သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်ချီးမြေပြိုမှု အနည်းဆုံး ၇ ဦးသေ


မော်ချီးကျေးရွာအုပ်စုမြေပြိုမှုမြင်ကွင်း။ (ဓာတ်ပုံ- MOI)
မော်ချီးကျေးရွာအုပ်စုမြေပြိုမှုမြင်ကွင်း။ (ဓာတ်ပုံ- MOI)

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသ သတ္တုတူးဖော်ရာဒေသမှာ မိုးများပြီး မြေပြိုတာကြောင့် အနည်းဆုံး လူ ၇ ယောက် သေ ဆုံးပြီး ၉ ယောက်လောက်ပျောက်ဆုံးနေပါတယ်။ လောလောဆယ်မှာတော့ ဆက်လက်ပြီးမြေပြိုမယ့်အခြေအနေကြောင့် မော်ချီးဒေသက လူတွေဟာ အနီးအနားကျေးရွာနဲ့ အခြားဒေသတွေကို ပြောင်းရွှေ့နေကြရပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကယားပြည်နယ်အတွင်း ဒီလ ၁၀ ရက်နေ့ မနက်ပိုင်းက စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့်ဖားဆောင်းမြို့နယ်က သတ္တု တူးဖော်ရာ မော်ချီးဒေသ တောင်ပေါ်ရွာမှာ တနင်္ဂနွေနေ့ညနေပိုင်းကစပြီး မြေပြိုကျနေပါတယ်။ ဒီမြေပြိုမှုဖြစ်ပွားတဲ့ အခြေအနေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကရင်နီပြည်လူငယ်များသမဂ္ဂက ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က အခုလို ပြောပါတယ်။

“၁၁ ရက်နေ့ မနေ့ညနေခင်း မနက် ၃ နာရီခွဲလောက်မှာ တောင်ပေါ်ရွာရဲ့တောင်စောင်းကမြေပြိုမှု စတင်တာပါခင်ဗျ။ အဲဒီမြေပြိုတဲ့အရှိန်နဲ့ Weight ကြောင့်မို့လို့ အောက်မှာရှိတဲ့ ခဲတူးထားတဲ့ ဂလိုဏ်ချောင်းတွေရဲ့ မြေကျွံမှုတွေကြောင့်မို့လို့ အိမ်ခြေအလုံး ၂၀ တော့ ဆိုးဆိုးဝါးဝါး ထိခိုက်သွားတယ်။ ကျန်တဲ့ ၂၀ လောက်ကတော့ စောင်းတာ၊ ရွဲ့တာလောက်ဖြစ်သွားပါတယ်ခင်ဗျ။ အပေါ်ရွာရဲ့လေးအိမ်စုတန်းမှာရယ်၊ ဇီးပင်ကွေ့မှာရယ်ကတော့ အဆိုးဝါးဆုံးဖြစ်သွားတဲ့နေရာပါခင်ဗျ။ မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့်မို့လို့ မြေဆင့်ကဲပြိုကျမှုတွေ ဖြစ်နိုင်တာ ဖြစ်တဲ့အတွက် ကျန်တဲ့အိမ်ထောင်စု ၅၀ ကျော်လောက်ကတော့ မနေရဲတော့ဘဲနဲ့ တခါးပိတ်ပြီး ဆင်းပြေးလာကြတယ်ပေါ့။”

မြေပြိုတာကြောင့် သေဆုံးသူဟာ ၁၀ ယောက်ကျော်လောက်ရှိနိုင်ကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“လက်ရှိအချိန်အထိ ကျနော်တို့အလောင်းဖော်ပြီး ဓာတ်ပုံအထောက်အထားနဲ့ ၇ ဦးရှိပြီးတော့မှကို နောက်ထပ် ၂ လောင်းက မဖော်နိုင် သေးဘူး။ မတူးဖော်နိုင်သေးတဲ့နှစ်ဦးအပါအဝင် ၁၁ ဦးပျောက်ဆုံးပေါ့နော်၊ နောက်ထပ် ၁၀ ယောက်ကျော်သွားနိုင်ပါတယ်ခင်ဗျ။ ”

လောလောဆယ် လူ ၆၀၀ လောက်ဟာ မြေပြိုတာကြောင့် တိမ်းရှောင်လာကြပြီး ကယ်ဆယ်ရေးစခန်းတွေမှာ လူ ၃၀၀ ကျော်လောက် ရှိနေနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

