သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံ ကျင်းပ


စတုတ္ထအကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ ရန်ကုန်။ သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန။
စတုတ္ထအကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ ရန်ကုန်။ သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန။

လက်ရှိအစိုးရ လက်ထက် ပြီးခဲ့တဲ့နှစ်ပိုင်းတွေ အတွင်း မီဒီယာလောက ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ခဲ့သလို၊ နောက်တက်လာမယ့် အစိုးရ လက်ထက် မှာလည်း မီဒီယာပြုပြင်ပြောင်းလဲမှုတွေ ပိုမို လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တဲ့ အကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့် တောင်းဆိုနေကြသူတွေကတော့ - သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မီဒီယာ လွတ်လပ်ခွင့် အရင်ထက် ပိုရှိလာတယ်ဆိုပေမဲ့ ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီတဲ့ မီဒီယာ လွတ်လပ်ခွင့်မျိုးတော့ မရခဲ့ဘူးလို့ ဝေဖန်ကြသလို မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ဖို့ ရှေ့ဆက် အများကြီး ဆောင်ရွက်ရဦးမယ် လို့ ထောက်ပြကြပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြော ပါတယ်။

ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်
ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်

ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့ သတင်းမီဒီယာ ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်နေဆဲ စီမံကိန်းတွေနဲ့ သဘောတူညီချက်တွေကို နောင်လာမယ့် အစိုးရကို လွှဲပြောင်းပေးအပ်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေး စတုတ္ထအကြိမ် မီဒီယာ ညီလာခံမှာ ဦးရဲထွဋ်က သတင်းထောက်တွေကို ပြောသွားပါတယ်။

“တခုကတော့ ကျနော်တို့က ၂၀၁၂ ခုနှစ်ကနေ စပြီးတော့ ၂၀၁၃ ခုနှစ်အထိ နိုင်ငံတကာ အဖွဲ့တွေ နဲ့ ပူးပေါင်းပြီး မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်ခဲ့တယ်ပေါ့။ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းဆိုတာက တစ်ကတော့ ပုဂ္ဂလိက မီဒီယာတွေနဲ့ နိုင်ငံပိုင်မီဒီယာတွေမှာ စာနယ်ဇင်းဆိုင်ရာ အတတ်ပညာတွေ ပြည့်ဝဖို့အတွက် လုပ်ဖို့ရှိတယ်။ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေ ရှိတယ်။ နောက်တခုကတော့ တိုင်းရင်းသားမီဒီယာတွေပေါ့။ တိုင်းရင်းသား မီဒီယာတွေ ဖွံ့ဖြိုးဖို့အတွက် လုပ်ခဲ့တာတွေရှိတယ်။ အဲ့တာတွေ အားလုံးက ကျနော်တို့ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ လုပ်ခဲ့တာ အားလုံးကို ကျနော်တို့ပြန် သုံးသပ်မယ်။ ပြန်သုံးသပ်ပြီးရင် နောက်လာမယ့်အစိုးရက လာမယ့် နှစ်အတွင်းမှာ ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတဲ့ ဆွေးနွေးချက်တွေ ထွက်လာမှာပါ။ ထွက်လာတဲ့ဟာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေကလဲ နောက်တက်လာမယ့် အစိုးရကို ပေးမှာပေါ့။ ကျနော်တို့ကလည်း ပြန်ကြားရေးဝန်ကြီးအသစ်ကို တာဝန်လွှဲတဲ့အခါမှာ ဒီဟာတွေကတော့ ဆက်လုပ်ဖို့ရှိတယ်ဆိုတဲ့ဟာကို လွှဲခဲ့မှာပေါ့။ ”

ဒီကနေ့ မီဒီယာ ညီလာခံကိုတော့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပြည်တွင်း သတင်းမီဒီယာ အဖွဲ့ တချို့ ပူးပေါင်းကျင်းပတာပါ။ အစိုးရသစ်ဖြစ်လာမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ပါတီ ကိုလည်း ဒီညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

မုံရွာအောင်ရှင် NLD
မုံရွာအောင်ရှင် NLD

မြန်မာ့ မီဒီယာလောက နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ အများကြီး ကြိုးပမ်းရဦးမယ် လို့ NLD ပါတီကိုယ်စား တက်ရောက်လာတဲ့ မုံရွာအောင်ရှင်က ပြောသွားပါတယ်။

"မြန်မာ့မီဒီယာရဲ့အခန်းကဏ္ဍဟာ သတင်းဖြန့်ချီရေး နည်းပညာနဲ့ပတ်သက်လို့ အခြေအမြစ်ကျကျ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို ရင်ဘောင်တန်းနိုင်အောင် လုံးပမ်းကြရဦးမှာဖြစ်ပါတယ်။ ပိုမိုပီပြင်တဲ့ သတင်းလွတ်လပ်ခွင့် Rights to Information ဥပဒေ နဲ့ နည်းဥပဒေ ကို အတူ လက်တွဲပြီးတော့ အမျှော်အမြင်ရှိရှိနဲ့ ပူးပေါင်းပြီးတော့ အကောင်အထည်ဖော်ကြရဦးမှာဖြစ်ပါတယ်။ မီဒီယာ အကယ်ဒမီတွေ၊ ပူလစ်ဇာ ဆုတွေ ကြီးမြတ်ဂုဏ်သိက္ခာရှိတဲ့ အမျိုးသား မီဒီယာဆုတွေကို ပေါ်ထွက်အောင် ကြိုးစားကြရဦးမှာဖြစ်ပါတယ်။ "

