်းခလေးငယ်ဟာ အိမ်နီးချင်း မာလီနိုင်ငံမှာ ဆေးဝါးအကုသခံဖို့အတွက် သွားရင်း သောကြာနေ့က သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီခလေးငယ်ဟာ ဘတ်စကားနဲ့ သွားရောက်ခဲ့တာမို့ မာလီနိုင်ငံက တခြားလူတွေကိုလည်း ဒီရောဂါပိုး ကူးစက်နိုင်ဖွယ်ရာ ရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီယာရာလီယွန်းနိုင်ငံတွေဟာ အီဘိုလာရောဂါ အဓိကဖြစ်ပွားခဲ့တဲ့ နိုင်ငံတွေဖြစ်ပြီး လူပေါင်း ၅,၀၀၀ ကျော်လောက် သေဆုံးခဲ့ ရသလို လူပေါင်း တသောင်းလောက် ဒီရောဂါပိုး အကူးစက်ခံခဲ့ရပါတယ်။

ဒါပေမယ့် မိသားစုဝင်အများအပြားဟာ လူနာတွေကို သူတို့ရဲ့အိမ်မှာပဲကုဖို့ ကြိုးစားကြတာမို့ အခုစာရင်းထဲမှာ ဖော်ပြတဲ့ ရောဂါအကူးစက်ခံရသူ ဦးရေဟာ ဒီ့ထက်ပိုများနိုင်တယ်လို့လည်း WHO က ပြောပါတယ်။

တချိန်တည်းမှာပဲ ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီယာရာလီယွန်းနိုင်ငံတွေကနေ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်လာသူတွေဟာ အန္တရာယ်ရှိနိုင်တာမို့ ၂၁ ရက်ကြာ သီးသန့်ခွဲနေထိုင်ခိုင်းဖို့ Illinois ပြည်နယ်အုပ်ချုပ်ရေးမှုှူး Pat Quinn က အမိန့်ထုတ်ပြန်ထားပါတယ်။ အီဘိုလာရောဂါ ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်မှုတွေကို ကိုယ့်အသိစိတ်နဲ့ကိုယ် ကိုယ်တိုင်လုပ်ဆောင်လာကြဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။ အီဘိုလာရောဂါ ကူးစက်မှုရှိမရှိ သိစေနိုင်တဲ့ ကာလဟာ ၂၁ ရက်မို့ အခုလို သီးခြားခွဲနေစေတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ Barack Obama က အီဘိုလာရောဂါရှိမရှိ သိဖို့ သိပ်ခက်တယ်လို့ အမေရိကန်ပြည်သူတွေကို သတိပေးခဲ့သလို ဒီရောဂါ တိုက်ဖျက်ရေးအတွက် ကြောက်လန့်မနေဘဲ လုပ်ရမယ့်အလုပ်ကို အချက်ကျကျ လုပ်ဆောင်ကြဖို့ သူ့ရဲ့စနေနေ့အပတ်စဉ် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG