သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေထဲပင်လယ်ထဲ ပျောက်နေသူရာချီ အီတလီရှာဖွေ


အီတလီကမ်းရိုးတန်းစောင့်သင်္ဘောနဲ့ ရဟတ်ယာဉ်တို့ နစ်မြုပ်စက်လှေပေါ်က ပျောက်ဆုံးနေသူတွေကို ရှာဖွေနေစဉ်။ (ဧပြီ ၁၉၊ ၂၀၁၅)
အီတလီကမ်းရိုးတန်းစောင့်သင်္ဘောနဲ့ ရဟတ်ယာဉ်တို့ နစ်မြုပ်စက်လှေပေါ်က ပျောက်ဆုံးနေသူတွေကို ရှာဖွေနေစဉ်။ (ဧပြီ ၁၉၊ ၂၀၁၅)

ရွှေ့ပြောင်းဝင်ရောက်သူ ရာပေါင်းများစွာ အပြည့်အသိပ်ပါလာတဲ့ စက်လှေတစီး မြေထဲပင်လယ်ထဲမှာ နစ်မြုပ်သွားပြီးတဲ့နောက် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဆိုင်ရာ ကြီးမားတဲ့လုပ်ငန်းတခုကို အီတလီနိုင်ငံက တနင်္ဂနွေနေ့မှာ စတင်လုပ်ဆောင်နေပါတယ်။ အဲဒီ သင်္ဘောဟာ လစ်ဗျားကမ်းလွန်မှာ စနေညဘက်က တိမ်းမှောက်သွားတာဖြစ်ပြီး လူ ၇၀၀ လောက်ထိ သေဆုံးမယ်လို့ ခန့်မှန်း ထားပါတယ်။

တနင်္ဂနွေနေ့ညဘက်မှာ လူ ၂၈ ယောက်ကို အီတလီနိုင်ငံ၊ လမ်ပီဒူဆာ (Lampedusa) ကျွန်းတောင်ဘက် မိုင် ၁၂၀ ကျော်အကွာ မှာ ကယ်တင်ခဲ့ပြီး နောက်ထပ် အလောင်း ၂၄ လောင်းကို ရခဲ့ပါတယ်။ ပျောက်ဆုံးနေသူအများစုဟာ ပင်လယ်ကြမ်းပြင်မှာ ရောက်နေတဲ့ အရှည် ၆၅ ပေကျော် စက်လှေထဲမှာ ပိတ်မိနေတဲ့ပုံရှိတယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေကပြောပါတယ်။

အခု သေဆုံးတဲ့လူအရေအတွက်ကိုသာ အတည်ပြုနိုင်မယ်ဆိုရင် ၂၀၁၅ ခုနှစ်အတွင်း အခုချိန်ထိ မြေထဲပင်လယ်မှာ သေဆုံးသူ အရေအတွက် ၁၅၀၀ ကျော်သွားမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် အခုလိုအချိန်ထိမှာက သေဆုံးသူ ၉၀ လောက်ပဲရှိခဲ့တာပါ။

မြေထဲပင်လယ်မှာ လူမှောင်ခိုကူးတဲ့ဖြစ်ရပ်ဟာ လာမယ့်လတွေအတွင်း ပိုဆိုးလာမယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။ ရာသီဥတုကောင်းလာသလို ဥရောပရဲ့ တည်ငြိမ်မှုနဲ့ ကြွယ်ဝချမ်းသာမှုတို့ကြောင့် အာဖရိကနဲ့တခြားဒေသတွေက ဒုက္ခသည်တွေဟာ ဥရောပဒေသဆီ ရွှေ့ပြောင်း နေထိုင်ချင်နေကြတာပါ။

XS
SM
MD
LG