ဦးသိန်းစိန် အစိုးရလက်ထက်မှာ မီဒီယာလွတ်လပ်ခွင့် အရင်ထက်ပိုရှိလာပေမဲ့ ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီတဲ့ မီဒီယာ လွတ်လပ်ခွင့်မျိုးတော့ မရခဲ့ဘူးလို့ စာနယ်ဇင်းကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေးကလည်း ပြောသွားပါတယ်။

" ဒီမိုကရက်တစ်စနစ်နဲ့ ကိုက်ညီတဲ့ စံတခုနဲ့ ချိန်ထိုးနိုင်အောင် မစွမ်းဆောင်နိုင်ခဲ့တာကိုတော့ ဝန်ခံပါတယ်။"

အရင်စစ်အစိုးရ လက်ထက်နဲ့ နှိုင်းယှဉ်ရင် သမ္မတဦးသိန်းစိန် လက်ထက် ပြုပြင်ပြောင်းလဲ မှုတွေ ရှိလာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်း လွတ်လပ်ခွင့်တွေ ပိုမို ရရှိလာတယ်ဆိုပေမဲ့ အကန့်အသတ်တွေကတော့ အများကြီး ရှိနေတုန်းပဲလို့ သတင်းစာနယ်ဇင်းသမားတွေနဲ့ စာရေးဆရာတွေ က ထောက်ပြ ဝေဖန်နေကြတာပါ။

ဝန်ကြီးဦးရဲထွဋ်ကတော့ - လာမယ့် အစိုးရသစ်လက်ထက်မှာ မီဒီယာလွတ်လွပ်ခွင့် ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပိုမို အရှိန်အဟုန်ကောင်း လာဖို့ မျှော်လင့်တယ် လို့ ပြောသွားပါတယ်။

" ပြီးခဲ့တဲ့ အစိုးရသက်တမ်းကာလအတွင်းမှာပေါ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်။ သို့သော် ကျနော်တို့မှာလည်း ကျနော်တို့ရဲ့ လိုအပ်ချက်တွေကြောင့် မီဒီယာဆက်ဆံရေးတွေမှာ အခက်အခဲတွေရှိခဲ့တာ ရှိပါတယ်။ တချို့ဟာတွေကျတော့ ကျနော်တို့ကို အပြည့်အဝ မယုံကြည်သေးလို့ နိုင်ငံတကာက အကူအညီတွေ ပေးခဲ့တာတွေ နည်းခဲ့တာတွေရှိပါတယ်။ ဘာပဲပြောပြော အခု လွတ်လပ်ပြီး တရားမျတတဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရ လက်ထက်မှာ ကျနော်ထင်တယ်လေ။ မီဒီယာပြုပြင်ပြောင်းလဲမှုက ပိုပြီးတော့မှ ပွင့်လင်းမြင်သာလာမယ်။ ပိုပြီးတော့မှ အခြေအနေကောင်း လာမယ်။ နိုင်ငံတကာနဲ့လည်း ပိုပြီးတော့မှ ပူးပေါင်းဆောင်ရွက်လာမယ့် ထင်ပါတယ်။"

ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာခဲ့ပြီးနောက်ပိုင်း ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ရလာခဲ့တာ၊ လွတ်လပ်စွာရေးသားခွင့် အထိုက်အလျောက် ရလာတာ၊ ရွေးကောက်ပွဲမှာ လွတ်လပ်စွာသတင်းယူခွင့် ရခဲ့တာတွေရှိခဲ့ပေမဲ့ မီဒီယာလွတ်လပ်ခွင့်ရရေး ကြိုးပမ်းမှုတွေကြောင့် အကျဉ်းကျခံနေရသူ၊ တရားရင်ဆိုင်နေရတဲ့သူတွေရှိနေသေးတာတွေကို ဖြေရှင်းဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ UNESCO ကလည်း ဒီကနေ့ မီဒီယာ ညီလာခံမှာ ထောက်ပြပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်အတွင်း မြန်မာနိုင်ငံမှာ သတင်းသမားတွေ ဖမ်းဆီး ထိန်းသိမ်းခံရပြီး ထောင်ချခံရတဲ့ဖြစ်ရပ်တွေ ရှိခဲ့သလို၊ မကြာသေးခင်လပိုင်းတွေ တွင်းမှာကိုပဲ တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကို facebook အင်တာနက်လူမှုကွန်ရက်ပေါ်ကနေ သရော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ တချို့လည်း ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ပြီးခဲ့တဲ့ ၂၀၁၄ အတွင်း သိသိသာသာ ကျဆင်းသွားတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Freedom House အဖွဲ့ကလည်း ဧပြီလကထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ်သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG