သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်လမြိုင်ထောင် ကျိုက်မရောကိုပြောင်းဖို့ စီစဉ်


အင်္ဂလိပ်ကိုလိုနီလက်ထက်ကတည်းက ဆောက်လုပ်ထားတဲ့ သက်တမ်းရင့် မွန်ပြည်နယ်က မော်လမြိုင် အကျဉ်းထောင်ကို ပြောင်းရွှေ့တော့မှာဖြစ်ပါ တယ်။ ဒီလိုအကျဉ်းထောင်ပြောင်းတဲ့စီမံကိန်းဟာ ယခင်စစ်အစိုးရစီမံကိန်းဟောင်းတခုဖြစ်ပြီး အခုကျိုက်မရောမြို့နယ်ဘက်မှာ ဆောက်လုပ်နေတဲ့ အကျဉ်းထောင်အသစ်ကို ၂၀၁၆ ခုနှစ်မှာ ပြောင်းရွှေ့မယ်လို့သိရပါတယ်။ မော်လမြိုင်အကျဉ်းထောင်ဟောင်းမြေနေရာမှာတော့ မြို့ပြစီမံကိန်း လုပ်ဆောင သွားဖွယ်ရှိတယ်လို့ မွန်ပြည်နယ် ဝန်ကြီးတွေကပြောပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

နှစ်ပေါင်း ၁၀၀ ကျော်ကြာ သက်တမ်းရှိခဲ့ပြီးဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင်အကျဉ်းထောင်နေရာအစား ကျိုက်မရောမြို့နယ် ရေတွင်းကုန်းကျေးရွာ အနီးကို ပြောင်းရွှေ့သွားမှာဖြစ်ပါတယ်။ အခုလို ထောင်ပြောင်းရွှေ့တဲ့ကိစ္စရပ်ဟာ မွန်ပြည်နယ်အစိုးရရဲ့လုပ်ဆောင်ချက်မဟုတ်ဘဲ ယခင်စစ်အစိုးရ လက်ထက်ကတည်းက ချမှတ်ထားတဲ့စီမံကိန်း ဖြစ်သလို ပြည်ထောင်စုအစိုးရရဲ့ဘတ်ဂျက်နဲ့လုပ်ဆောင်နေတာဖြစ်တယ်လို့ မွန်ပြည်နယ် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောပါတယ်။

“ဟိုး စစ်အစိုးရလက်ထက်ကတည်းက လုပ်ခဲ့တာ၊ ပြောင်းမယ်ဆိုပြီး လုပ်တာ၊ ဘာကြောင့်ပြောင်းမယ်ဆိုတာတော့ မသိဘူး။ ဒီလောက်အကြီးကြီးဟာ ပြည်ထောင်စု ဘတ်ဂျက်ပဲဖြစ်မှာပေါ့-ပရောဂျက်အကြီးကြီးဟာ၊ ပြောင်းမယ်ဆိုတာတော့သိတယ်၊ လုပ်နေပြီဆိုတာတော့သိတယ်။ ဒါ ပြည်ထောင်စု ဘတ်ဂျက်ပါ။ ကျနော်တို့တောင် မသိဘူး။”

အကျဉ်းထောင်ဆောက်လုပ်ရေးအတွက် ပြည်ထောင်စုအစိုးရကချပေးတဲ့ငွေကြေးပမာဏကိုတော့မသိရှိဘူးလို့လည်း ဒေါက်တာ မင်းနွယ်စိုးက ပြောပါတယ်။ လက်ရှိဆောက်လုပ်နေတဲ့ ကျိုက်မရောအကျဉ်းထောင်ကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှာ အပြီးသတ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မော်လမြိုင်အကျဉ်းထောင်ရဲ့မူလမြေနေရာဟာ ပြည်ထဲရေးဝန်ကြီးဌာနကနေ ပိုင်ဆိုင်တဲ့အတွက် ရှေ့ဆက်ဘာလုပ်သွားမယ်ဆိုတာမျိုး တိတိကျကျ မသိသေးပေမဲ့ မြို့ပြစီမံကိန်းလုပ်ဆောင်သွားဖွယ်ရှိတယ်လို့ မွန်ပြည်နယ်စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက အခုလိုပြောပါတယ်။