“အိမ်တွေထိခိုက်ပြီးလူက ၂၀၀ ကျော်ရှိပြီးတော့မှ မနေရဲတော့တဲ့အတွက်ရွှေ့ပြောင်းမှုကတော့ ၃၀၀ အထက်မှာရှိပါတယ်ခင်ဗျ။ ၆၀၀ ဝန်းကျင်မှာ ရှိသွားပါမယ်ခင်ဗျ။ အဲဒါက လိုခါးလိုဘုရားကျောင်းမှာ ၃၀၀ ကျော်နဲ့ အောက်ရွာ အထကမှာ ၂၀၀ ဝန်းကျင်ရှိနေတယ်ပေါ့လေ။ အဲဒါကတော့ အများဆုံး။ အဲဒီထဲကနေ အခုနီးစပ်ရာဆွေမျိုးတွေဆီရွှေ့မှာ ၃၀၀ လောက်ဆိုတော့ ဒုက္ခသည်အဖြစ်ကတော့ ၂၀၀ ကျော်၊ ၃၀၀ ဝန်းကျင်ကတော့ ကယ်ဆယ်ရေးစခန်းတွေမှာ ဆက်ရှိနေပါလိမ့်မယ်ခင်ဗျ။”

မော်ချီးဒေသခံတယောက်ကတော့ ကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိနေသူ စုစုပေါင်း ၅၀၀ လောက်ရှိပြီး လူမှုရေးအသင်းအဖွဲ့တွေနဲ့ အစိုးရဌာန ဆိုင်ရာတွေက ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“….၂ ထောင်၊ ၁၅၀၀ ပတ်ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ အောက်ရွာ….မှာထားတယ်။ ထားပြီးတော့ လွိုင်ကော်ကိုပို့ပေးတယ်။ မော်ချီးမှာဆက်မနေကြဘူးဆိုပြီး ပြန်ကြတယ်။ ကျနော်တို့ပဲ ကျန်တာပဲလေ။ လိုခါးလိုဘုရားကျောင်းနှစ်ကျောင်းရယ်၊ စာသင်ကျောင်းရယ်၊ အဲဒီမှာပဲထားတယ်။ …အကုန်လုံးဆို ၂၀၀၊ …၅၀၀ လောက်ရှိမယ်ထင်တယ်။ လွိုင်ကော်က မြဝတီလူမှုရေးအသင်းလည်းတက်တယ်။ နောက် ဗျူဟာတို့၊ ဌာနဆိုင်ရာတို့လည်း နေ့လည်လောက်က ရောက်လာပြီ။”

လွိုင်ကော်မြို့ မီးသတ်ဌာနက တာဝန်ကျအရာရှိက သူတို့ဌာနက ကယ်ဆယ်ရေးဆောင်ရွက်ဖို့ တပ်စုတစ်စု စေလွှတ်ထားတယ်လို့ ပြောပါတယ်။

“ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဘော်လခဲ၊ ဖားဆောင်းကတော့ လွှတ်ထားပြီးပါပြီ။ ကျနော်တို့မီးသတ်ကတော့ ရှာဖွေကယ်ဆယ်ရေး ၃၅ ဦး တပ်စုတစ်စုစာ လွှတ်ထားပါတယ်။”

ကယ်ဆယ်ရေးဆောင်ရွက်ရာမှာတော့ မြေပြိုမှုတွေဆက်လက်ဖြစ်ပွားမှာကို စိုးရိမ်လို့ စိတ်ချရတဲ့နေရာတွေကို အဓိက ဆောင်ရွက်နေရတယ် လို့လည်း ကရင်နီပြည် လူငယ်များ သမဂ္ဂက ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က ပြောဆိုခဲ့ပါတယ်။ ကယားပြည်နယ် မော်ချီးဒေသမှာ အင်္ဂလိပ်ကိုလိုနီလက်ထက်ကတည်းက သတ္တုတူးဖော်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး အရင်က အခုလို မြေပြိုတာမျိုး မရှိခဲ့ဘူး ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်လတွေအတွင်းကလည်း မိုးသည်းထန်ခဲ့တာကြောင့် ချင်းပြည်နယ်နေအရာအနှံ့မှာ မြေပြိုတာတွေဖြစ်ပွားခဲ့တာကြောင့် လမ်း တံတားတွေကျိုးပျက်ခဲ့သလို ဟားခါးမြို့မှာတော့ ရပ်ကွက် ၃ ခုလောက် ဆိုးဆိုးဝါးဝါးထိခိုက်ခဲ့တာကြောင့် နေရာသစ်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြရပါတယ်။

XS
SM
MD
LG