“မြေကြီးက အကျဉ်းဦးစီးရဲ့မြေပေါ့။ ပြည်ထဲရေးရဲ့မြေပေါ့။ ဒီမြေကို ပြည်ထဲရေးက ဘာလုပ်မှာလဲ၊ နိုင်ငံတော်ကိုပြန်အပ်မှာလား။ ဘာမှန်း ကျနော်တို့က တိတိကျကျ မသိသေးဘူး။ မြေယာကို ဘယ်သူ စီမံခန့်ခွဲပိုင်ခွင့်ရှိသွားမလဲဆိုတဲ့ဟာလည်း ရှိတယ်။ ကျနော်ထင်တာ … မြို့ပြစီမံကိန်းကြီး တခုခုတော့ လုပ်မှာပေါ့။”

မော်လမြိုင်အကျဉ်းထောင်ပြောင်းရွှေ့မှုမှာ ဒေသခံတွေအတွက် တစုံတရာထိခိုက်နစ်နာတာမျိုးမရှိပေမဲ့ ထောင်ရဲ့မြေနေရာကို ပုဂ္ဂလိက အဖွဲ့အစည်း တွေကို ရောင်းချလိုက်မှာကိုတော့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒါပေမဲ့ မွန်ပြည်နယ်နယ်စပ်ကာကွယ်ရေးနဲ့လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဌေးမြင့်အောင်ကတော့ မော်လမြိုင်အကျဉ်းထောင် မြေနေရာဟာ ပြည်ထဲရေး ဌာနကနေ ပိုင်ဆိုင်တဲ့အတွက် ဌာနနဲ့ညှိနှိုင်းပြီး မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းလုပ်ဆောင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ မွန်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

မော်လမြိုင်ထောင်ပြောင်းရွှေ့သွားတဲ့နေရာမှာ မွန်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ သုတေသနဌာနတွေ ဖေါ်ဆောင်သင့်တယ်လို့ ဒေသခံ ကိုမင်းမင်းက သူ့အမြင်ကို အခုလိုပြောပါတယ်။

“ကျနော်တို့ ပြည်သူတွေရဲ့အမြင်ကတော့ပေါ့- ဒီနေရာက မွန်ပြည်နယ်ရဲ့ရှေ့အလားအလာ အကျိုးတရားအတွက် ပြည်သူ့အကျိုးပြုတဲ့လုပ်ငန်းတွေကို လုပ်ဖို့တော့ လိုမယ်။ အဲဒီ ပြည်သူ့အကျိုးပြုလုပ်ငန်းဆိုတာက ဘာလဲဆိုတော့ ကျနော်က သုတေသနဌာနကြီးပုံစံမျိုးပေါ့။ သုတေသနတွေလုပ်မယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ သုတေသနတွေပေါ့နော်-ကျနော်တို့ နယ်မြေဒေသနဲ့ကိုက်ညီတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ကိုက်ညီတဲ့ သုတေသနတွေနဲ့ ဒီမွန်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့တော့ ပိုအကျိုးရှိမယ်လို့ထင်တယ်။”

လက်ရှိမော်လမြိုင်အကျဉ်းထောင်မှာတော့ ထောင်ကျအကျဉ်းသား (၁၇၂) ယောာက်၊ အမှုရင်ဆိုင်နေဆဲက (၃၀၀)နီးပါး ရှိနေပြီး တည်ဆောက်ဆဲ ကျိုက်မရော အကျဉ်းထောင်ဟာ အကျဉ်းသားဦးရေ ဘယ်လောက်ဆန့်မယ်ဆိုတာ မသိရှိရသေးကြောင်း AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (မြန်မာနိုင်ငံ) အဖွဲ့ခေါင်းဆောင် ကိုဘိုကြည်က ပြောပါတယ်။

မော်လမြိုင်အကျဉ်းထောင်ဟာ ၁၉၀၉ ခုနှစ် အင်္ဂလိပ် ကိုလိုနီလက်ထက်ကတည်းကဆောက်လုပ်ထားတဲ့ သက်တမ်းရင့် အကျဉ်းထောင်တခုဖြစ်ပြီး အခု ပြောင်းလဲဆောက်လုပ်နေတဲ့ ကျိုက်မရောမြို့နယ် ရေတွင်းကုန်းအနီးအကျဉ်းထောင်သစ်ဟာ ကွင်းအမှတ် ၅၈၆-၅၉၀ ရှိ မြေဧက ၂၅၆ ဧကပေါ်မှာ တည်ဆောက်လျှက်ရှိနေပါတယ်။

XS
SM
MD
LG